ရန်ကုန်အင်းစိန်မြို့နယ်မှာ စားအုန်းဆီတွေ ရေနုတ်မြောင်းထဲ ထူးဆန်းစွာ စီးဆင်းလာမှု ဖြစ်ပွား
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ ရေနုတ်မြောင်းထဲ စားအုန်းဆီတွေ စီးဆင်းလာနေလို့ ပြည်သူတချို့ ခပ်ယူနေကြတာ ရေသန့်ဗူးကြီး၊ ရေသုံးဇလားကြီးတွေ နဲ့ အပြည့်ရရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မတ်လ ၁၂ ရက် မနက်ပိုင်းမှာ စားအုန်းဆီတွေဟာ ရေနုတ်မြောင်းထဲကနေ စီးဆင်းလာနေလို့ အင်းစိန်ကမ်းနားရပ်ကွက်က လမ်းဘေးတစ်လျှောက်မှာ ဆီတွေခပ်နေကြတာ ဖြစ်ပါတယ်။
“ခပ်နေကြတာ ၃ နာရီလောက်ရှိပြီ။ လူတွေက လမ်းတောက်လျှောက်ခွဲခွဲပြီးခပ်နေကြတာ တော်တော်များတယ်။ ရာဂဏန်းအထိရှိတယ်။ ရေဇလားတွေကော ဆန်ပုံးအကြီးတွေနဲ့ကော ရေခဲပုံးတွေနဲ့ပါ သယ်နေကြတာ”လို့ ဒေသခံတစ်ဦးက နေ့လည် ၁ နာရီခွဲကျော်အချိန်မှာ ပြောပါတယ်။
မြောင်းထဲကဆီတွေကို ပြည်သူအများခပ်နေကြပေမယ့် တချို့ပြည်သူတွေက မခပ်ကြပါဘူး။ ”ရေမြောင်းထဲမှာက အမှိုက်သရိုက်အစုံရှိတယ်။ အပြင်စာတွေက ကိုဗစ်ကာလမှာတောင် ဝယ်စားလို့အဆင်မပြေတာ ခုဆို ပိုဆိုးတယ်။ ဒီလိုတွေ့ရတော့ အပြင်စာဝယ်စားဖို့ကို မစားရဲတော့ဘူး ။ ဒီဆီတွေက အကြော်ဆိုင်တွေကို ရောက်သွားမှာကိုပဲ စိတ်ပူတာပါ” လို့ အင်းစိန်ကမ်းနားရပ်ကွက် နေသူတစ်ဦးက ပြောပါတယ်။
ဆီတွေဟာ အင်းစိန် ပေါက်တောဝနားက ဆီလှောင်ကန်ကနေပေါက်တာလို့ ဒေသခံတချို့ကပြောနေပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
ရေမြောင်းထဲက ဆီတွေခပ်နေကြတာကို လာရောက်တားဆီးတဲ့သူတွေလည်း မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာ စားအုံးဆီဈေးဟာ တပိဿာ တသောင်းနား ကပ်နေတာဖြစ်တာကြောင့် ယခုလို လူအများအပြားက လာရောက် ခပ်ယူနေကြတာ ဖြစ်ပါတယ်။
စားအုန်းဆီ အများအပြား သိုလှောင်ထားတဲ့ နေရာတခုကနေ လာတာဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ ထူးဆန်းတဲ့ အဖြစ်မျိုး မကြုံဘူးသေးကြောင်း၊ မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်လို့ အကြောင်းရင်းကို သေချာ သိလိုကြကြောင်း ဒေသခံတွေက မှတ်ချက်ပေးထားကြပါတယ်။