ဖားအောက် ဆရာတော်ကြီး မိန့်တဲ့ ကျိုက်ထီးရိုးစေတီ ကျောက်တုံးကြီး အကြောင်း

ဖားအောက် ဆရာတော်ကြီး မိန့်တဲ့ ကျိုက်ထီးရိုးစေတီ ကျောက်တုံးကြီး အကြောင်း…

ခရစ်ယာန်ကျောင်းသားလေးက ကျိုက်ထီးရိုးဘုရားနဲ့ ပတ်သက်ပြီး ဖားအောက်ဆရာတော်ကြီးကို မေးခဲ့တာလေး အခုတလော ပြန်သတိရမိတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က မော်လမြိုင် ဖားအောက်တောရကို ကျောင်းသားတွေ လေ့လာရေးအနေနဲ့ လာခွင့်ရဖို့သာမက ဆရာတော်နဲ့လည်း တွေ့ဆုံစကားပြောခွင့်ရဖို့ နယ်ခံသင်းအုပ်ဆရာကြီးက အကူအညီတောင်းလာတာကြောင့် ကူညီစီစဉ်ပေးခဲ့ဖူးတယ်။

မွန်ပြည်နယ်ဘက်လေ့လာရေးခရီးထွက်ခဲ့တဲ့ ရန်ကုန် ခရစ်ယာန်ဓမ္မကျောင်းက ဒုတိယနှစ်ကျောင်းသားကျောင်းသူများအဖွဲ့ဟာ ဖားအောက်တောရကို ဝင်ပြီး ဆရာတော်နဲ့ တွေ့ဆုံစကားပြောဖို့ သူတို့ကိုယ်တိုင် တောင်းဆိုခဲ့ကြတာပါ။ ဖားအောက်ဆရာတော်ကလည်း ကလေးတွေ မေးသမျှကို အလေးထားပြီး ဖြေပေးခဲ့တယ်။

အဲဒီထဲမှာ ကျောင်းသားလေးတစ်ယောက်က ကျိုက်ထီးရိုးစေတီရှိရာ ကျောက်တုံးကြီးဟာ ဘာကြောင့် တောင်ထိပ်အစွန်မှာ တေ့တေ့လေး တည်ရှိနေနိုင်ရတာလဲ၊ တချို့ပြောကြတာက ကျောက်တုံးက တောင်နဲ့ နဲနဲလေးတောင် လွတ်နေတယ်ပေါ့ အဲ့ဒါဘာ့ကြောင့်ပါသလဲ ဆိုပြီးမေးတာကို ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့်ဖြစ်မယ်လို့ပဲ ဆရာတော်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်တယ်။

တရားအားထုတ်နည်း Meditation အကြောင်းမေးတဲ့မေးခွန်းကို ဆရာတော်ဟာ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပေမယ့် ကျိုက်ထီးရိုးဘုရား ကျောက်တုံးကြီး အကြောင်းကိုတော့ တိုတိုချုပ်ချုပ်ပဲ အထက်ပါအတိုင်းဖြေတော့ မေးတဲ့ကျောင်းသားလေးက နဲနဲတော့ ကြောင်သွားတယ်။

ဒီကျောင်းသားအဖွဲ့ဟာ ဖားအောက်တောရကို မဝင်ခင် ကျိုက်ထီးရိုးဘုရားကို ဝင်ခဲ့ပြီး များလှစွာသော ဘုရားသမိုင်းတွေကို ကြားခဲ့ရပုံရှိပါတယ်။ အံ့ဩထူးဆန်းဖွယ် ကျောက်တုံးကြီးရဲ့ သမိုင်းဇာတ်လမ်းတွေ ကြားရာကနေ ကမ္ဘာမြေကြီးရဲ့ဆွဲအားကြောင့်ဖြစ်မယ်ဆိုတဲ့အဖြေ ကြားလိုက်ရလို့ ကြောင်သွားတာဖြစ်မယ်။

ကိုးကွယ်ယုံကြည်မှုကို အံ့ဘွယ်သရဲ ဆန်းကြယ်တဲ့ အရာတွေနဲ့ တည်ဆောက်နေသူတွေ အားကောင်းနေတဲ့ခေတ်ကြီးမှာ ဒီလိုဖြေပေးခဲ့တဲ့ ဖားအောက်ဆရာတော်ကြီးကို အကြိမ်ကြိမ် ရှိခိုးဦးချနေမိတော့တယ်။

ဖားအောက်ဆရာတော်ဘုရားကြီး ကျန်းမာစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ..(Daw Ketu)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page