ယနေ့ ရောင်းဝယ်နေတဲ့ မြန်မာပြည် ရွှေဈေးနှုန်း ပေါက်ဈေးကို သတ်မှတ်ပုံနည်းလမ်း
၁။ ရွှေစျေး ဘယ်သူ ဖွင့်တာလဲ၊ ၂။ ရွှေဆိုင်တွေ ဘာလို့ စျေး မတူကြတာလဲ၊ ၃။ သွားဝယ်ရင်၊ သွားရောင်းရင် ဘာလို့ ကြေညာထားတဲ့ စျေးနဲ့ မရတာလဲ။
ခနခန အမေးခံရတဲ့ မေးခန်းတွေပါ၊ မနက် ၁၁ နာရီလောက်ဆိုရင် ရွှေဘုံသာလမ်းက ရန်ကုန်တိုင်း ရွှေကုန်သည်များ အသင်းမှာ အသင်းဝင် ကုန်သည်တွေ၊ ပွဲစားတွေ စုရုံး ရောက်ရှိနေကြပါပြီ၊ ရောင်းချင်သူပါမယ်၊ ဝယ်ချင်သူ ပါမယ်၊ အခြေအနေကြည့်ပြီး ကစားမယ့်သူ ပါမယ်၊ နောက်ကွယ်က ဘောစိကို သတင်းပို့ဖို့ စျေး လာနားထောင်သူ ပါမယ်၊ အခေါက်ရွှေ အရောင်းအဝယ် လုပ်တဲ့ ရွှေဆိုင်ကြီးတွေက လွှတ်ထားသူ ပါမယ်၊ အသင်းဝင် မဟုတ်သူတွေကတော့ အသင်းထဲ ဝင်ခွင့် မရှိတော့ အသင်းနားက လ္ဘက်ရည်ဆိုင်မှာ၊ အုတ်ခုံမှာ၊ ပလက်ဖောင်းမှာ ဖုန်းလေးတွေ တကိုင်ကိုင်နဲ့ နားစွင့်နေကြတာပေါ့။
အသင်းထဲမှာ မနေ့က ပိတ်တဲ့စျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး အတက် အကျကို ကြည့်ပြီး ရောင်းချင်သူတွေကလဲ သူတို့ ရောင်းချင်တဲ့စျေး ရောင်းမယ့်အရေအတွက် တပိုင်း၊ နှစ်ပိုင်း၊ တထုပ် စသဖြင့် အော်နေကြတယ် (တပိုင်းဆိုတာ တဆယ်သား တထုပ်ဆိုတာ ၁၀ ပိုင်း တပိသာ)
ဝယ်မယ့်သူတွေကလဲ သူတို့ ဝယ်ချင်တဲ့စျေးကို အော်နေကြတယ်၊ တယောက်တပေါက်ပေါ့၊ အဲ့လို အော်နေရင်းနဲ့ ဝယ်ချင်သူ တယောက်နဲ့ ရောင်းချင်သူ တယောက် စျေးတည့်သွားရင် အဲဒါ အဲ့ဒီနေ့အတွက် ဖွင့်တဲ့ စျေးပါပဲ၊
ကျန်တဲ့ ရောင်းချင်သူ၊ ဝယ်ချင်သူတွေကလဲ သူတို့ ရောင်းချင်တဲ့စျေး၊ ဝယ်ချင်တဲ့စျေး ဆက် အော်နေကြတာပေါ့၊
ဝယ်ချင်သူ များလာရင် ရောင်းမယ့်သူတွေက စျေးကို တက်အော်ကြသလို ရောင်းချင်သူ များလာရင် ဝယ်မယ့်သူတွေက စျေးကို လျော့ အော်ကြတာပေါ့၊ အခြေအနေအရ ဝယ်ချင်သူ အော်စျေးနဲ့ ရောင်းချင်သူ အော်စျေးဟာ ၅၀၀ ကနေ တသောင်းအထိ ကွာနေတတ်ပါတယ်။
တခါတရံ ဝယ်ချင်တယ် အော်သံသာ ကြားရပြီး ရောင်းချင်တယ် အော်သံ မကြားရရင် အရောင်း ပျောက်တယ် ခေါ်သလို ရောင်းချင်တဲ့ အော်သံသာ ကြားရပြီး ဝယ်ချင်တဲ့ အော်သံ မကြားရရင် အဝယ်ပျောက်တယ်လို့ ခေါ်ပါတယ်။
ဘယ်စျေး အလုပ်ဖြစ်သွားပြီ ဘယ်စျေး အဝယ်ကျန်တယ် (ဝယ်ချင်သူ အော်နေတဲ့စျေး)၊ ဘယ်စျေး အရောင်းကျန်တယ် (ရောင်းချင်သူ အော်နေတဲ့စျေး) ဆိုတာကို သိရအောင် အသင်း အခန်းထဲ ရှိနေသူကို မေးမှ သိရပါတယ်။
မမေးဘဲနဲ့ အွန်လိုင်းကနေ သိချင်တယ် ဆိုရင်တော့ အသင်းက စီစီတီဗီကို အင်တာနက်ကနေ Live ထိုင်ကြည့်နေမှ သိရပါလိမ့်မယ်၊ အွန်လိုင်းမှာ တင်ထားတဲ့ စျေးတွေ၊ ဆိုင်တွေမှာ တင်ထားတဲ့ စျေးတွေဟာ သူတို့ သိတဲ့အချိန်က စျေးသာ ဖြစ်ပြီး လက်ရှိစျေး မဟုတ်ပါဘူး၊
ဆရာဇော် (Shwebonthar Gold Class)