“သုသာန်မြေဟောင်းမှ ကိုယ်တွေ့ ပရလောက ဖြစ်ရပ်များ”

“သုသာန်မြေဟောင်းမှ ကိုယ်တွေ့ ပရလောက ဖြစ်ရပ်များ”

(၁) ကျွန်မနာမည်က နှင်းနှင်း။

ကျွန်မတို့ဖေဖေက တပ်ထဲမှဖြစ်တာမို့ ကျွန်မတို့မိသားစုတစ်ခုလုံးဖေဖေတာဝန်ကျရာ တပ်ရင်းမှာလိုက်နေရကာ ကျွန်မသည်ပင်လျှင်တပ်ထဲမှာမွေး၍ တပ်ထဲမှာကြီးတာဖြစ်သည်။ ကျွန်မအသက်သုံးဆယ်ရှိ လာပြီ ဖြစ်သော်လည်း မိသားစုနှင့်အတူ ဒီနေရာလေးမှာပင်နေမြဲနေခဲ့သည်။

ကျွန်မတို့တပ်နေရာက အရင်အင်္ဂလိပ်လက်ထက်မှသုဿာန်ဟောင်း နေရာမို့ နေထိုင်ရတာ သိပ်မကောင်း လှပါ။ ဥစ္စာစောင့်သရဲပရလောကများနှင့် လက်ပွန်းတတီးနေထိုင်ရသလိုရှိသည်။ ညတိုင်းလိုလိုတစ်မျိုးမဟုတ်တစ်မျိုး ခြောက်လှန့်သံကြားရသည်။ မဖြစ်နိုင်ဟူသော အဖြစ်အပျက်များသည် ကျွန်မတို့နေထိုင်ရာနေရာတွင် ဖြစ်ပျက်သွားကြ သည်။ ကျွန်မငယ်ငယ်ကကြုံခဲ့ဖူးသော ထူးဆန်းဖွယ်အဖြစ်အပျက်များကိုပြောပြချင်ပါသည်။ ပရလောကဆိုတာ တကယ် ရှိကြောင်း ထိုအဖြစ်အပျက်များမှ လက်ခံယုံကြည် လာခဲ့ခြင်းကြောင့် ကျွန်မနှင့်အတူ ကျွန်မမိတ်ဆွေများအား မျှဝေချင်၍ ဖြစ်ပါသည်။

(၂) ငှက်ပျောပင်တွင်နေသောသရဲ၊

ထိုအချိန်က နှင်းနှင်းတို့ဆီတွင် လျှပ်စစ်မီးမရရှိသေးပါ။ ထိုစဉ်ကနှင်းနှင်းတို့ အိမ်နောက်ဖက်အိမ်တွင်သာ တစ်အိမ်သုံးမီးစက်နှင့် တီဗွီလေးရှိသည်။ တီဗွီပေါ်ခါစမို့ ညရောက်လျှင်နှင်းနှင်းတို့ အိမ်နောက် အိမ်၌တီဗွီလာရောက် ကြည့်ရှုသူများနှင့်စည်ကား လျက်ရှိသည်။ နှင်းနှင်းတို့အိမ်နံဘေးတွင် ဒေါ်သိန်းတင်တို့ အိမ်ရှိကာ ထိုနေ့က ဒေါ်သိန်းတင်တို့သားအမိလည်း နှင်းနှင်းတို့အိမ်နောက်အိမ်တွင် တီဗွီလာကြည့်လေ သည်။

သူတို့မိသားစုမှာ သရဲတစ္ဆေများနှင့် ပဌာန်းဆက်ရှိဟန်တူပါသည်။ သရဲခြောက်ပြီဟေ့ဆိုလျှင် သူတို့မိသားစုက ဖြစ်တာများပါသည်။ ယခုလည်းတီဗွီကြည့်ပြီး•••• သားအငယ်ဆုံးလေးနှင့်အိမ်ပြန်လာရာ ဖယောင်းတိုင်လည်းမရှိသဖြင့် ထင်းရှူးဆီဖြင့်မီးထွန်းပြီး သားအမိဇာတ်လမ်းအကြောင်းပြောရင်း ပြန်လာလေသည်။ ခွေးတွေမှာနေ့တိုင်း အူနေကျဖြစ် သော်လည်း ထိုနေ့ခွေးအူသံကထူးထူးခြားခြား ကျောထဲစိမ့်နေသလိုရှိလေသည်။ ဒေါ်သိန်းတင်တို့သားအမိမှာလည်း ကြောက်စိတ်ကအလိုလိုဝင်နေမိသည်။

“အူ ဝူးဝူး” “သား အမေမီးတုတ်ကိုင်ထားမယ် သားကသော့ဖွင့်”” ဒေါ်သိန်းတင်ကပြောလည်းပြောကာ သော့အားသားဖြစ်သူထံလှမ်းပေးလိုက်သည်။ ဒေါ်သိန်းတင်မှာနံဘေးမှ ထင်းရှူးဆီမီးတုတ်လေးကိုင်လျက် သော့ဖွင့် နေသော သားနံဘေးတွင်ရပ်နေရာ ရုတ်တရက်မိမိနံဘေးမှ စကားသံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။ “ဟေ့ဘာလုပ်နေလဲ” ဒေါ်သိမ်းတင်မှာမိမိနားနားကပ်အော်မေးလိုက်သော အသံကြောင့်အသံလာရာဆီကြည့်လိုက်ရာ အသားမဲတူးတူး၊မျက်လုံးပြူးပြူးနှင့် ကတုံးပြောင်ယောကျာ်းတစ်ယောက်အား တွေ့လိုက်ရာ လန့်လန့်ဖြန့်ဖြန့်ဖြင့် လက်တွင်ကိုင်ထားသောမီးတုတ်ကိုယမ်းလိုက်ရာ သော့ဖွင့်နေသောသားဖြစ်သူ၏ မျက်နှာကိုထိကာ အလျားလိုက်ကြီး လောင်သွားလေသည်။

“အား” “အမလေးငါ့သားလေး” ဒေါ်သိမ်းတင်မှာအော်လည်းအော်ကာ သားဖြစ်သူလက်မှ သော့ကို ယူ၍ အမြန် ဖွင့်ကာသားဖြစ်သူ လက်ကိုဆွဲလျက်အိမ်ထဲအမြန်ဝင်ပြေးလေသည်။ အိမ်ထဲရောက်မှအိပ်နေပြီဖြစ်သော ဒေါ်သိန်းတင်၏ ခင်ပွန်းနှင့်သားနှစ်ယောက် နိုးလာကြသည်။ “မသိန်းတင်ဘာဖြစ်တာလဲ” “လူမဲ ခြံဝမှာလူမဲကြီး” “သားကြီးမင်းအမေနဲ့ ညီလေးကိုအိမ်ပေါ်ခေါ်သွား သားလတ်လာအဖေနဲ့လိုက်ခဲ့” ဒေါ်သိန်းတင်၏ယောကျာ်းမှာ ခြံပြင်သို့သားဖြစ်သူအားေ ခါ်လျက်သွားရာ လူဟူ၍အရိပ်အယောင်ပင်မတွေ့ရပေ။ ထို့နောက်တပ်ထဲမှဆေးဆရာအိမ်သို့သွား၍ ဆေးဆရာပင့်ကာ သားငယ်၏မျက်နှာမှ မီးလောင်ဒဏ်ရာအားကုရလေသည်။ သားငယ်မှာမီးလောင်သောအရှိန် ကြောက်လန့်သော အရှိန် ကြောင့်ဖျားသွားလေသည်။

နောက်တစ်နေ့ရောက်တော့ ခင်ပွန်းဖြစ်သူကဆရာတစ်ယောက်ပင့်လာလေသည်။ ထိုဆရာကိုဒေါ်သိန်းတင်တို့လည်း သိပါသည်/ ပယောဂအလွန်နိုင်သည်ဟုနာမည်ကြီးသည်။ ထိုဆရာကအိမ်ပေါ်ရောက်ရောက်ချင်း ဘုရားစင်ရှေ့သွားကာ ဘုရားဆီမီးပူဇော်လျက် ဘုရားရှိခိုးလေသည်။ ထို့နောက်ဘုရားရှေ့တွင်အာရုံပြုပြီး ဒေါ်သိန်းတင်တို့ဖက်ပြန်လှည့်လာလေ သည်။ ဒေါ်သိန်းတင်အားကြည့်ကာ “”အစ်မကြီးတို့ညကဘယ်သွားသလဲ”” “”ကျွန်မတို့ရဲ့နှစ်အိမ်ကျော်မှာ သားငယ်နဲ့ အတူတီဗွီသွား ကြည့်ပါတယ် ဖေကြီးနဲ့သားနှစ်ယောက်က အိမ်မှာအိပ်ကျန်ခဲ့ပါတယ်” “လူမဲကြီးကဘယ်ကနေ တွေ့တာလဲ”” “”ခြံတံခါးဝရောက်မှသားတံခါးဖွင့်နေတုန်း ကျွန်မအရင်တွေ့တာပါ”” “”အစ်မကြီးတို့လာတဲ့ လမ်းမှာ ငှက်ပျောပင်တွေဘာတွေရှိလား”” “”ငှက်ပျောပင် သြော် ဟုတ်ပြီနှင်းနှင်းတို့အိမ်လမ်းကြားမှာ ရှိပါတယ်”” “”ဟုတ်တယ် အဲဒီသရဲက ငှက်ပျောပင်မှာနေတာ သရဲတွေက ထင်းရှူးဆီမီးရောင်ကိုသိပ်ကြိုက်ကြတယ် အဲဒီ မီးရောင် ကြောင့်အစ်မကြီးတို့နောက်လိုက်လာတာ”

“အမလေး ဆရာကယ်ပါဦးဒီသရဲမရှိတော့အောင်ဘယ်လိုလုပ်ရမလဲ” “ဘုန်းကြီးပင့်ပြီး သူ့ကိုပင့်ဖိတ် အမျှအတန်း ပေးဝေလိုက်ရင် ရလောက်တယ် တစ္ဆေသရဲဆိုတာကလည်း သူတို့လိုချင်တာမရှိဘဲ အကြောင်းမဲ့ ကိုယ်ထင်မပြဘူးလေ အလှူပေးပြီးရင်တော့ သူနေတဲ့ငှက်ပျောပင်ကို အမြစ်ကနေတူးထုတ်ပစ်လိုက်ပေါ့” “ကျေးဇူးကြီးမားလှပါတယ် ဆရာ” ဒေါ်သိန်းတင်မှာကျေးဇူးတင်လွန်းသဖြင့် ဆရာ့အားပူဇော်ဖွယ်ပစ္စည်းများဖြင့်ကန်တော့လေသည်။

နောက်တစ်နေ့၌ ဆရာပြောသည့်အတိုင်းပင် ဒေါ်သိန်းတင်၏ခင်ပွန်းဖြစ်သူမှာ ဘုန်းကြီးပင့်လာ၍ အိမ်တွင်တရားနာလျက် ထိုသရဲအားအမျှဝေကာ နှင်းနှင်းတို့ခြံနောက်ဖက်မှငှက်ပျောပင်အား အမြစ်မှနေ၍တူးပစ်လိုက်လေသည်။ ထိုသရဲ တကယ် ပင် ကျွတ်သွားသည်လော မပြောတတ်ပေမယ့် ဒေါ်သိန်းတင်တို့ရော နှင်းနှင်းတို့ရော ညဘက်လူခြေတိတ်လျှင် ထိုငှက်ပျောပင် လှမ်းကြားမှဖြတ်သွားဖို့ မဆိုထားနှင့်။ ကြည့်ပင်မကြည့်ရဲတော့ပေ။ ဤသည်မှာနှင်းနှင်းတို့ကိုယ်တွေ့ ပရလောကတစ်ခုဖြစ်ပါသည်။

(၃) ထမင်းကူချက်သောသရဲ၊

ဒီအဖြစ်အပျက်အား နှင်းနှင်းမျက်စိနှင့်တပ်အပ်မမြင်သော်လည်း အော်သံများကိုနားနှင့် ဆတ်ဆတ်ကြား ခဲ့ပါသည်။ ညအချိန်မတော်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်လည်းမဟုတ်ပါ။ နေ့ခင်းကြီးဖြစ်ပျက်ခဲ့တာ ဖြစ်ပါသည်။ ထိုအိမ်မှာ နှင်းနှင့်တို့အိမ်နှင့်နီးကာ နှင်းနှင်းတို့နှင့်ဆို သွေးဝေးပေမယ့်ဆွေမျိုးအနည်း တော်ပါ သည်။ နှင်းနှင်းတို့က အဖိုးနှင့်အဖွားဟုပင်ခေါ်လျက် အဖိုးနှင့်အဖွားတို့၏သားကိုနိုးကိုတော့ ဦးလေးဟုခေါ်ပါသည်။

ဦးလေး၏ အဖေကရခိုင် အမေက တရုတ်ဖြစ်ကာ စာပေလည်း မယ်မယ်ရရ မတတ်သဖြင့် ဘာသာတရားကိုင်းရှိုင်းမှုလည်း အားနည်းပါသည်။ မိသားစုလည်းဖြစ်ချင်တိုင်းဖြစ်နေကာ အိပ်ချိန်ဆိုအဖိုး၏ဟောက်သံကျယ်ကျယ်အား က အိမ်နီနားချင်းတွေအနီးကပ်ကြားရသည်။ အဖွားတို့ကဆင်းရဲကာ အဖိုးကလည်းအလုပ်အကိုင်မယ်မယ်ရရမလုပ် သောက်သောက်စားစားပင် ဖြစ်သလိုနေလေသည်။ အဖွားကတော့သူဌေးအိမ်တစ်အိမ်တွင် မနက်ပိုင်း အိမ်အကူလုပ် သည်။ ထိုစဉ်ကဦးလေးမှာငါးတန်းကျောင်းသား သာရှိသေးသည်။

တစ်နေ့အဖွားအလုပ်လုပ်သည့် အိမ်တွင်အိမ်ရှင်၏သမီးမွေ့နေ့လုပ်တော့ ထိုအိမ်သို့အစောကြီးသွားရသည်။ အဖိုးလည်း သူ့အလုပ်သူသွားပြီဖြစ်ရာ အဖွားက ထိုအိမ်သို့မသွားမီနှင့် ဦးလေးအတွက် ထမင်းချက်ပေးခဲ့လေသည်။ ဆင်းရဲတော့ စားစရာမယ်မယ်ရရမလုပ်နိုင်ပါ။ ဖြစ်သလိုဆီဆမ်းစားရတာများပါသည်။ အဖိုးကသူသောက်နေကျအရက်သောက်နေရရင် အဆင်ပြေပြီမို့ စားစရာနှင့်ပတ်သက်၍ဘာမှမပြောပေ။ ထိုနေ့ကဦးလေးနေ့လည်ကျောင်းဆင်း၍ ထမင်းစားပြန်လာတော့ အုပ်ဆောင်းထဲတွင်ပူပူနွေးနွေး ဟင်းလေးခွက်အားတွေ့ရသည်။ ဟင်းကအကောင်းတွေမို့ အိမ်ကမချက်တာ သိသည်။ အဖွားအလုပ်လုပ်သောအိမ်ကယူလာသည်ထင်ကာ အားရပါးရစားလိုက်သည်။

ညနေကျောင်းဆင်းတော့ အဖွားအားဦးလေးကပြောပါသည်။ “အမေနေ့လည်ကယူလာတဲ့ဟင်းတွေ သိပ်ကောင်းတာပဲ””” “”ဟင် အမေယူမလာပါဘူး”” “”သားနေ့လည်ကစားလိုက်ရတယ်လေ ဟင်းအကောင်းတွေချည်းပဲ””” “”အမေယူ မလာပါဘူး မင်းအဖေဝယ်လာတာများလား”” “”ဖေဖေကဘယ်တုန်းကဝယ်ဖူးလို့လဲ”” “”ထူးဆန်းတာ””” ဦးလေးမှာ အဖွားနှင့်ငြင်းခုန်ကြရင်း စာကြည့်စားပွဲတွင်ထိုင်လိုက်တော့ စကားစပြတ်သွားရလေသည်။ ဦးလေးလည်း ဆက်မပြော တော့ပေ။

ဒီလိုနဲ့နောက်တစ်နေ့ထမင်းစားပြန်တော့ ဦးလေးတို့အိမ်ဘက်မှ ဦးလေး၏ငယ်သံပါအောင်အော် လိုက်သောအသံကြောင့် နှင်းနှင်းတို့အိမ်မှအဖေနှင့် လူကြီးအချို့ဦးလေးတို့အိမ်ဘက် ပြေးသွားကြသည်။ အော်သံတွေကြားရသော်လည်း အဲဒီတုန်း က နှင်းနှင်းတို့ကကလေးပီပီ စားဖို့ကစားဖို့ပဲစိတ်ဝင်စား တာမို့သွားမကြည့်ဖြစ်ပေ။ နှင်းနှင်းတို့ အဖေရောက်သွား တော့ ဦးလေးသည်နေ့လည်ထမင်းချိန် ထမင်းစားရန်အိမ်နောက်ဖေးအဝင် ထမင်းစားပွဲတွင် ဓားတစ်ချောင်းတည်းသခွားသီး လှီးနေသည်ဟုပြောလေသည်။

အဖေတို့လည်း ထမင်းပွဲထဲတွင်ပူပူနွေးနွေးဟင်း လျာလေးငါးမျိုးကိုတွေ့ရသည်။ အဖွားကသူမချက်ဘူးဟုဆိုသည်။ အဖိုးကသူ့အလုပ်တွင်ပင်နေကာ နေ့လည်ခင်းအိမ်မပြန်ပါ။ ထူးဆန်းသည်က သခွားသီးအလွန် ရှားပါးသော အချိန် ဖြစ်ကာ မည်သူမျှမချက်သော ဟင်းများနှင့်အတူသခွားသီးက တို့စရာလုပ်ရန်ဓားတစ်ချောင်း ကသူ့ဘာသာ လှီးနေခဲ့ သည်။ မည်သူမည်ဝါတည်ချက်သည်ဆိုသည်ကိုတော့ နှင်းနှင်းတို့ကြီးလာသည်အထိ အဖြေရှာ မရပါ။ အဲဒီတုန်းက နှင်းနှင်းတို့အရမ်းကြောက်ခဲ့ရကာ အပေါ့အလေးဆိုတစ်အိမ်လုံးထသွားမှ ထသွားရဲသည့် အခြေအနေဖြစ်ခဲ့သည်။

ထိုအဖြစ်အပျက်များမှာယခုအချိန်ထိ နှင်းနှင်း၏ ဘဝအမှတ်တရများဖြစ်ကာ ပရလောကဆိုတာလက်တွေ့ ဖြစ်ကြောင်း နှင်းနှင်း၏ မိတ်ဆွေများကိုလည်း သိစေချင်ပါသည်။ ယခုချိန်ထိလည်း နှင်းနှင်းတို့မိသားစု ဒီတပ်ရင်းလေးမှာပဲ နေထိုင်တာမို့ နေရပ်အမှန်ချမပြခဲ့တာကို မိတ်ဆွေများအနေဖြင့်နားလည်ပေးစေလိုပါသည်။

(ဖြစ်ရပ်မှန်အားဖတ်၍အဆင်ပြေစေရန် စီကုံးရေးသားပါသည်။ ကာယကံရှင်၏ ဆန္ဒအရ နေရပ်နှင့်နာမည်များ လွဲထားပါသည်)

Mon Mon Khaing

Leave a Reply

Your email address will not be published.

x

You cannot copy content of this page