ကိုဗစ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းရန် နိုင်ငံတကာသိပ္ပံပညာရှင်များ တရုတ်ကို ရောက်လာပါပြီ

ကိုဗစ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းရန် နိုင်ငံတကာသိပ္ပံပညာရှင်များ တရုတ်ကို ရောက်လာပါပြီ

ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့တဲ့ တရုတ် အလယ်ပိုင်း ဝူဟန်မြို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာသုတေသီပညာရှင်အဖွဲ့ ယနေ့ ကြာသပတေးနေ့မှာ ရောက်ရှိလာပြီလို့ သိရပါတယ်။ ကိုဗစ် ကပ်ရောဂါ မူလအစကို စုံစမ်းစစ်ဆေးဖို့အတွက် တရုတ်အစိုးရက ခွင့်ပြုပေးခဲ့ပြီးနောက် ခုလို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝူဟန်မြို့ကို စေလွှတ်ခဲ့တဲ့အဖွဲ့မှာ ပညာရှင် ၁၀ ဦးလိုက် ပါလာပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ရောဂါစတင်ဖြစ်ပွားမှုအကြောင်း စုံစမ်းဖို့ တိုင်ကြားခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်ပြီး စုံစမ်းနေတာပါ။တရုတ်နိုင်ငံကို လာရောက်စုံစမ်းဖို့ လပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်အစိုးရက အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစပြီး လူပေါင်း ၁.၉ သန်း သေဆုံးခဲ့တဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက လင်းနို့တွေနဲ့ တခြားတိရစ္ဆာန်တွေကနေ ကူးစက်လာတယ်လို့ သိပ္ပံပညာရှင်တွေက သံသယရှိနေကြပါတယ်။ တရုတ်နိုင်ငံက ရောဂါပျံ့နှံ့မှုကို ခွင့်ပြုခဲ့တယ်ဆိုတဲ့ နိုင်ငံအသီးသီးက တိုင်ကြားချက်တွေကိုတော့ တရုတ်အစိုးရက ငြင်းဆိုထားပြီး ဗိုင်းရပ်စ်ပိုးဟာ ပြည်ပက ဝင်လာပြီး နိုင်ငံခြားက တင်သွင်းတဲ့ ပင်လယ်စာက ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ယနေ့ ဝူဟန်မြို့ကို နိုင်ငံတကာသိပ္ပံပညာရှင် အဖွဲ့ရောက်ရှိလာတဲ့အကြောင်းကိုတော့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနကနေ ဖော်ပြသွားပါတယ်။ ဒီပညာရှင်အဖွဲ့မှာတော့ အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန် အစရှိတဲ့နိုင်ငံတွေက ဗိုင်းရပ်စ်နဲ့ အခြားကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။

ယခုလို စုံစမ်းစစ်ဆေးမယ့်အဖွဲ့နဲ့ တရုတ်သိပ္ပံပညာရှင်တွေ အမြင်ချင်းဖလှယ်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပြီး သက်သေအထောက်အထား စုဆောင်းဖို့ ခွင့်ပြုခြင်းရှိမရှိ အတည်မပြုခဲ့ပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သိပ္ပံညာရှင်တွေအနေနဲ့ ဝူဟန်မှာ ရောဂါစစ်ဆေးမှု ခံရဦးမှာဖြစ်ပြီး ၂ ပတ်ကွာရန်တင်း ဝင်ရမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကွာရန်တင်း ရှိနေစဉ် တရုတ်ကျွမ်းကျင်သူတွေနဲ့ ဗီဒီယိုကွန်ဖရင် ပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page