ပြင်သစ် သတိထားရမယ့် မော်ရိုကိုရဲ့ ဝှက်ဖဲ တချပ် (သို့) ဂိုးသမား ဘိုနို
ယနေ့ညမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ မော်ရိုကို အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ လူအများအပြားက ပြင်သစ် အသင်း အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက် သွားမယ်လို့ မှန်းထားကြပေမယ့် အသင်းကြီးတွေကို အနိုင်ရရှိလာတဲ့ မော်ရိုကို အသင်းကို လျှော့တွက်လို့ မရပါဘူး။
ခံစစ်ကောင်းတဲ့ မော်ရိုကိုအသင်းရဲ့ အဓိက ဝှက်ဖဲကတော့ အသင်းရဲ့ ဂိုးသမား ဘိုနိုပဲ ဖြစ်ပါတယ်။ ဘိုနိုဟာ စပိန်ကလပ် ဆီဗီးလားအသင်းမှာ လက်ရှိကစားနေသူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဆီဗီးလားအသင်းနဲ့အတူ ယူရိုပါ ဖလားကို ရရှိခဲ့ပါတယ်။
ဂိုးသမား ဘိုနိုဟာ လက်ရှိကမ္ဘာ့ဖလားမှာ ၄ ပွဲ ကစားခဲ့ပြီး ၃ ပွဲမှာ ဂိုးမပေးရအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ ရှုံးထွက် ၁၆ သင်းအဆင့် ဘောလုံးအင်အားကြီး စပိန်အသင်းနဲ့ တွေ့ဆုံစဉ်မှာ ပင်နယ်တီ ၂ လုံးကို ကာကွယ်ပေးနိုင်ခဲ့ပြီး မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်စေခဲ့တာပဲ ဖြစ်ပါတယ်။
မော်ရိုကို ဂိုးသမား ဘိုနိုဟာ ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့တာကြောင့် ကနေဒါ အသင်းနဲ့ မော်ရိုကို အသင်းကို ကိုယ်စားပြု ကစားခွင့် ရခဲ့ပေမယ့် မော်ရိုကိုအသင်းကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကို အသင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက ပွဲထွက်ကစားခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ ခုနဲ့ အာဖရိကနိုင်ငံများပြိုင်ပွဲ ၃ ခုတို့မှာ ပါဝင်ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။
ယနေ့ညမှာ တိုက်စစ်အားကောင်းတဲ့ ပြင်သစ်အသင်းနဲ့ ခံစစ်အားကောင်းပြီး အသင်းကြီးမှန်သမျှကို တွေ့မရှောင်တဲ့ မော်ရိုကိုအသင်းတို့ရဲ့ အားပြိုင်ပွဲကတော့ စိတ်ဝင်စားစရာပါပဲ။ မော်ရိုကိုအသင်း အနိုင် ရရှိသွားပါက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်း အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပြီး ပြင်သစ်အသင်း အနိုင်ရရှိခဲ့ရင်တော့ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ စတုတ္ထမြောက် အသင်းအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ရလဒ် ဘယ်လို ဖြစ်လာဦးမလဲ ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။