ဘုရားဟောက လွဲရင် အကုန်လုပ်တဲ့ ရွှေမြန်မာတွေနဲ့ သာသနာ့ အနာဂတ်
ဘုရားဟောက လွဲရင် အကုန်လုပ်တဲ့ ရွှေမြန်မာတွေနဲ့ သာသနာ့ အနာဂတ်…
မြန်မာပြည်က ဗုဒ္ဓဘာသာအများစုက ဘုရားပြောတာကလွဲရင် အကုန်စိတ်ဝင်စားတယ်။ ဘုရားပြောတာတော့ သွားမမေးနဲ့ သိကိုမသိဘူး စိတ်လဲမဝင်စားဘူး။ ကိုယ်လုပ်ချင်တာလုပ်တယ်။ ဘာသာရေးခေါင်းစဉ်တပ်တယ်။ ဆင်ခြင်ဉာဏ်နဲ့တော့ သွားတည့်မပေးနဲ့ “ခင်ဗျားဗုဒ္ဓဘာသာမဟုတ်ဘူးလား” နဲ့ တိုးသွားမယ်။
ဘုံကထိန်လုပ်တယ် ကားတွေ ဆောင်းဘောက်တွေ စပီကာတွေ အရက်သောက်တာတွေ မူးပြီး က တာတွေပဲ ဦးစားပေးတယ်။ ဘုန်းကြီးကျောင်း ဘာလိုလဲ ဘာပြင်ပေးရမလဲ စိတ်မဝင်စားဘူး။ ဘုန်းကြီးအိုတွေကို ဆေးစစ်ပေးဖို့ ဆေးကုပေးဖို့ စိတ်မဝင်စားဘူး။ သွားစမ်း ဓာတ်ဘူး သွားစမ်း ပြက္ခဒိန် သွားစမ်း မျက်နှာသုတ်ပုဝါ ရေခွက် တံမြက်စည်း ဆွမ်းဟင်းခွက် လိုလို မလိုလို ဒါပဲရမယ်။ ယူနီဖောင်းဝတ်စုံကကျ ၂ သောင်းတဲ့။ ကားရယ် ဆောင်းဘောက်ရယ် တစ်နေ့ခင်းငှားတာ ၂ သိန်းခွဲတဲ့။ ဒါတောင် တွဲကားကြီးနဲ့ ဆောင်းဘောက်တွေအပြည့်ကို မငှားနိုင်လို့ စိတ်မကောင်းဖြစ်နေသေးတာ။
အဲ့ဒါတွေ အသံကုန်ဖွင့်လို့ မကျန်းမာသူတွေ အဖိုးအဖွားအိုတွေ လသား ကလေးငယ်တွေ နေမကောင်းသူတွေ အိပ်မရမှာ ကျန်းမာရေးထိခိုက်မှာ ဘာမှလာမပြောနဲ့ ‘ဒါဘာသာရေးလုပ်နေတာ မနေနိုင်ရင် တခြားအရပ်သွားနေ အေး ကျန်းမာရေးထိခိုက်လို့ သေသွားလဲ ပြော မသာမှာဖွင့်ဖို့ လော်စပီကာ ထမ်းပြီး လာခဲ့မယ်’။ သူတို့လုပ်ချင်တာလုပ်ဖို့ထက် ပိုလို့ ဘာမှ အရေးမကြီးတော့ဘူး။ ဒီလိုလူတွေက ဗုဒ္ဓဘာသာဆိုပြီးပြောတော့ ဗုဒ္ဓအမည်လေးပါတာတောင် ကျွန်တော်ရှက်နေပြီ။ ခုနတင်အိမ်နားက အရက်ပုလင်းဆိုင်မယ် လာနှိုးပြီး အရက်ဝယ်နေကြရဲ့။ ဘာလုပ်တာလဲဆိုတော့ မနေ့ညနေကတည်းက ကထိန်အောင်ပွဲခံနေကြတာ။
အဲ ဘာသာရေးလုပ်လှပါပြီဆိုတဲ့ လူတွေကျပြန်လဲ တလွဲ လော်စပီကာ ၄ လုံး ၅ လုံးနဲ့ အသံမစဲ ၅ ရက် ၇ ရက် သမ တယ်။ အသံကျယ်ကြီးတွေ ဆက်တိုက်မို့ ခင်များအိပ်မရဘူးလား နေမရဘူးလား “ခင်များဗုဒ္ဓဘာသာ မဟုတ်ဘူးလား ဘာသာရေး လုပ်နေတာနော် ဘာမှတ်နေလဲ အဟင်းဟင်း”။ လုံးလုံးကို ဆင်ခြင်ဉာဏ်မရှိတော့ဘူး။ အကျယ်ကြီးဆော်တော့ အဝေးကကြားရတဲ့သူ ကုသိုလ်ရတာပေါ့တဲ့။ “အဲ့ဒါ ဘာအဓိပ္ပာယ်မှန်း နားလည်လို့ ကုသိုလ်ရတာလား” ဆိုတော့ မသိဘူး။ ဘာမှန်းမသိတာကို ကြားလို့ ကုသိုလ်ရတယ်လို့ ဘုရားက ဟောထားလေသလား။ တရားသံဆိုပြီး ကြည်ညိုရင် ကုသိုလ် ရတာပေါ့တဲ့။ နည်းနည်းတော့ရမှာပေါ့။ ဘာမှန်းလဲ နားမလည် အသံတောင် မထွက်တတ် မဖတ်တတ်တဲ့ဟာ သူများလော်နဲ့ အော်လို့ ကြားရ ကုသိုလ်ရတယ်ဆိုတော့ကား ကုသိုလ်နည်းနည်းရမှာပါ။
သို့သော် သူတို့ကုသိုလ်ဖို့အရေး ကျန်တဲ့သူတွေက ညတိုင်းအိပ်ရေးပျက်ခံ နေရတာပါလားဆိုပြီး မတွေးပေးဘူး။ ဇွတ်သွင်းထားတဲ့ အသိဉာဏ်တွေနဲ့ ဘာသာရေး ဘာသာရေးဆိုပြီး အတင်းကာကွယ်နေရော။ အဲ့တော့ ဘာသာမရေးနဲ့မဟုတ် ဘာသာရေးပါ သူများအိပ်လို့ရ နေလို့ရအောင် အများကို လေးစားပြီးရေးပေါ့။ ဘုရားဟောတဲ့အထဲ လော်စပီကာဆိုတာ အသံချဲ့စက်ဆိုတာပါလားပဲ ရှာကြည့်ပါဦး။ ကျွန်တော်ထင်တယ် အသံမစဲ ၅ ရက် ၇ ရက်ကို မြတ်စွာဘုရား သတင်းသုံးတဲ့ ဇေတဝန်ကျောင်းတော်နား လော်စပီကာနဲ့ သွားရွတ်ရင် ဘုရားဟာ “တုစ္ဆ” အကျိုးမရှိ ဆိုပြီး ကဲ့ရဲ့မှာအသေအချာပဲ။ တစ်ရက်ကနေ နှစ်ရက်ဆက်တိုက်ဆို ဇေတဝန်ကျောင်းက ကိုယ်တော် တွေတောင် ခဲနဲ့ ထ ထုမလားပဲ။
မြန်မာပြည်က ဗုဒ္ဓဘာသာတွေဟာ အလှူအတန်းမှာ အင်မတန်ရက်ရောသတဲ့။ ဘာကိုကြည့်ပြီး တိုင်းတာသလဲမသိ။ လမ်းဆုံလမ်းခွတိုင်းမှာတော့ အလှူခံတွေချည့်ပဲ။ ပွင့်လင်းရာသီ ခရီးရှည် ထွက်ကြည့် လမ်းတလျှောက်ကို အလှူခံတွေချည့်ပဲ။ အိမ်မှာထိုင်နေမလား ကားနဲ့လာမယ်။ တွန်းလှည်းနဲ့ လာမယ်။ ဆိုက္ကားပေါ် စပီကာတင်ပြီး လာမယ်။ အလှူခံတွေ ဂျလောက် ဂျလောက်နဲ့ အိမ်ဝ လာလာရပ်ရော။ သာသနာ့နွယ်ဝင် ဆရာလေးတွေမှာ ဆွမ်းခံလဲစားလို့မရ ဘုန်းကြီးကိုရင်လိုလဲ ဆွမ်းစား ဘာညာမကြွရ။ ဟော သွားမလှူကြဘူးဗျာ အဖိတ်နေ့ဆို တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ပြီး ဆန်ခံနေရတယ်။
တစ်ချို့ဆရာလေးတွေဟာ စာလိုက်နေကြရတာ သို့သော် ခါနာနိမ်းမှာစိုးတော့ စာကျက်ဖျက်ပြီး ဒါနဆန်များရှင်လိုက်ရတယ်။ ဘယ်သူမှ တကူးတကသွားပြီး မလှူဘူး။ ရော့ဆန်တစ်ဇွန်း ဒါမှမဟုတ် ငါးဆယ်တန်တစ်ရွက် ဒါမှမဟုတ် ကန်တော့ဆန်ပါပဲ လစ်လိုက်တော့။ ဆရာလေးတွေမို့ထားတော့ အိမ်ကနေ ငါးမိနစ်မဝေးတဲ့ ဘုန်းကြီးကျောင်းလဲ အကြောင်းမရှိရင် ဘယ်သူမှ မသွားဘူး။ ဘုန်းကြီးတွေဘာလိုလဲ ကျောင်းမှာ ဘာလှူရမလဲ စိတ်မဝင်စားဘူး။ သူ့ဟာသူလိုချင်တာလို ကထိန်ကျရင် သဘက်ဖြစ်ဖြစ် ရေခွက်ဖြစ်ဖြစ် ဆပ်ပြာဖြစ်ဖြစ် စိတ်ကူးတည့်တာလှူမှာပဲ။ ဘုန်းကြီးတွေ ရေခနခနချိုးရင် သာသနာတော် သန့်ရှင်းတယ်များ ထင်နေလားမသိဘူး။
ဆိုလိုတာက အသေးအဖွဲကအစ အလှူခံရတယ်ဗျ။ ကိုယ့်ဘာသာ သွားလှူတာနည်းတယ်။ လှူရင်လဲ “အငြိမ်းစား xxxxxx ချုပ် xxxxxx ကိုရည်စူးပြီး သားကြီး xxxxxချုပ် သမီး ဒေါက်တာxxxxx သားငယ် xxxxxကြီး” ကမ္ဗည်းတပ်လို့ရတာရွေးပြီး ကြွားလှူလေး လှူတာများတာပဲ။ ဓမ္မာရုံမီးသီး ကျွမ်းတာကအစ ဘုန်းကြီးနာရီဓာတ်ခဲကုန်တာအဆုံး လိုက်အလှူခံနေရမှတော့ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဟာ အလှူအတန်းရက်ရောတယ်ပြောတာ နောက်နေတယ်မှတ်တာပဲ။ တခြားဘာသာဝင်တွေနဲ့ ယှဉ်ကြည့်လေ။ ဘယ်ဘာသာမှာမှ နေကုန်နေခမ်း လမ်းဆုံလမ်းခွတွေမယ် စပီကာနဲ့ အော်ဟစ်အလှူခံမနေရဘူး။ ကား လှည်း ဆိုက်ကား လမ်းလျှောက် စပီကာနဲ့အော် အိမ်ပေါက်ဝ တဂျောက်ဂျောက်နဲ့ လုပ်မနေရဘူး ။ သို့သော် သူတို့ဘာသာရေးအတွက် အကုန်ပြည့်စုံအောင်ရှိနေတယ်။ မကွာဘူးလား။
ဗုဒ္ဓဘာသာချင်းအတူတူ ထိုင်းမှာတောင် အော်ဟစ်ဆူညံ အလှူခံမရှိဘူး။ အေးလေ ဒီကဗုဒ္ဓဘာသာဆိုသူတွေကလဲ ဘုရားက ဘာတွေလမ်းညွှန်သင်ကြားလဲတော့ လာမမေးနဲ့ စိတ်မဝင်စားဘူး။ ဟော ဆင်းတုက မျက်လုံးတော်ဖွင့်ပြတယ်ဆို အပြေးအလွှား ဝုန်းဒိုင်းသွား ပြုံးပြတယ်ဆိုလဲ သွားကြ မဲ့ပြတယ်ဆိုလဲ သွားကြည့်ကြ ဘုရားကို ကာတွန်း animation လို သတ်မှတ်သလားမသိပေဘူး။ တစ်ခါတစ်ခါတွေးမိတယ် ဒီလိုလူတွေနဲ့ ဘုရားသာရှိနေသေးရင် ပြုံးပြပါဦး မဲ့ပြပါဦး မျက်လုံးဖွင့်ပြပါဦး မှိတ်ပြပါဦးနဲ့ သွားသွားပြီး လုပ်နေကြမလားမသိ။ လျှောက်သာပြောနေရ ဘာသာသာသနာရေးအတွက်က သိပ်တော့စိတ်မပူပါဘူး။ အရိုးတွေနဲ့ စည်းရိုးထိုးပြီး ကာကွယ် လော်စပီကာကြီး သံကုန်ဖွင့်ပြီး သာသနာပြုနေကြတာပဲ မဟုတ်လား…