မဖြစ်စလောက် ပင်စင်လစာလေးအတွက် အသက်ဆုံးရှုံးခဲ့ရတဲ့ အဖိုး (ဝမ်းနည်းစရာ ပင်စင်စား ဘဝ)

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်လာရောက်ထုတ်ယူသည့် အဖိုးအိုတဦး မူးလဲရာက သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ရဲ့ သတင်းများအရ သိရပါတယ်။

ယနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နံနက်ပိုင်းအချိန်က အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်လာရောက်ထုတ်ယူသည့် အဖိုးအိုတစ်ဦး မူးလဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ ပင်စင်လာရောက် ထုတ်ယူစဉ် မူးလဲခဲ့တဲ့ အဖိုးအိုအား အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က လူနာတင်ယာဉ်ဖြင့် သွားရောက်ကာ ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆေးရုံဆေးစစ်ချက်အရ အဖိုးအိုမှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရကာ သေဆုံးခဲ့တဲ့ အဖိုးအိုမှာ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ယခုကဲ့သို့ ပင်စင်ထုတ်ယူရာမှာ အဆင်ပြေစေရန် မြန်မာ့စီးပွားရေးဘဏ်က ငွေစာရင်းဖွင့်လှစ်ကာ အေတီအမ် စနစ်အပါအဝင် မိုဘိုင်းအေးဂျင့် များထံမှ ထုတ်ယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် ဘဏ်ငွေကြေးစနစ် အဆင်မပြေမှုများနဲ့ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။

ယခင်က ပင်စင်လစာများကို ဝေ့ဗ်မန်းနီးဖြင့် အဆင်ပြေစွာ ထုတ်ယူနိုင်ခဲ့ပေမယ့်လည်း ယခုအချိန်တွင် ငွေသားများ ရှားပါးမှုကြောင့် ထုတ်ပေးမည့် အေးဂျင့် ရှားပါးလာခြင်း၊ ငွေတသိန်းကို တသောင်းနီးပါး ပေးရခြင်း စတဲ့ အခက်အခဲတွေနဲ့ ပင်စာစားများ ကြုံတွေ့နေရပါတယ်။

ခေတ်အဆက်ဆက် အမြဲတမ်း မပြည့်စုံခဲ့တဲ့ ပင်စင်စားတွေအနေနဲ့ လက်ရှိအချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုနဲ့ ဆေးကုသစရိတ် ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

အဲဒါကြောင့် ပင်စင်စားတွေ ဘဝ သာယာလှပဖို့အတွက် ဝိုင်းဝန်းပူးပေါင်း အဖြေရှာဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page