ပြည်ပထွက်ပြီး အလုပ်လုပ်မယ့်သူတွေ အတွက် သတင်းဆိုး တခု (ကြိုးနီစနစ်တွေ ပြန်လာပါပြီ)
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ပြည်ပနိုင်ငံများတွင်သွားရောက် အလုပ်လုပ်ကိုင်မည့်သူများအတွက် အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်မှုအရ ၂၀၂၂၊ ဇန်နဝါရီ ၁ရက်ကစပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် များကို သက်ဆိုင်ရာမြန်မာသံရုံး (သို့) အလုပ်သမားသံရုံးသို့ ပေးပို့စိစစ်ပြီးမှသာ ခွင့်ပြုမယ်လို့ သိရပါတယ်။
လက်ရှိတွင် မိမိတို့အစီအစဉ်ဖြင့် နိုင်ငံခြား သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၏ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC)ကို သက်ဆိုင်ရာ မြန်မာသံရုံးသို့ အလုပ်သမား သံအရာရှိရုံးများသို့ ပေးပို့ စိစစ်ခြင်းမရှိဘဲ အလုပ်သမားဝန်ကြီးဌာနမှ တိုက်ရိုက်ခွင့်ပြုပေးလျက်ရှိပါတယ်။
ထိုသို့တိုက်ရိုက်ခွင့်ပြုခြင်းကို ၂၀၂၁၊ ဒီဇင်ဘာ လကုန်ထိသာ ခွင့်ပြုမှာဖြစ်ကြောင်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။
၂၀၂၂၊ဇန်နဝါရီ ၁ရက်ကစပြီး အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက် အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်-
ကြေညာချက်အရ ပြည်ပနိုင်ငံများကို သွားရောက်အလုပ်လုပ် ကိုင်လိုသူများအနေဖြင့် ပြည်ပအလုပ်ရှင်ထံမှ ရရှိထားသည့် အလုပ်ခေါ်စာ (Demand Letter/ Job Offer) များကို လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန်၊
အေဂျင်စီများအနေဖြင့် အလုပ်သမားများရရှိထားသည့် (Demand Letter/Job Offer)များကို သက်ဆိုင်ရာနိုင်ငံရှိ အလုပ်ရှင်ထံ ချိတ်ဆက်၍ မိမိတို့အေဂျင်စီထံသို့ တရားဝင် (Demand Letter/Job Offer) ပေးပို့စာရရှိရေး ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဦးစီးဌာနသို့ ကြိုတင် တင်ပြဆောင်ရွက်ရန်၊
သက်ဆိုင်ရာမြန်မာသံရုံး (သို့) အလုပ်သမား သံအရာရှိရုံးမှ (Demand Letter/Job Offer) များ မှန်ကန်မှုရှိကြောင်း အကြောင်းကြားလာပါက သက်ဆိုင်ရာအေဂျင်စီအနေဖြင့် ပြည်ပသို အလုပ်သမားစေလွှတ်ခွင့်နှင့် OWIC ပြုလုပ်ခွင့်ကို အထောက်အထားအပြည့်အစုံဖြင့် ဦးစီးဌာနသို့ တင်ပြလျှောက်ထားရန်နှင့် ခွင့်ပြုချက်ရရှိပါက ပြည်ပသို အလုပ်သမားစေလွှတ်ရန်၊တို့ ပါရှိပါသည်။