ဖားကန့် (သို့မဟုတ်) လူတစ်စုအတွက် ကြီးပွားရာ မြန်မာပြည်မြောက်ဖျားက သင်္ချိုင်းမြေ
ဖားကန့် (သို့မဟုတ်) မြန်မာပြည်မြောက်ဖျားက သင်္ချိုင်းမြေ…
ဖားကန့်တဲ့။ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းရတနာသိုက်တည်ရာလို့ ကမ္ဘာက လူသိများတယ်။ ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းထွက်တဲ့ ဒေသမို့ ကမ္ဘာကအားကျရတဲ့ မြန်မာ့ကျောက်စိမ်းနယ်မြေပေါ့။ ဖားကန့်..။
ကမ္ဘာမှာ လူသိမများတဲ့အကြောင်းက အဲဒီနယ်မြေဟာ လူအတော်များများရဲ့ သင်္ချိုင်းမြေဆိုတာပါပဲ..။ အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့ သင်္ချိုင်းဆိုပိုမှန်မလား…။ ဖားကန့်ဟာ သချိုင်းမြေကြီးတစ်ခုဖြစ်သွားခဲ့..။
မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်း လုပ်ကွက်ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်း (၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့) မြေပြိုကျပြီး လူတွေအစုလိုက် အပြုံလိုက် သေသွားကြပေါ့..။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းအရဆို ဖားကန့်မြေပြိုမူကြောင့် သေဆုံးသူ ၁၇၀ ကျော်နေပြီ..။
ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရတဲ့သူတွေကို ဖားကန့်ဆေးရုံနဲ့ ဝှေခါတိုက်နယ်ဆေးရုံကို ခွဲပို့လိုက်ကြတယ်။ အားလုံး ၅၄ ယောက်..။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းကလည်း လုံးခင်းကျေးရွာအုပ်စုက ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ အဲဒီလိုဖြစ်ခဲ့သေးတယ်။ စွန့်ပစ်မြေစာပုံကြီး ပြိုကျခဲ့။ လူပေါင်း ၁၁၆ ယောက် သေဆုံးပြီး ၁၀၀ ကျော်ခန့် ပျောက်ဆုံးခဲ့တယ်။ ဆိုတော့ လူပေါင်း ၂၀၀ ကျော်ပါပဲ..အရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရတာ..။
အဲ့ဒီတုန်းက အချိန်က မနက် လေးနာရီပေါ့။ ကျောက်မျက်ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံကြီးဟာ ရုတ်တရက်ပြိုကျခဲ့..။ တောင်ကြီးလောက်ရှိတဲ့ မြေစာပုံ အကြီးကြီးရဲ့အောက်ခြေမှာ ရေမဆေးကျောက်ရှာဖွေတဲ့သူတွေနေတဲ့ ယာယီတဲအိမ်လေးတွေ ၂၀၀ ကျော်လောက်ရှိတယ်။ အိမ်အလုံး ၅၀ ထဲက အိပ်နေတဲ့လူတွေ ရုတ်တရက်မြေမြှုပ်ပြီးသားဖြစ်သွားတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကယ်လိုက်နိုင်တာ လူတစ်ယောက်တည်းရယ်။ အဲ့ဒီလူလည်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါပဲ..။ အလောင်း ၁၁၆ လောင်းကိုပြန်ရှာနိုင်ခဲ့ပြီး လူအယောက် ၁၀၀ ကျော်ပျောက်ဆုံးတယ်ဆိုတာ တိကျတဲ့ကိန်းဂဏန်းတွေလား..။
အဲ့ဒီမှာနေတဲ့ လူဦးရေ ဘယ်လောက်လဲ။ “မသိ”
ဒါဆို မြေစာပုံပြိုကျရခြင်း အကြောင်းရင်းကရောဘာလဲ..? “မသိ”
ဒီလို လူဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်ကလာသလဲတောင်မသိတဲ့နေရာမှာ လူသတ်မှုတွေဖြစ်ရင်ရော..။ “မသိ”
ဘာဆိုဘာမှ ဘယ်သူမှ တိတိကျကျမသိ။ တာဝန်ယူမယ့်သူလည်းမရှိ..။ မင်းမဲ့စရိုက်..။
ဒီ ၅ နှစ်အချိန်အတွင်းမှာလည်း လူတွေ လူမသိ သူမသိ ဆက်တိုက်သေနေကြတာ..။ အခုလို အစုလိုက် အပြုံလိုက်သေတော့မှ သတင်းမီဒီယာထဲပါလာတာပေါ့။
ဒါပဲလား..၂၀၁၅ ခုနှစ် မတိုင်ခင် ကရော..? လူတွေသေနေကြတယ်။
မြေစာပုံပြိုကျမှသေကြတာမဟုတ်ပါဘူး။ ဆေးစွဲပြီးသေ၊ AIDS နဲ့သေ၊ ငှက်ဖျားကြောင့်သေ၊ အဝေမတည့်လို့ အချင်းချင်းသတ်ကြဖြတ်ကြ..။
ဖားကန့်ဆိုတဲ့ စကားဟာ ရှမ်းဘာသာစကား (ဖာ − ကျောက်ဖျာ၊ ကန့် − ပြိုကျခြင်း) လို့ အဓိပ္ပါယ်ရတယ်။ “ကျောက်ဖျာပြိုကျသည့်နေရာ” တဲ့.။
ဟုတ်ပါတယ်။ ၁၈၃၂ ခုနှစ်မှာ ဦးပူလွယ်ဟိန်းနဲ့ အဖွဲ့သား (၆) ယောက် မျောက်ဖြူချောင်းပေါက်ဝမှာ ရွာတည်တယ်။ ဖားကန့်ရဲ့ ပထမဆုံးရွာပေါ့။ နာမည်က အောင်မင်္ဂလာရွာတဲ့။ အဲ့ဒီ မျောက်ဖြူချောင်း အပေါက်ဝမှာ ကျောက်ဖျာတောင် ဆိုတာရှိတယ်။ အောင်မင်္ဂလာ ရွာတည်ပြီး မကြာပါဘူး။ ကျောက်ဖျာတောင် ပြိုကျတာပဲ..။ ဒါကြောင့် ဖားကန့်လို့ အမည်တွင်သွားသတဲ့..။
တောင်ပြိုပြီးတော့ ဖားကန့်ကို ၁၈၃၆ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်ပြီးတည်ထောင်ကြပြန်တယ်။ ကချင်တိုင်းရင်းသားတွေ ဥရုချောင်းကြီးမှာ ငါးရှာ၊ ဖားရှာ သာသာယာယာ ဖြစ်နေရာကနေ ကျောက်စိမ်းကိုပဲရှာချင်လာကြတဲ့အခါ..၊ လူတွေ စသေတာပဲ..။
မြန်မာတို့ရဲ့ ကျောက်စိမ်းသိုက်က ဖားကန့်မှာကိုး..။ ရွာတွေတည်ကြ၊ ကျောက်စိမ်းတူးကြ..။ “ဖားကန့်ရတနာမြေ” ရယ်လို့ ၁၃ ရာစုကတည်းက ကမ္ဘာကျော်ခဲ့တာ။ ရတနာမြေလို့ သတ်မှတ်ထားတာ ဖားကန့်မြို့နဲ့ ဥရုချောင်း တစ်လျှောက်ပေါ့..။
ဥရုချောင်းက သိပ်လှပြီး သာယာပျော်ရွှင်ဖွယ်ရာကောင်းသတဲ့။ ချောင်းနံဘေးက တောတွေထဲမှာ တိရစ္ဆာန်တွေ ပျော်မြူးနေခဲ့၊ မျောက်တွေဆို ဟိုပြေး ဒီပြေးနဲ့..။ ရေတွေက စိမ်းမြကြည်လင်နေလို့ ငါးရွေးကြီးတွေ အစုလိုက် အပြုံလိုက်ရေးကူးနေတာကို တွေ့ရတတ်သတဲ့..။
အခုတော့ သစ်တောတွေခုတ်၊ တောင်တွေဖြို၊ ဥရုချောင်းကြီးထဲကို မြေကြီးတွေပစ်တော့ မြေဖို့ပစ်လိုက်သလို ပျက်စီးတဲ့ မြောင်းကြီးဖြစ်သွားပေါ့။ မိုးသည်းလာရင် စီးစရာနေရာမရှိအောင်ပိတ်ဆို့နေတာ ရေတွေကြီး..။
၁၉၂၉ ခုနှစ်က ဂျော့ခ်အော်ဝဲလ် (George Orwell) က Le Progres Civique ဆိုတဲ့ ပြင်သစ်မဂ္ဂဇင်းမှာ မြန်မာနိုင်ငံအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်..။
” ဗမာဆိုတဲ့ အဲ့ဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံပဲ။ လူဦးရေအချိုးအဆနဲ့ သူတို့ရဲ့ ချမ်းသာမှုတွေဖြစ်တဲ့ သံဖြူဒြပ်စင်၊ အဖြိုက်နက်၊ ကျောက်စိမ်းနဲ့ ပတ္တမြားတွေ တွက်လိုက်ရင် ကမ္ဘာ့ထိတ်တန်းဝင်နေတဲ့ နိုင်ငံ….”
သဘာဝဓာတ်ငွေ့၊ ရေနံ၊ သစ်နဲ့ ရွှေ၊ သံဖြူ၊ ပတ္တမြား၊ ကျောက်စိမ်း စတဲ့ သဘာ၀သယံဇာတ တွေပေါကြွယ်ဝတဲ့ မြန်မာဆိုတဲ့ ကောင်းသတင်းဟာ မြန်မာပြည်က လူများစုအတွက်တော့ ဒဏ္ဍာရီတစ်ပုဒ်လိုပါပဲ..။ လူတစ်စုအတွက်ပဲ မှန်ခဲ့တာ..။
“သယံဇာတကျိန်စာ” တဲ့။ သဘာဝ သယံဇာတကရတဲ့ ကြွယ်ဝမှုတွေကြောင့် ချမ်းသာရမယ့် နိုင်ငံတွေမှာ အံ့ဩစရာကောင်းလောက်အောင်ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရနိုင်တယ်ဆိုတာပဲ။
အဲ့ဒီလို သဘာ၀ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတွေဟာ အိမ်နီးချင်းနိုင်ငံတွေထက် ဆိုးဆိုးရွားရွား ပြဿနာတွေ၊ မတည်ငြိမ်မှုတွေပိုမိုများပြားတတ်တယ်တဲ့။ ပြီးတော့ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ စိတ်ဆင်းရဲစရာတွေပြည့်နေတတ်။
လောဘရဲ့ အကျိုးဆက်တွေ..။ အခုတော့ ဆင်းရဲမွဲတေမှု၊ ပြည်သူ့ကျန်းမာရေး ကျဆင်းမှု၊ ပညာရေးနိမ့်ကျမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စတဲ့နာမည်ဆိုးတွေနဲ့ မြန်မာ..။ မတရားမှုတွေက အဖွဲ့အစည်းတချို့နဲ့ လူတချို့အတွက်တော့ သမားရိုးကျအလုပ်တစ်ခုလို..။
၁၉၈၈ ခုနှစ် ဒီမိုကရေစီဆန္ဒပြပွဲမှာကြည့်.. လက်နက်မဲ့ဆန္ဒပြသူ ၃၀၀၀ ကျော်ကိုမြန်မာစစ်တပ်က သတ်ခဲ့တယ်..။
လူတွေအသက်ပေးခဲ့ပေမဲ့ စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ရဲ့သဘာဝသယံဇာတတွေ၊ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအားလုံးအပေါ် တင်းကျပ်စွာ ဆက်ပြီးထိန်းချုပ်ခြင်းခံခဲ့ရ..။
စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားပြည်သူတွေ ဒုက္ခရောက်နေခဲ့၊ ဒုက္ခရောက်နေဆဲ..။
သစ်တောပြုန်းတီးခြင်း၊ တောင်ဖြို၊ မြေဆီလွှာပျက်စီး လေထုညစ်ညမ်းခြင်း..ဒါတွေလည်း ဂရုမစိုက်ခဲ့တာလည်းကြာပေါ့။
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ရဲ့ အဆိုအရမြန်မာနိုင်ငံရဲ့စစ်ရေးအသုံးစရိတ် စုစုပေါင်းဘတ်ဂျက်ဟာ အမေရိကန်ဒေါ်လာသန်း ၉၀၀ ခန့်တဲ့။ အဲဒီငွေတွေဘယ်ကရလဲဆိုတော့ ရတနာစီမံကိန်းတွေကပဲ..။ ၀င်ငွေ ရဲ့ ၅၀% ဟာ စစ်အစိုးရလက်ထဲကို တိုက်ရိုက်ရောက်တာပဲ။
စစ်အစိုးရဟာ မြန်မာပြည်က ကျွန်းသစ်နဲ့ အခြားသစ်အမျိုးမျိုးကို အလွန်အမင်းအသုံးချရောင်းစားထားတာကြောင့် သစ်တောတွေလည်း ပြုန်းခဲ့ပြီ..။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတုန်းက မြန်မာနိုင်ငံ စုစုပေါင်းမြေဧရိယာရဲ့ ၇၀% က သစ်ပင်၊သစ်တောတွေရယ်လို့ ဗြိတိသျှတို့က မှတ်တမ်းတင်ခဲ့..။ ဒါဟာ အိမ်မက်တစ်ခုလေလား။
၁၉၉၈ ခုနှစ်ရောက်တော့ သစ်တောတွေရဲ့ ထက်ဝက်ကျော်က ခုတ်ထစ်လို့ ကုန်နေပြီ။
ဒါတွေဖြစ်တော့.. သစ်တောတွေပြုန်းတော့ မြေဆီလွှာတိုက်စား၊အပူချိန်မြင့်တက်၊ရေကြီး.. လူတွေ သေကြပြန်..။ သစ်တောပြုန်းတီး၊ ဥုရုချောင်းကြီး ပျက်စီး၊ အခုတော့ မြေစာပုံကြီးပြိုကျ..။
သစ်တောပြုန်းတီးတာဟာ ဌာနေတိုင်းရင်းသားတွေရဲ့ ဘာသာရေးယုံကြည်မှု၊ ဓလေ့ထုံးတမ်းတွေထိခိုက်၊ စိတ်နာစရာတွေဖြစ်လာတယ်။
ဥပမာ- ကရင်လူမျိုးမှာ သစ်တောနဲ့ပတ်သက်တဲ့ ရိုးရာယုံကြည်မှုတွေအများကြီးရှိတယ်။
အထွေထွေရောဂါကု သမားတော်ကြီးဒေါက်တာနေဝင်းရေးသလို ဖားကန့်မှာ လောပန်လောင်းတွေရဲ့ တူရွင်းသံ တစ်ညံညံ၊ သေနတ်သံ တစ်ခြိမ်းခြိမ်း။ သွေးတွေနဲ့ အလောင်းကောင်တွေလည်း ဟိုနေရာ ဒီနေရာပေါ့။
နိုင်ငံအနှံ့က အလုပ်သမားတွေက ပထမတော့ ချမ်းသာချင်လို့ အန္တရာယ်ကြားက ကျောက်ရှာတဲ့ အလုပ်လာလုပ်ကြတာ။ နောက်ပိုင်းကျတော့အများစုက ဘိန်းစားတွေဖြစ်လာကြပြီး ဖာကန့်ကိုပိုချစ်သွားကြတာ မခွဲနိုင် မခွာရက်..။ အဲ့ဒီတော့ ခရိုနီတွေ ပိုပြီးငွေရွှင်လာတယ်။
မူးယစ်ဆေးကလည်း ဖားကန့်မှာပေါမှပေါ.. ဒိုင်က တစ်ခု၊ နှစ်ခုပဲရှိပေမဲ့ ဆိုင်ခွဲတွေက အများကြီး။ ညနေဖက်ဆို လာပို့ပေးနေတာ၊ ဟိုနေရာ ဘိန်းထိုး၊ ဒီနေရာာ ဘိန်းရှုနဲ့ ..ဒါတွေဟာတရားဝင် သာမာန်ဖြစ်စဉ်တစ်ခုလို..။ ဘိန်းစားတွေဖြစ်လာတော့ အသက်သေသေ မသေသေ ဘိန်းစားရဖို့ အရေးကြီးလာတယ်။ လောပန်းလောင်းတွေလို့ သူတို့ကိုယ် သူတို့ အော်ဟစ်ခဲ့တဲ့ ရေမဆေးကျောက်ရှာမယ့်သူတွေဟာ အဲဒီလိုနဲ့ ရည်ရွယ်ချက်တွေပျောက်တာပဲ။ ဘိန်းစားရဖို့ အလုပ်တွေကြိုးစားလုပ်ကြ..။ အဲ့ဒီတော့ ခရိုနီတွေ ပိုပြီးငွေရွှင်လာတယ်။ အလုပ်သမား ၇၀% ကဘိန်းစွဲနေသတဲ့..။ အလုပ်သမားတွေ ၄ သိန်းကျော်တယ်ဆိုတော့..။
ဒီ့မတိုင်ခင် ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက က ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာမှာ မြေပြိုလို့ လူ ၁၅ ယောက်လောက် သေဆုံးခဲ့သေး။ မြေပြိုလို့ တစ်ယောက်၊ နှစ်ယောက်သေတာမျိုး အဆန်းမဟုတ်တော့ပြီ။
ခရိုနီကြီးတွေက နေရာဝင်ယူကြတော့ တူရွင်းသံ မဟုတ်တော့ဘူး။ ကရိန်းကားတွေ၊ မြေတူးစက်တွေ၊ မြေသယ်ကားတွေ..။ ဒါပေမဲ့ မပြောင်းလဲတဲ့ အသံတစ်ခုကျန်ခဲ့။ သေနတ်သံ..။
အရင်က ဘိန်းခန်းတွေလောက်ပဲရှိခဲ့ပေမဲ့ ဒီမိုကရေစီဆိုတော့ KTV တို့ မာဆက်အခန်းတို့ ဟိုနေရာ၊ ဒီနေရာပေါ့..။ (ဆရာ နေဝင်း ကဗျာမှ- ) ပျော်စရာလိုလိုပါပဲ..။ အရှင်လတ်လတ် မြေမြှုပ်မခံရသေးတဲ့အထိပေါ့..။
“ လုပ်ကွက်” တစ်ခုတွေ့ထားတယ်ဆို..နောက်တစ်နေ့ တောင်ဖြိုကြပြီ..။ တောင်ကြီးက ခြေဖဝါးအောက် နေချင်းညချင်းရောက်..။
ငြိမ်းချမ်းရေးလား…။ ငြိမ်းချမ်းရေးကို လူတစ်စုက မလိုချင်ပါ။ ငြိမ်းချမ်းရေးရရင် ငွေလမ်းကြောင်းတွေပိတ်သွားမှာတစ်ပုံကြီးလေ..။ ဆင်းရဲသားတွေကိုလည်း အနိုင်ကျင့်အုပ်ချုပ်၊ မုဒိမ်းကျင့်လို့ မရတော့ဘူးလေ။ ငြိမ်းချမ်းရေး မလိုပါဘူး။ သေနတ်ရှိရင် ပြီးတာပဲ။ ဥပဒေနဲ့ အာဏာဆိုတာ သေနတ်တွေရဲ့ ထိပ်ဝမှာပဲရှိတယ်။
ကမ္ဘာ့အရှည်ဆုံးပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတယ်ဆိုတာ သင်သိပါသလား။ ကရင်ပဋိပက္ခ (Karen Conflict) ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးပြည်တွင်းစစ်ဖြစ်တယ်။ ၁၉၄၉ ခုနှစ်က စခဲ့တာ ဒီနေ့အထိ..။ တိုင်းရင်းသားတွေနဲ့ စစ်တပ်၊ ပစ်ကြ ခတ်ကြ၊ အပေးအယူလုပ်ကြ..သံသရာလည်နေ..။
နောက်ဆုံးတော့ ခရိုနီတွေပဲ ပိုချမ်းသာသွားတာ။ ဆင်းရဲသားတွေနဲ့ ရိုးသားတဲ့ တိုင်းရင်းသားတွေ သေကြရတဲ့ပွဲ…။
ဆရာနေဝင်းပြောသလို ဥရုချောင်းကြီးဟာလည်း မြန်မာပြည်သား ဆင်းရဲသားတွေနဲ့အတူ နေ့ချင်းညချင်း ဘယ်က ဘယ်ကိုဘယ်လို စီးဆင်းရမယ်မသိ.. မျက်စေ့သူငယ်၊ နားသူငယ်ဖြစ်ခဲ့ရ..။
မရွှေမိုး (ကိုရီးယား)
July 7th,2020.