ထိုင်းနိုင်ငံရဲ့ အိုမီခရွန် ခံစစ်စည်း ပေါက်သွားပါပြီ (ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိခြင်း)

ထိုင်းနိုင်ငံတွင် ကိုဗစ်ဗီဇပြောင်းပိုး အိုမီခရွန်ပြည်တွင်းကူးစက်မှုအဖြစ် နိုင်ဂျီးရီးယားမှပြန်လာသည့် လေယာဉ်မှူး၏ ဇနီး၌ ကူးစက်ခံရကြောင်း ထိုင်းကျန်းမာရေးဌာနက ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ယင်းထိုင်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ကိုလံဘီယာလေယာဉ်မှူးသည် ကာကွယ်ဆေး (၂) ကြိမ်ထိုးထားပြီးသူဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၂၆) ရက်နေ့က နိုင်ဂျီးရီးယားမှ ရောက်လာစဉ် ကိုဗစ်ပိုးမရှိကြောင်း ဓါတ်ခွဲအဖြေရထားသည်ဟု သိရှိရပါတယ်။

ထို့နောက် ဟိုတယ်တွင် အသွားအလာကန့်သတ်နေထိုင်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင်လည်း တတိယအကြိမ် ကာကွယ်ဆေးကို ထပ်မံထိုးထားကြောင်း သိရပါတယ်။

ဒီဇင်ဘာ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ ဇနီးဖြစ်သူ၏နေအိမ်တွင် သွားရောက်နေထိုင်စဉ် လည်ချောင်းနာ၊ ချောင်းဆိုး၍ ဒီဇင်ဘာလ(၆) ရက်နေ့တွင် ထပ်မံစစ်ဆေးရာတွင်လည်း ကိုဗစ် မတွေ့ရကြောင်း ဓါတ်ခွဲအဖြေရတယ်လို့ သိရပါတယ်။

မသက်သာသဖြင့် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆေးရုံသွားရာ ကိုဗစ် P တွေ့ရပြီး အိုမီခရွန်ဖြစ်ကြောင်း စစ်ဆေးတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

ဇနီးဖြစ်သူကိုလည်း နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ပြီး ဒီဇင်ဘာလ (၁၀) ရက်နေ့၌ စစ်ဆေးရာ အိုမီခရွန် ကူးစက်ခံထားရသည်ကို တွေ့ခဲ့ရသဖြင့် ၎င်းအားဆေးရုံပို့ပေးသည့် တက္ကစီဒရိုင်ဘာကိုလည်း ထပ်မံစစ်ဆေးရန် အသွားအလာကန့်သတ်ထားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံတွင် နိုင်ငံပြင်ပမှ ဝင်လာသူများထံတွင်သာ အိုမီခရွန်ကူးစက်မှုကို တွေ့ခဲ့ရခြင်းဖြစ်ပြီး ယနေ့တွင် ပြည်တွင်းကူးစက်သူ တဦး စတင်တွေ့ရခြင်း ဖြစ်ပါတယ်။

ယနေ့တွင် ကော့စမွီသို့ရောက်လာသည့် ဗြိတိန် (၂)ဦးနှင့် ဘယ်လ်ဂျီယံ (၁) ဦးတို့တွင်လည်း အိုမီခရွန်ကူးစက်ထားသည်ကို တွေ့ရသဖြင့် ၎င်းတို့စီးနင်းလာသည့် လေယာဉ်မှ အမှုထမ်းများနှင့် အတူစီးလာသည့် ခရီးသည်များ၊ ၎င်းတို့ တည်းခိုနေသည့် ဟိုတယ်ဝန်ထမ်းများကို အသွားအလာကန့်သတ်၍ စစ်ဆေးရန်လုပ်ထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page