အရွယ်ရင့် မြန်မာ ယူ-၁၉ အသင်း အင်အားအနည်းဆုံး ဘရူနိုင်းအသင်းကို ဂိုးပြတ် အနိုင်ရ
၂၀၂၂ ခုနှစ် အာဆီယံ ယူ-၁၉ အမျိုးသားဘောလုံးပွဲမှာ မြန်မာက ဘရူနိုင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မယ့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ယနေ့ နေ့လယ်ပိုင်းက ယှဉ်ပြိုင်ကစားရာမှာ မြန်မာအသင်းက အုပ်စုတွင်းမှာ အားအနည်းဆုံးအသင်းဖြစ်တဲ့ ဘရူနိုင်းအသင်းကို ၇ ဂိုး ဂိုမရှိနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ မိုးဆွေ၊ ဇော်ဝင်းသိန်း၊ လမင်းထွေး၊ ချစ်အေး၊ သာယာဝင်းထက်၊ အာကာကျော်နဲ့ သိန်းဇော်သီဟ တို့က တစ်ဂိုးစီ သွင်းယူခဲ့တာပါ။
မြန်မာ ယူ – ၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက” ကျွန်တော်တို့အသင်းဟာ ဒီပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ချိန် (၉) ပတ်ရခဲ့ပါတယ်။ အားလုံး သိကြတဲ့အတိုင်း အုပ်စု(က)ဟာ အုပ်စုကျပ်ဖြစ်ပြီး ခြေစွမ်းတောင့်တင်းတဲ့ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်” လို့တော့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်းသည် ဇူလိုင် ၄ ရက်တွင် ထိုင်း၊ ဇူလိုင် ၆ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်းလို့ ပြောကြပေမယ့်လည်း ကစားသမား သုံးပုံနှစ်ပုံလောက်က ၁၉ နှစ်ထက် ကျော်နေတယ်လို့ အတွင်းသိ တဦးက ပြောကြားခဲ့ပါတယ်။ ပွဲဦးထွက်မှာ အင်အားအနည်းဆုံး အသင်းကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် လာမယ့် ပွဲကျပ်တွေမှာ ဘယ်လိုတွေဖြစ်ပြီး တိတ်တဆိတ် အိမ်ပြန်လာရမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။