မြန်မာပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီခေတ် (ပြည်တော်သာခေတ်) အကြောင်း တစေ့တစောင်း
“ပြည်တော်သာခေတ် (၁၉၅၃-၅၈)” -ကာလကို မိမိမှာ အသက်ငယ်သေး၍ ထိထိမိမိ မကြုံခဲ့ရသော်လည်း၊ အချို့ကို ခပ်ဝါးဝါး၊ အချို့ကိုကား အသေအချာ မှတ်မိသည်ဟုတော့ ပြောလိုပါသည်။
၁၉၅၈-ခုနှစ် အိမ်စောင့်အစိုးရတက်သောအခါ မိမိသည် အသက်ရှစ်နှစ်ခန့်မျှသာ ရှိပေးသေးသကိုး။ ပန်းဆိုးတန်းလမ်းရှိ တရုတ်ကျောင်းတခုတွင် စာသင်ပြီး၊ မပျော်၍၊ ဝါးခယ်မမြို့ရှိ အလွတ်ပညာသင်ကျောင်းသို့ ပြန်နေရသည့်နှစ်ဖြစ်ပါသည်။
သို့သော် ကျောင်းပိတ်တိုင်းမိမိ၏ရွာ သို့မဟုတ် ရန်ကုန်သို့ ပြန်လာတတ်သည်ဖြစ်၍၊ ဖဆပလ အစိုးရ၏ ပြည်တော်သာစီမံကိန်းကို မမေ့ပါ။ ငယ်သေး၍ အစားအသောက် နှင့် ကစားစရာကိုသာ မက်မောသည့် အရွယ်မို့ အစားကောင်း အသောက်ကောင်းများတို့ကို သတိရမိ၏။ အထူးသဖြင့် ဖရေဇာလမ်းတလျှောက်ရှိ အစားအသောက်များကိုတော့ လွမ်းမိ၏။
ပြည်တော်သာစီမံကိန်း မှာ ငါးနှစ်စီမံကိန်း ဖြစ်ပါသည်။ ပြည်တွင်းသူပုန်များ ငြိမ်သက်ပြီးစအချိန်တွင်၊ ဖဆပလ အစိုးရက ပြည်သူများတို့၏ လူမှုဘဝကို ဖွံ့ဖြိုးစေဘို့ လုပ်ဆောင်သော စီမံကိန်းတခု ဖြစ်သည်။ ထိုစီမံကိန်းသည် ဦးနု၏ နိုင်ငံရေးပန်းတိုင်ဖြစ်သော ငြိမ်းချမ်းရေး၊ ကြီးပွားချမ်းသာရေးနှင့် ဗုဒ္ဓဘာသာလောကနီတိများကို အခြေခံသော ဒီမိုကရက်တစ်ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ရေးဖြစ်သည်။ ထိုစဉ်က ကြွေးကြော်သံတခုဖြစ်သော “လူတိုင်းပြည်တော်သာရမည်” ဆိုသော စကားသံကိုကား မှတ်မိနေ၏။
ပြည်တော်သာခေတ်က ထမင်း အဝစား ပြား၅၀ ၊ ရန်ကုန်နဲ့ အင်းစိန် ဘတ်စ်ကားခ ၃၅- ပြား၊ မုန်းဟင်းခါး တစ်ပွဲ ၁၅ ပြား၊ အကြော်နဲ့ ပြား၂၀၊ ဘူးသီးကြော် တစ်ခု ၅ ပြား၊ ဒန်ပေါက်တစ်ပွဲ ၁ကျပ်၊ ဘဲဥဆယ်လုံး ၁ကျပ်၊ ဝက်သားတစ်ပိဿာ ၂ကျပ်၊ ကြက်သား ၃ကျပ် စသည်ဖြင့် အစစအရာရာ ဈေးပေါနေသဖြင့် ထိုခေတ်က လခအနည်းဆုံးဖြစ်တဲ့ တလ ၈၂ ကျပ်ဘဲရတဲ့ မင်းစေ ဟာလည်း မိသားစုကို ဝအောင်ကျွေးနိုင်၊ ကလေးတွေကို ကျောင်းထားနိုင်ခဲ့သည်။ သူတို့မိသားစုမှာလဲ ရွှေတွဲလဲငွေတွဲလဲနဲ့ပါ။ ရွှေဈေးကလဲ အကောင်းဆုံး ပရပိုက်ခေါက်မှ တစ်ကျပ်သားကို ကျပ်ငွေ ၂၀၀/- မျှသာ ပေးရသည်။ ပြန်တမ်းဝင် အရာရှိလစာရကြသူများသည်၊ လစဉ် ရွှေတကျပ်သား ပုံမှန်ဝယ်နိုင်ကြပေသည်။
လွတ်လပ်ရေးရပြီးစ ကိုလိုနီခေတ်ကသုံးခဲ့သော အိန္ဒိယသုံးငွေကိုဆက်သုံးရသည်။ ၃ပိုင် တစ်ပြား၊ ၄ပြား တစ်ပဲ၊ ၁၆ပဲ (ဝါ) ၆၄ပြား တစ်ကျပ်။ အင်္ဂလိပ်လိုကတော့ ကုလားအခေါ်တွေကိုသုံပြီး 3 Pai one Paisa, 4 Paisa one Anna, 16 Annas or 64 Paisa 1 Rupee ပေါ့။ မြန်မာပြည်မှာ ကိုလိုနီခေတ် အစပိုင်းကသာ ပိုင်ကိုသုံးပေမဲ့ နောက်ပိုင်းမှာ ပြားဟာ အငယ်ဆုံးသုံးငွေပါ။
လွတ်လပ်ရေးရပြီးပေမဲ့ ရန်ကုန်ဟာ ကလားမြို့တစ်ပိုင်းဖြစ်နေတုန်းမို့ ကုလားတန်းမှာဈေးဝယ်ရင် ၆ ပြား (ဝါ) ၁ပဲ၂ပြားကို ကုလားလို “ဆတ်ပိုက်ဆား” (ဝါ)” ယေးအန်းနား ဒိုး ပိုက်ဆား”။ ၁ကျပ်ခွဲဆိုတာ ၁ ကျပ် ရှစ်ပဲမို့ ကုလားလို” ယေးရူပြားအတ်အန်းနား” ဆိုတာတွေကို အဲဒီခေတ်က ရန်ကုန်သူ၊ ရန်ကုန်သား တွေတတ်ခဲ့ကြသည်။ ထိုစနစ်ဟာ လွတ်လပ်ရေးရပြီး ၁၉၅၃-ခုနှစ်အထိ ရှိခဲ့သည်။ ၁၉၅၃- ခုနှစ် မှာမှ မြန်မာ ဘုရင်တွေ သုံးခဲ့တဲ့ ပြား ၁၀ဝ တစ်ကျပ်စနစ်ပြန်သုံးနိုင်ခဲ့သည်။
လွတ်လပ်ရေးရပြီးစက ရန်ကုန်တွင် လူဆွဲတဲ့လန်ချားတွေလဲရှိခဲ့သည်။ လန်ချားကလားတွေဟာ ဂေါ်ရင်ဂျီကလားတွေ ဆိုတော့ “ဒိုင်းနား၊ ဘားယား” (ညာဘက်ကွေ့၊ ဘယ်ဘက် ချိုး)၊ “ဟိုး”(ရပ်)၊ “ဂျောင်း”(သွား) စတဲ့ ဂေါ်ရင်ဂျီစကားကို ရန်ကုန်သူ၊ ရန်ကုန်သားတွေတတ်ကြသည်။ သို့သော် မိမိလူလားမြောက်ချိန်တွင် လံချားများမရှိလေတော့၊ ၁၉၅၂-ခုနှစ်လောက်က ဖျက်သိမ်းပြီး ဖြစ်သည်။
ထိုအချိန်က ရန်ကုန်မြို့မှာ မီးပျက်သည်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပါ။ ညမှာ အိမ်တွေဟာမီးချောင်းတွေနဲ့ ထိန်လင်းနေပြီး လမ်းတွေကလည်း မာကျူရီမီးတွေ ထိန်ထိန်ညီးပြီး အပ်ကျရင်တောင် ကောက်လို့ရသည်လို့ ပြောနိုင်တဲ့ခေတ် ဖြစ်သည်။ သူခိုးဓားပြလည်း နည်းသည်။
တခါတလေ အဖော်တွေနဲ့ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ဝင်ကြည့်ပြီး သန်းခေါင်ကျော်မှာ အိမ်ကို ညဉ့်နက်လေ ကလေး တဖြူးဖြူးနဲ့ လမ်းလျှောက်ပြန်ရတာ အရသာတမျိုးပါဘဲ။ ရန်ကုန်မှာ ညကျောင်းတွေလည်း အများကြီးပါ။ နေ့မှာအလုပ်လုပ်နေတဲ့သူတွေဟာ မီးချောင်းတွေနဲ့ ထိန်လင်းနေတဲ့ညကျောင်းတွေမှာ ကျောင်းတက်နိုင်သည်။ ညဈေးတန်းလဲ ရှိသည်။ ည ၆ နာရီမှ ၁၀ နာရီအထိဖွင့်သည်။ အစားအစာက အစ အဝတ်အထည်အလယ် ကားနဲ့ လျှပ်စစ်ပစ္စည်း အဆုံးအားလုံးကို ညဈေးတန်းမှာ ဈေးနှုန်းချိုသာစွာ နဲ့ရနိုင်သည်။
ဖဆပလအစိုးရက တိုင်းပြည်တိုးတက်ဖို့ ပြည်တော်သာစီမံကိန်း လုပ်ခဲ့သည်။ ပြည်တော်သာစီမံကိန်းနှင့် ဆောက်တဲ့တိုက်၊ ကျောင်းတွေကို ပြည်တော်သာတိုက်၊ ပြည်တော်သာ ကျောင်းတွေလို့ခေါ်ခဲ့သည်။ ၎င်းအဆောက်အဦးတွေဟာ ယနေ့အထိအသုံးဝင်နေဆဲဖြစ်သည်။ ပြည်တော်သာရပ်ကွက်များလည်း ဟိုမှသည်မှ ပေါ်လာခဲ့၏။
ပြည်တော်သာစီမံကိန်းနှင့် တင်သွင်းလာတဲ့ Land Rover ကားကိုလည်း “ပြည်တော်သာဂျစ်” လို့ခေါ်ခဲ့သည်။ ပြည်တော်သာခေတ်က လွတ်လပ်စွာ ရေးသားပြောဆိုပုံနှိပ်ခွင့် အနည်းဆုံး ၉၅ ရာခိုင်နှုန်းလောက်ပေးထားတော့ အစိုးရကို သရော်တဲ့ ကာတွန်း၊ သရော်စာ၊ ပြက်လုံးတွေအများကြီးပေါ်လာခဲ့သည်။
ပြည်တော်သာနိုင်ငံခေတ်က စံပြအကျဉ်းထောင်တွေက အကျဉ်းသားတွေရဲ့ဘဝဟာလည်း မဆိုးပါဘူး။ ထောင်ထဲတွင် အေကလပ်၊ ဘီကလပ်ဟူ၍ရှိ၏။ ဆရာကြီးဒဂုန်ရွှေမျှားက ကိုလိုနီခေတ်ကထောင်တွေကို ပြည်တော်သာနိုင်ငံခေတ်ကစံပြထောင်တွေနှဲ့ ယှဉ်ပြကာ “မှတ်မိပါသေးသည် ပြည်မြို့က အကျဉ်းထောင်ဝယ်” ခေါင်းစဉ်နဲ့ရေးခဲ့သည်။ နိုင်ငံရေး အချုပ်သားနဲ့အကျဉ်းသားတွေဟာ အထူးတန်းရသည်။
အထူးတန်းရတဲ့ရာဇဝတ်မှုနဲ့ထောင်ကျသူ ဟာ လည်း အလုပ်မလုပ်ရဘဲ နေ့တိုင်းထမင်းကောင်း ဟင်းကောင်း စားရတဲ့အပြင် ကူဖော်လောင်ဖက်အဖြစ် ရိုးရိုးတန်းကအကျဉ်းသား တစ်ယောက်အနည်းဆုံးရသည်။ ရိုးရိုးတန်းကအကျဉ်းသားတွေကလည်း နေ့တိုင်း ထမင်းကောင်း ဟင်းကောင်းစားရတော့ အထူးတန်းအကျဉ်းသားတွေဆီမှာ ကူဖော်လောင်ဖက် အဖြစ်သွားချင်ကြသည်။
လူထုဦးလှတို့ ဗန်းမော်တင်အောင်တို့ အဖမ်းခံနေရဆဲမှာ စာအုပ်တွေရေးသား ထုတ်ဝေနိုင်ခဲ့ကြသည်။ နာမည်ကြီး ထိပ်ထိပ်ကြဲ ကွန်မြူနစ် နိုင်ငံရေးသမားတစ်ယောက်ဆိုရင် “ငါးဆွဲ”ခံထားရတုန်း(ပုဒ်မ ၅ နဲ့ အဖမ်းခံရတာကိုသုံးတဲ့ အဲဒီခေတ်ကဘန်းစကား) ၁၉၆၄ မှာဖျက်ပစ်လိုက်တဲ့ ရန်ကုန်ထောင်ကြီး ( ယခု ဘုန်းကြီးလမ်း နှင့် ပြည်လမ်းထောင့်) ထဲမှာ တစ်ယောက်ထဲအတွက်အိမ်ကလေးတစ်လုံး၊ ကူဖော်လောင်ဖက်အဖြစ် ရိုးရိုးတန်းကအကျဉ်းသားက နှစ်ယောက်၊ သူ့ဇနီးကလဲ မနက်ကတည်းက သူ့ဆီလာနေတာ တစ်ခါတစ်လေ ညလည်းမပြန်တော့ဘူး။ အစိုးရကလည်း ဘာမှမပြောသဖြင့်ထောင်အရာရှိတွေက မျက်စိတ်မှိတ်နေကြ၏။ အဆိုပါ နိုင်ငံရေးသမားရဲ့ဇနီး သူ”ငါးဆွဲ”ခံထားရတုန်း သူနဲ့ကိုယ်ဝန်ရှိပြီး ကလေးတစ်ယောက်မွေးတဲ့အထိ လွတ်လပ်ခဲ့ပါ သည်။
၁၉၅၅-ခုနှစ်တွင် ဦးနုအစိုးရက ပြည်တောင်သာ စီမံကိန်းအတွက် ဟန်ဂေရီနိုင်ငံထုတ် Ikarus နှင့် ဂျပန်နိုင်ငံထုတ် Hino နှင့် Isuzu ဘတ်စ်ကားများကို တင်သွားခဲ့သည်။ ထိုဘတ်စ်ကားကြီးတွေကို ပြည်သူများက ပြည်တော်သာကားဟုခေါ်ကြသည်။ ပြည်တော်သာကားတွင် ယူနီဖောင်းဝတ် လက်မှတ်ရောင်း အမျိုးသမီးများ ခန့်ထားခဲ့သည်။ အမျိုးသမီးဝန်ထမ်း နှစ်ယောက်စီပါသည်။ ကားရှေ့ပေါက်က အတက် ဖြစ်ပြီးနောက်ပေါက်က ဆင်းရသည်။ ထိုင်ခုံအစေ့သာ ခရီးသည်ကို လက်ခံပါသည်။ မတ်တပ်ရပ်မစီးရပါ (နောင်သော် အနည်းငယ်စည်းကမ်းပျက်လာပါသည်။)
နှစ်ယောက်ဆင်းမှသာ နောက်ထပ် နှစ်ယောက်တက်ရပါသည်။ မှတ်တိုင်ရပ်သည်နှင့် ဘယ်နှစ်ယောက်သာရမည်ကို လက်မှတ်ရောင်း အမျိုးသမီးက အော်ပြောပါသည်။ ပိုတက်၍မရပါ။ မောင်းသူ၊ရောင်းသူ၊ စီးသူအားလုံးစည်းကမ်းရှိကြပြီးကားကြီးတွေ ကလည်း သန့်ရှင်းကြသည်။ ထိုခေတ်က”စပယ်ယာမ” လို့ မခေါ်ဘဲ “လက်မှတ်ရောင်းအမျိုးသမီး” လို့ သာခေါ်ကြသည်။ ထမီနက်ပြာရောင် တိုတိုဝတ်ထားကြပြီးလျှင်၊ ခါးတွင်သားရေခါးပတ်နှင့် အိတ်တလုံးကို သပ်သပ်ရပ်ရပ် ပတ်ထားပါသည်။ ကြည့်ကောင်းကြ၍ များစွာ စမတ်ကျသည်ဟု မိမိစိတ်တွင် ထင်ပါသည်။ အပြောအဆိုလည်း ယဉ်ကျေးပျူငှါ ရှိကြ၏။
ဘတ်စကားတွေမှာနံပါတ်မတတ်သေးပါ။ ရုပ်ပုံတံဆိပ်တွေနဲ့ပါ။ စာမတတ်သူတွေအတွက် ပိုအဆင်ပြေသည်။ ရွက်လှေတံဆိပ်နဲ့ကားက ကြည့်မြင်တိုင်ဆိပ်ကမ်းက ပုစွန်ထောင်ဆိပ် ကမ်းကိုအသွားအပြန်ဆွဲတဲ့လိုင်းပါ။”အတောင်ပံကား” က သိမ်ကြီးဈေးနဲ့အင်းစိန် အသွားအပြန်လိုင်းပါ။ အင်းစိန်မော်တော်ယာဉ်ရုံးတံဆိပ်က-ဗြဟ္မာရုပ်ပါ။ မီးရထားတံဆိပ်နဲ့ကားက ရန်ကုန်ဘူတာကြီး (ကွမ်းခြံ ဘူတာ)ကိုရောက်သည်။
အဆိုပါ ဘတ်စ်ကားများကိုတော့ မိမိမှီလိုက်သေး၏။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရခေတ်မှာ အရုပ်နဲ့ဘတ်စကားလိုင်းတွေကို နံပတ်နဲ့ပြောင်းလိုက်ရာမှာ မြင်းဖြူ၊ မြင်းနီ၊ မြင်းကျားတို့က နံပတ် ၁၊ ၂၊ ၃ ဖြစ်သွားပြီး မီးရထားတံဆိပ် က နံပတ် ၄၊ ဆင်ဖြူ နဲ့ ဆင်မဲက ၅ နဲ့ ၆၊ နဂါးက ၇၊ တောင်ပံကား က ၈၊ ကြံ့ က ၉၊ ကျန်တဲ့ ညောင်ပင်၊ လေယာဉ်ပျံ၊ ခြင်္သေ့၊ ရွက်လှေ စတာတွေလည်း နံပတ်နဲ့ဖြစ်သွားသည်။ စုစုပေါင်း ၁၅လိုင်း ရှိသည်။ နံပါတ် ၁၆လိုင်းက ၁၉၆၀ လောက်မှပေါ်လာတာပါ။
ကမာရွတ်လှည်းတန်းဈေးက ဆင်မလိုက်၊ ကြည့်မြင် တိုင်၊ မြေနီကုန်း၊ ရွှေဂုံတိုင်တို့ကိုပတ်ပြီး တာမွေအထိသွားတဲ့ နံပတ် ၁၆ လိုင်းကတော့ ဘတ်စကားပုံ မဟုတ်ဘဲ လူ၁၆ယောက်သာဆန့်တဲ့ ဂျပန်လုပ် ဒတ်ဆန်း လိုက်ထရပ်လေးတွေပါ။ ဘတ်စ်ကားကျပ် သည်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပင်။ ရန်ကုန်လူဦးရေကလည်း နည်းသေးသကိုး။
ဘတ်စ်ကားစပယ်ယာတွေကလဲ ယဉ်ကျေးကြသည်။ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး၊ ဦးလေး၊ ဒေါ်ဒေါ် သင့်တော်သလိုခေါ်ပြီး၊ ရန်ကုန်တက္ကသိုလ်နားက ဖြတ်သွားတဲ့ဘတ်စ်ကားလိုင်းတွေ၊ နဂါးရုပ် (နောင် နံပါတ် ၇ လိုင်း)၊ တောင်ပံ ကားရုပ် (နောင် နံပါတ် ၈ လိုင်း) ၊ ကြံ့ရုပ် (နောင် နံပါတ် ၉ လိုင်း) စတဲ့လိုင်းတွေက ကားစပယ်ယာတွေဟာ ပိုပြီး ယဉ်ကျေးကြသည်။ သူတို့ပြောလေ့ရှိတာက “ကျနော်တို့ဟာ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မည့် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ ဆက်ဆံနေရတာဆိုတော့ အထူးပိုပြီး ယဉ်ကျေးရပါမယ်” လို့ပြောလေ့ရှိသည်။
ယနေ့ စပယ်ယာများတို့၏ အသုံးအနှုံးနှင့် ကွာလှ၏။ သူတို့ပြောတာလည်း မှန်သည်။ ထိုအချိန်က နိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့ ဦးနု၊ ဦးကျော်ငြိမ်းတို့၊ အတိုက်အခံခေါင်းဆောင် ဦးသိန်းဖေမြင့်တို့ဟာလည်း တက္ကသိုလ်ကျောင်းသားဟောင်းတွေပါ။ ဒါကြောင့်လဲ ရန်ကုန်တက္ကသိုလ်နားကိုဖြတ်သွားတဲ့ ကားလိုင်းတွေက ယာဉ်မောင်းသူတွေ ၊ လက်မှတ်ရောင်းသူတွေက “ငါတို့ဟာ ဗမာပြည်ရဲ့ခေါင်းဆောင်လောင်းတွေကို အကြို အပို့ လုပ်နေရတာ” ဆိုပြီး တခြားလိုင်းတွေက ယာဉ်မောင်း၊ လက်မှတ်ရောင်းတွေ အပေါ်မှာဂုဏ်ယူပြီး ပြောလေ့ရှိသည်။
တကယ်လည်း မှန်သည်။ ထိုခေတ်က တက္ကသိုလ်ကျောင်းသားတွေကို လူတကာကလေးစားကြသည်။ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်က သူ့ဝတ္တု တစ်ခုတွင် ၁၉၄၉-ခုနှစ် ရန်ကုန်ကို သူပုန်တွေဝိုင်းထားတုန်း တက္ကသိုလ်ကျောင်းသားတွေ အစိုးရတပ်ထဲဝင်ပြီး အင်းစိန်ရှေ့တန်းတွင် သူပုန်တွေကို တိုက်ကြရာမှာ အစိုးရစစ်သားတွေက “ညီလေးတို့ နောက်တန်းမှာဘဲနေပါ၊ သေစရာရှိရင် ဒို့အရင်အသေခံပါမယ်၊ ညီလေးတို့ က တစ်နေ့မှာတိုင်းပြည်ခေါင်းဆောင်လုပ်ရမဲ့လူတွေပါ၊ ဒို့စစ်သားတွေဆိုတာ စစ်ပွဲမှာ သေတာမဆန်းဘူး၊ ညီလေးတို့အသက်က တိုင်းပြည်အတွက် တန်ဖိုးရှိသည်လို့ ပင် ထည့်ရေးခဲ့ဘူးလေသည်။
ပြည်တော်သာစီမံကိန်းကို ကနဦးပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ငွေများနှင့် လည်ပတ်ခဲ့ပြီး၊ နောက်ပိုင်းတွင် အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ကူမင်တန်တရုတ်ဖြူကျူးကျော်စစ်အပေါ် အငြင်းပွားမှုကြောင့် ထောက်ပံ့မှုများကို ရပ်တန့်ခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ဗမာအစိုးရက မိမိ၏ ကိုယ်ပိုင်ဘတ်ဂျက်ငွေဖြင့် လည်ပတ်ခဲ့သည်။
Knappen Tippetts and Abbott (KTA) Engineering Company ၏ ကြီးကြပ်မှုဖြင့် စီးပွားရေးအကြံပေးအဖွဲ့ Robert R. Nathan Associates မှ စီးပွားရေးပညာရှင်များမှ စီးပွားရေးနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ စီမံကိန်းများကို ရေးဆွဲခဲ့သည်။ သို့သော် လယ်သမားများကို ငွေကြေးအရင်းအနှီးများ ထုတ်ပေးကာ ကူညီပေးဖို့ ကြိုးစားခဲ့သော်လည်း ငွေကြေးအင်အား၊ အတတ်ပညာရှင်အင်အားနှင့် နည်းပညာအင်အား မလုံလောက်ခဲ့သည့်အပြင် စီမံခန့်ခွဲ့မှု အားနည်းသောကြောင့် လယ်ယာကဏ္ဃတွင် အပြောင်းအလဲကို ဖော်ဆောင်ရန် လုံလောက်သည့် ထိရောက်မှုမရှိခဲ့ချေ။
သို့သော် ပြည်တော်သာခေတ်အရသာကို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာခံစားနိုင်ပေမဲ့ နယ်တွေမှာတော့ နီးရာဒါးကြောက်နေရသည်။ ရောင်စုံသူပုန်ကတစ်မျိုး အစိုးရတပ်တွေ နဲ့ ခါးပိုက်ဆောင် ပြူစောထီးတပ်များကတစ်ဖုံပါ။ ရှမ်းပြည်တွင် တရုတ်ဖြူ၊ ဖဆပလ အစိုးရအဖွဲ့ဝင်ဆိုရှယ်လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ်များလို့ နာမည်ကြီးတဲ့ စစ်ရဲတပ်များနဲ့ ပြူစောထီးတပ်တွေကလဲ နယ်တွေမှာထင်ရာစိုင်းကြသည်။
ပုလိပ်တွေကလည်း ဘာမှမလုပ်ရဲကြ။ မိမိ၏ ဇာတိ ရွှေလောင်း၊ ဝါးခယ်မမြို့နယ် တဝိုက်တွင်ပင်၊ ကရင်သူပုန်များ၊ ကွန်မြူနစ်များတို့ဖြင့် ဝိုင်းဝိုင်းလည်နေပြီး၊ ညညဆို မြို့ပြင် ရွာပြင်သို့ မထွက်ရဲကြတော့။ ကရင်သူပုန် ဗိုလ်ကွက်ကော့ ဆိုသူမှာ ထိုစဉ်က ထိုနယ်တဝိုက်တွင် နာမည်ကြီးကြောင်း မှတ်မိ၏။ စစ်တပ်မရှိဘဲ ရဲကင်းမျှသာရှိ၍ မကြာမကြာ သူပုန်များ ရဲရဲတင်းတင်း ရွာတွင်းသို့ဝင်၍ ဆတ်ကြေးကောက်သည်၊ မိမိ မှတ်မိသလောက် မိမိတို့၏ လိုင်စင်ရ အပေါင်ဆိုင်အနေဖြင့် တနှစ်လျှင် ကျပ်-၂၀၀/- မျှ ဆောင်ရသည်ထင်ပါသည်။ ရွှေတကျပ်သားဟူ၍ ပြောနိုင်ပါသည်။
တပ်မတော်နယ်လှည့်ရုပ်ရှင်က ပြလေ့ရှိသော၊ ဝန်ကြီးချုပ်ဦးနုရဲ့ “လူထုအောင်သံပြဇာတ်”ကို ရုပ်ရှင်ရိုက်ရာမှ ခေတ်စားသွားတဲ့ “ဗိုလ်ကြီးရယ် ကျွန်မနွားကလေးကိုတော့ ပြန်ပေးခဲ့ပါရှင့်”ဆိုသော စကားသည် ရပ်ထဲရွာထဲနှင့် သင်္ကြန်ရက်များတွင် များစွာ ခေတ်စားသော စကားဖြစ်ခဲ့လေသည်။ ထိုသည်တို့ကား ပြည်တော်သာခေတ်၏ ပုံရိပ်တချို့ ဖြစ်ပါပေသည်။
(ယခုပူးတွဲပုံပါ ထိုစဉ်က ပြည်တော်သာစီမံကိန်းကို ဦးဆောင်ဦးရွက်ပြုခဲ့ကြသော ပုဂ္ဂိုလ်များအနက်၊ အရှေ့တန်း အလယ်ပုဂ္ဂိုလ် ဦးကျော်မြင့်ကလေး မှာ၊ မိမိတို့ 9th.batch B.A(Law), LL.B မှ သူငယ်ချင်း ကိုစိုးမြင့် (ရာဇာဥပဒေနည်းပြသင်တန်း) ၏ ဖခင် ဖြစ်ပါသည်။)
နော်ဂဲလယ်ထူး (စာပေပရဟိတ)