မန္တလေးမြို့တွင် ကိုဗစ်ကာလ တစ်လကျော်အတွင်း ခိုးဝင် တရုတ်နိုင်ငံသား (၄၀) ကျော် ဖမ်းမိ

ကိုဗစ်ကာလ တစ်လကျော်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၄၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လ.ဝ.က ဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

ကိုဗစ်ကာလ လေကြောင်း၊ရေကြောင်းနှင့် နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသား ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားရာ ဇွန်(၁၅)ရက်မှ ဇူလိုင်(၂၉)ရက်အထိ တစ်လခွဲနီးပါးအတွင်း တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၁)ဦး ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းက ဆိုသည်။

အထောက်အထားမဲ့ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိမှုသည် ယခင်ကာလများထက် ကိုဗစ်ကာလအတွင်း ပိုမို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဌာန ဝန်ကြီး ဦးအောင်ကြည်က ယနေ့ (ဩဂုတ် ၆ရက်) ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး အပြီးတွင် သတင်းမီဒီယာများကို ပြောသည် ။

“တစ်ဆက်ထဲတွေ ဖြစ်နေတယ်။ ဟိုတုန်းကတော့ နဲနဲတော့ ကျဲတယ်။ ခု စိပ်နေတယ်။ ပြည်သူက အသိပေးတာတွေလည်း ပါတယ်။ လာတဲ့ ဝင်တဲ့ဟာတွေကိုလည်း စစ်ဆေးတယ်။ အဲ့တော့ မိနေပါတယ်။ အရင်တုန်းကတော့ မိတယ် အရေအတွက် သိပ်မများဘူး။ ကိုဗစ် ဖြစ်လာတဲ့အချိန်ကြမှ ဒါတွေက တော်တော်လေး များလာတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလ တစ်လခွဲနီးပါးအတွင်း ယခုကဲ့သို့ တရားမဝင် ဝင်ရောက်လာသဖြင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်သားများအနက် လ.ဝ.က အက်ဥပဒေအရ တရားစွဲဆိုရန် ဆောင်ရွက်ဆဲ(၃၁)ဦး၊ ဒဏ်ငွေ ကျပ်ငါးသိန်းစီ ပေးဆောင်စေရန် အမိန့်ချပြီးသူ (၉)ဦး၊ ပြည်နှင်ဒဏ်ပေးရန် ဆောင်ရွက်ဆဲ ၅)ဦးနှင့် ထောင်ဒဏ် ခြောက်လ ကျခံနေသူ (၄)ဦး ရှိသည်ဟု ဆိုသည်။

ကိုဗစ်ကပ်ရောဂါကာလဖြစ်၍ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို ရောဂါပိုး ရှိ၊မရှိ စစ်ဆေးကာ သက်ဆိုင်ရာ ရဲစခန်းအချုပ်များ၌ (၂၁)ရက် ထားရှိ စောင့်ကြည့်ခြင်းနှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းများ ဆက်လက်လုပ်ဆောင်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ယခုနှစ် ဇန်နဝါရီမှစ၍ ဇူလိုင် ၂၉ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း၌ တရားမဝင် ဝင်ရောက်လာမှု အပါအဝင် ပြစ်မှု၊ပြစ်ဒဏ်အမျိုးမျိုးဖြင့် ဖမ်းဆီး အရေးယူသည့် တရုတ်နိုင်ငံသား (၆၉)ဦး၊ ထိုင်ဝမ်းနိုင်ငံသား(၁)ဦးနှင့် မလေးရှားနိုင်ငံသား(၁)ဦး ရှိကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဌာနမှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page