တတိယကမ္ဘာစစ် ဖြစ်နိုင်တဲ့ အခြေအနေကို တိတ်တဆိတ် အဆုံးသတ်နိုင်ခဲ့တဲ့ သူရဲကောင်းတဦး

တော့ပ်ဂန်း အစစ်ကိုဂုဏ်ပြုခြင်း (ရေးသားသူ – မင်းမြတ်စံ)၊ တွမ်ခရုစ်မမွေးခင် ၁၀ နှစ်အလို ၁၉၅၂ မှာ အစွမ်းပြခဲ့တဲ့ အမေရိကန်ရဲ့ တော့ပ်ဂန်းအစစ်ကို နှစ် ၇၀ ကျော် ကြာပြီးမှ ထိုက်တန်တဲ့ ဆုတံဆိပ် ဂုဏ်ပြုနိုင်ခဲ့ပါတယ်။

အသက် ၉၇ နှစ်အရွယ် ရေတပ်လေယာဉ်မှူးဟောင်းကြီး ရွိုက်စ် ဝီလျံကို ဇန်နဝါရီ ၂၀ ရက်က ရေတပ်ရဲ့ ဒုတိယ အဆင့်အမြင့်ဆုံး Navy Cross ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့တာပါ။

ရေတပ်သားတွေရထားတဲ့ ဆုတံဆိပ်တွေထဲက အဆင့်မြှင့်တင်ဖို့လိုအပ်တယ်လို့ သုံးသပ်ခဲ့တဲ့အဆိုပြုချက်တွေထဲက ရွိုက်စ် ဝီလျံအတွက် ဆုတံဆိပ်ကို အမေရိကန်ရေတပ်ဝန်ကြီး ကာလို့စ် ဒီလ်တိုရိုကိုယ်တိုင် ချီးမြှင့်ခဲ့ပါတယ်။

ဒီဆုတံဆိပ်ရဖို့ အကြောင်းဖန်ခဲ့တာက ကိုရီးယားစစ်ပွဲကာလ ၁၉၅၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာပါ။ အသက် ၂၇ နှစ်အရွယ် ဝီလျံဟာ တခြားတိုက်လေယာဉ်မှူးသုံးဦးနဲ့အတူ အမေရိကန်ရေတပ်ရဲ့ ပထမဆုံးဂျက်တိုက်လေယာဉ် F9F Panther တစ်စီးကို မောင်းနှင်ပျံသန်းခဲ့ပါတယ်။

မြောက်ကိုရီးယား ကမ်းရိုးတန်းနဲ့ မိုင် ၁၀၀ အကွာ အရှေ့ပင်လယ်လို့ လူသိများတဲ့ ဂျပန်ပင်လယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တခြားစစ်သင်္ဘောသုံးစင်းနဲ့အတူ ရှိနေတဲ့ လေယာဉ်တင်သင်္ဘော USS Oriskany ကနေ ဝီလျံတို့ရဲ့ ဂျက်တိုက်လေယာဉ် ၄ စင်း ပျံတက်ခဲ့တာပါ။

သူတို့ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ မြောက်ဘက်အကျဆုံး ယာလူးမြစ်နားမှာ လေကြောင်းကင်းလှည့်ဖို့ အမိန့်ရခဲ့ပါတယ်။ တည်နေရာရဲ့ အရှေ့မြောက်ဘက်မှာ ရုရှား တစ်နည်း ဆိုဗီယက်ယူနီယံရဲ့ တစ်စိတ်တစ်ပိုင်း ရှိနေပြီး ပဋိပက္ခမှာ မြောက်ကိုရီးယားကို ထောက်ပံ့နေသူ ဖြစ်ပါတယ်။

ဝီလျံတို့ရဲ့ လေယာဉ်လေးစင်းအုပ် ကင်းလှည့်နေတုန်း အဖွဲ့ခေါင်းဆောင်ရဲ့ လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ပြဿနာ ကြုံတွေ့ခဲ့ရတဲ့နောက် သူ့ရဲ့ wingman လေယာဉ်နဲ့အတူ ကမ်းလွန်က တပ်ဖွဲ့သို့ ပြန်လှည့်သွားခဲ့ရပါတယ်။ ဒါနဲ့ ဝီလျံနဲ့ အဖော်တစ်စင်းပဲ ကျန်ရစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆိုဗီယက် MiG-15 ဂျက်တိုက်လေယာဉ် ၇ စင်းဟာ အမေရိကန်ရေတပ်အုပ်စုဆီ ဦးတည်သွားနေတာကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အမေရိကန်တပ်မှူးတွေက ဝီလျံတို့ F9F Panther နှစ်စီးကို MiG တိုက်လေယာဉ်တွေနဲ့ အမေရိကန်စစ်သင်္ဘောတွေ ကြားမှာ နေရာယူဖို့ အမိန့်ပေးခဲ့ပါတယ်။ ဆိုဗီယက် MiG တွေရဲ့ ရင်ဆိုင်ပစ်ခတ်မှု မလုပ်ဖို့တော့ တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် MiG-15 တွေက အရင် ဝီလျံတို့ကို ပစ်ခတ်လာပါတယ်။ ဒါနဲ့ ဝီလျံလည်း ပြန်တိုက်ခိုက်ရပါတော့တယ်။

MiG-15 တွေဟာ အဲဒီအချိန်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂျက်တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ ဝီလျံမောင်းတဲ့ F9F ထက် MiG-15 က ပိုမြန်မြန်မောင်းနိုင်ပြီး ဒိုင်ဗင်ထိုးလို့လည်း ပိုကောင်းပါတယ်။ F9F ကတော့ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဦးတည်ထုတ်လုပ်ထားတဲ့ ရေတပ်တိုက်လေယာဉ်ပါ။ ဒါပေမယ့် အမြင့်မှာ ပိုကြံ့ကြံ့ခံနိုင်ပြီး ၂၀ မီလီမီတာ စက်အမြောက် ၄ လက်ရဲ့ ပစ်အားက MiG-15 ထက် သာလွန်ပါတယ်။

ဝီလျံဟာ လေ့ကျင့်ထားတဲ့အတိုင်း ပေါ့ပါးတဲ့ MiG-15 တွေ သူ့ကို ဖမ်းမမိအောင် အဆက်မပြတ် ရှောင်တိမ်းရင်း တိုက်ပွဲဝင်ခဲ့ပါတယ်။ တိုက်ပွဲပြီးတော့ ဆိုဗီယက် MiG-15 ၇ စင်းအနက် ၃ စင်းသာ စခန်းကို ပြန်ဆင်းနိုင်ပါတယ်။

တိုက်ပွဲမှာ သူ့ F9F တိုက်လေယာဉ်မှာပါတဲ့ ၂၀ မမစက်အမြောက်ကျည် ၇၆၀ အားလုံးကို ဝီလျံပစ်ခတ်ခဲ့ပါတယ်၊ MiG-15 တွေရဲ့ ပစ်ခတ်မှုကြောင့် ဝီလျံလေယာဉ်ရဲ့ တက်မနဲ့ တောင်ပံမျက်နှာပြင်ထိန်းချုပ် ကိရိယာတွေ အလုပ်မလုပ်တော့ဘဲ လေယာဉ်အမြီးပိုင်းယက်ပြားနဲ့ပဲ ထိန်းပြီး လေယာဉ်တင်သင်္ဘောဆီ ပြန်ရပါတယ်။

နောက်မှာကျန်တဲ့ MiG-15 တစ်စီးက လိုက်ပစ်နေသေးလို့ အပေါ်-အောက်ပဲ လှုပ်လို့ရတော့တဲ့ လေယာဉ်ကို ရိုလာကိုစတာလို မောင်းခဲ့ရပါတယ်၊ ကံအားလျော်စွာ ဝီလျံ့အဖော်လေယာဉ် ပြန်ရောက်လာပြီး MiG ကို မောင်းထုတ်လိုက်နိုင်လို့ ဝီလျံ ဆင်းသက်ခွင့်ရပါတယ်။

ဒါပေမယ့် ဝီလျံ့ F9F ကို ရန်သူ့ MiG နဲ့မှားပြီး လေယာဉ်တင်သင်္ဘောရဲ့ အစောင့်လိုက်သင်္ဘောတွေက ပစ်ခတ်ခဲ့ကြပြန်ပါတယ်။ ဝီလျံ့တပ်မှူးက ပစ်ခတ်မှု ရပ်တန့်စေပြန်တော့လည်း ဝီလျံဟာ ချွတ်ယွင်းနေတဲ့လေယာဉ်ကို ကုန်းပါတ်ပေါ်တည့်တည့်ဆင်းသက်နိုင်အောင် သင်္ဘောနဲ့ လိုက်လျောညီထွေဖြစ်အောင် ပဲ့ထိန်းလို့ မရတော့ပါဘူး။ သူ့လေယာဉ်ဟာ အပေါ်-အောက်ပဲ ရွှေ့လို့ရတော့တာမို့ လေယာဉ်တင်သင်္ဘောက ပြန်ပြီး လေယာဉ်နဲ့ အလိုက်သင့်ဖြစ်အောင် ဦးတည်ချက်ကို ညှိပေးခဲ့ရပါတယ်။

အခြေအနေအရ ဝီလျံဟာ သူ့လေယာဉ်ကို ဆင်းသက်ဖို့ သတ်မှတ်အမြန်နှုန်းထက် အများကြီးမြန်ပြီး ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်တင်သင်္ဘောပေါ် တတိယနဲ့ နောက်ဆုံးအထိန်းကြိုးက လေယာဉ်ကိုချိတ်မိခဲ့ပြီး ရပ်တန့်သွားပါတယ်။ ဘေးကင်းသွားတဲ့ ဝီလျံ လေယာဉ်ပေါ်က ဆင်းလာတော့ သူ့ F9F ကိုယ်ထည်မှာ ကျည်ဆန်ပေါက် ၂၆၃ ပေါက် တွေ့ရပါတယ်။ ကျည်ဆန်ရာဗလပွနဲ့ ရေတပ်တိုက်လေယာဉ်ကို သင်္ဘောပေါ်ကနေ ရေထဲတွန်းချလိုက်ခြင်းနဲ့အတူ ဖြစ်စဉ်ကို အမေရိကန်တွေက မြှုပ်နှံပစ်ခဲ့ပါတယ်။

အမေရိကန်က ဆက်သွယ်ရေး ကြားဖြတ်ကိရိယာသစ်တစ်မျိုး စမ်းသပ်နေချိန်ဖြစ်ပြီး ဆိုဗီယက်တွေကို ကြားဖြတ်နားထောင်နိုင်ခဲ့တယ်ဆိုတာ ပေါ်သွားလို့ မဖြစ်ပါဘူး။ အဓိကကတော့ ဆိုဗီယက် ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ပွဲဖြစ်ခဲ့ပြီး လေးစင်း ပစ်ချနိုင်ခဲ့တယ်ဆိုတာကို ဂုဏ်ယူထုတ်ပြောရမယ့်အချိန် မဟုတ်သေးပါဘူး။

ဒုတိယကမ္ဘာစစ်ပြီးတာ ၇ နှစ်ပဲ ရှိသေးပြီး နောက်ထပ် ကမ္ဘာစစ်တစ်ခုကို ဘယ်သူမှ မတိုက်ချင်ပါဘူး။ ဝီလျံကို သမ္မတအိုက်ဆင်ဟောင်ဝါကိုယ်တိုင် တွေ့ဆုံချီးကျူးခဲ့ပေမယ့် အဖြစ်အပျက်ကို တရားဝင်လျှို့ဝှက်ထားစေခဲ့ပါတယ်။

၁၉၅၃ ခုနှစ်မှာ ဝီလျံကို ရေတပ်က Silver Star တံဆိပ် ချီးမြှင့်ခံခဲ့ပေမယ့် ဆိုဗီယက်လေယာဉ်ရယ်လို့ မပါဘဲ ရန်သူလေယာဉ် ၃ စင်း ပစ်ချနိုင်ခဲ့တာကြောင့်လို့သာ ရည်ညွန်းခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ရုရှားဘက်က မှတ်တမ်းတွေထုတ်ပြန်မှသာ ဝီလျံဟာ Mig-15 လေယာဉ် ၄ စင်း ပစ်ချနိုင်ခဲ့တယ်လို့ အသိအမှတ်ပြုခံခဲ့ရပါတယ်။

အမေရိကန်ဘက်က မှတ်တမ်းတွေကို လုံခြုံမှုအဆင့် ဖြုတ်ပယ်လိုက်တဲ့ ၂၀၀၂ ခုနှစ်အထိ ဝီလျံဟာ အဖြစ်အပျက်ကို သူ့အနီးဆုံးသူတွေကိုပဲ ပြောပြနိုင်ခဲ့ပါတယ်။ ရေတပ်ကနေ ဝီလျံ အငြိမ်းစားယူပြီး ဆယ်စုနှစ်တွေ ကြာလာတဲ့တိုင်အောင် မြောက်ကိုရီးယားကမ်းလွန်က ဆိုဗီယက်နဲ့ အမေရိကန် လေကြောင်းတိုက်ပွဲ အသေးစိတ်အချက်အလက်တွေကို လျှို့ဝှက်ထားဆဲပါ။ နောက်ဆုံးတော့ အစိုးရက သူ့ကိုဆက်သွယ်ပြီး ဒီတိုက်ပွဲမှတ်တမ်းကို လုံခြုံမှုအဆင့် မသတ်မှတ်တော့ပါဘူးလို့ အကြောင်းကြားမှသာ ဝီလျံက သူ့ဇနီးကို ပထမဆုံး အပြည့်အစုံ ပြောပြခဲ့ပါတယ်။

အဲဒီနောက် သူရထားတဲ့ ဆုတံဆိပ်တဲ့ ပိုမြင့်မားတဲ့ဂုဏ်ပြုမှု ရထိုက်တယ်လို့ စစ်မှုထမ်းဟောင်းတွေကော အကြောင်းသိ နိုင်ငံရေးသမားတစ်ချို့ကပါ ပြောဆိုလာကြပါတယ်။ ဒီလိုနဲ့ ကိုရီးယားစစ်ပွဲထဲက လေကြောင်းတိုက်ပွဲအပြီး နှစ်ပေါင်း ၇၀ ကျော်ကြာမှပဲ ရေတပ်ဝန်ကြီးဒယ်လ်တိုရိုက ဝီလျံရဲ့ Silver Star တံဆိပ်ကို Navy Cross ဆီ အဆင့်မြှင့်တင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အေးခေတ်တိုက်ပွဲသမိုင်းမှာ ဒီနေ့အထိ အထူးခြားဆုံး အမေရိကန်-ဆိုဗီယက် ဝေဟင်တွင်း လေယာဉ် စီးချင်းထိုး တိုက်ပွဲအဖြစ် သမိုင်းတွင်ရစ်တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page