ပယောဂကုမယ့် ဆရာတွေ ရှောင်ကြဉ်ရမယ့် အဓိက အချက် (သစ္စာဆိုရမယ့်အထဲမှာ ထည့်ဆိုရမှာပါ)
ပယောဂကုသည်ဖြစ်စေ သိဒ္ဓိတင်သည်ဖြစ်စေ သစ္စာဆိုရတဲ့ထဲမှာ အဓိကအချက်ကြီး (၃)ချက် အပြင် ကြက်မတိုက်၊ ဖဲမရိုက် ပယောဂမဟုတ်ဘဲ ဟုတ်ပါတယ်ဆိုပြီး လိမ်ညာကုသခဲ့ခြင်းမရှိ ဆိုတဲ့ …. သစ္စာဆိုနည်းကို ဆရာက သင်ပေးထားလို့ အဲ့အတိုင်းဘဲ သစ္စာဆိုတယ်။
တကယ်တမ်း ပေရှည်အောင်ရွတ်မယ်ဆိုရင် နှစ်လုံးမထိုး သုံးလုံးမထိုး ဘောပွဲမလောင်း ဆိုတာတွေပါ ရွတ်ရမှာ။ အဓိကအချက်က လောင်းကစားမလုပ်ရ ဆိုတဲ့အချက်ပါဘဲ။ ဒီနေရာမှာ ပညာပေးဆရာပေါ်မူတည်ပြီး သစ္စာဆိုနည်းတွေကွဲကောင်းကွဲနိုင်ပါတယ်။
မိန်းအချက်က အရက်၊ အမဲသား၊ လင်ရှိမယား ဒီ (၃)မျိုးပါဘဲ။ ဆိုတော့ (၇)ရက်သားသမီးကို ကူညီရတဲ့သူက (၇)ရက်သားသမီးတွေရဲ့ ငွေနဲ့ပတ်သက်ပြီး မရှုပ်ရပါဘူး။
ဒီနေရာမှာ (ကယ်)တယ်ဆိုပြီး မရေးဘဲ (ကူ)တယ်လို့ဘဲသုံးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ (၇)ရက်သားသမီးကယ်တယ်ဆိုပြီး ကိုယ့်ဖာသာကိုယ်တောင် မကယ်နိုင်လို့ တိုင်ပတ်နေသူတွေတပုံကြီးမို့ (ကယ်)တယ် ဆိုတဲ့စကား မသုံးရဲပါဘူး။
နောက်တချက်က ပယောဂကုသရာမှာလဲ အခမဲ့ကုသပေးတာ ဖြစ်ပြီး လှူသမျှငွေအားလုံးကိုလဲ ဆရာသမားကို ပြန်လှူပစ်တာမို့ (ကူ)နေတယ်ဘဲ ထားစို့။ လောင်းကစားလုပ်ရာမှာ ဒိုင်ဆီရောက်လာသမျှ ငွေက (၇)ရက်သားသမီးရဲ့ လောဘနဲ့ရောက်လာတဲ့ ငွေတွေဖြစ်ပြီး ဒိုင်ဆီကပြန်ရတဲ့ငွေကလဲ (၇)ရက်သားသမီးရဲ့ လောဘကနေ ဒေါသနဲ့ သောကတွေ အဖြစ်ပြောင်းသွားတဲ့ ငွေဖြစ်နေတဲ့အတွက် လောဘတွေ ဒေါသတွေ သောကတွေနဲ့ အင်မတန်မှ ပူလောင်တဲ့ငွေအဖြစ် သတ်မှတ်လို့ရပါတယ်။
ဒီတော့ … လောဘဖြစ်အောင်လဲမလုပ်၊ ဒေါသနဲ့ သောကတွေဖြစ်အောင်လဲ (အားပေးကူညီ) မလုပ်ဘဲနေခြင်းဟာ (ကူ) သူလို့ခေါ်တဲ့ ဆရာ/ဆရာမတွေအတွက် ပိုပြီး ကောင်းမယ်ထင်ပါတယ်။
ဒီနေရာမှာ မိမိထင်မြင်ချက် မိမိခံယူချက်နဲ့ ရေးတာဖြစ်ပြီး မည်သူ့ကိုမှ အပစ်တင်ချင်လို့၊ ဝေဖန်ချင်လို့ရေးတာမဟုတ်ကြောင်း သစ္စာပြု ပါတယ်။
တခါတရံမှာ အောင်မြင်လာကြတဲ့ သူတွေအဖို့ ပညာရှိသတိဖြစ်ခဲဆိုတာမျိုးတွေ မြင်တွေ့ရလို့ ချင့်ချိန်နိုင်အောင်ရော ဒီလိုမျိုး အောင်မြင်မှုတွေကလဲ ရေရှည်တည်ဆောက်လို့ ရမှာမဟုတ်လို့ ရေးလိုက်တာပါ။ စော်ကားလိုစိတ် မြူတစ်မှုံမျှ အလျင်းမရှိပါ။
ကိုယ်တိုင် တကွက်ကို သုံးလေးသောင်းနဲ့ တစ်ကြိမ်ထိုး အကွက်လေးဆယ်/ ညနေပိုင်း ၃ဆတိုးပြီးလိုက်/နောက်နေ့ ၃ဆထပ်တိုး/ လေးငါးရက်မထိနဲ့ ဘဝပျက်လုပျက်ခင် ပျက်အံ့ဆဲဆဲအထိကြုံခဲ့ရပြီး ဉာဏ်အသိ ဉာဏ်သတိနဲ့ ရောက်တဲ့အရပ်က ရပ်ခဲ့လို့ လူလိုသူလိုပြန်ဖြစ်လာခဲ့ရတာပါ။
(၇)ရက်သားသမီးအပေါင်း ဘဝမပျက် အလှဖက်ပြီး ညဘက်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ကြပါစေ
ဇော်မြတ်မင်း (မြစကြာကျောင်းသား)