ဘွဲ့ရ ဝန်ထမ်း လစာ ၁၇၀၀၀၀ ကျပ်ဆိုတဲ့ အလုပ်ခေါ်စာအပေါ် ဘွဲ့ရတဦးရဲ့ ဖွင့်ဟဝန်ခံချက်

ဘွဲ့ရဝန်ထမ်းအလိုရှိသည်။ ဘွဲ့ရလစာ ၁၇၀,၀၀၀ ကျပ်လို့ အလုပ်ခေါ်စာတွေ မြင်ရင် ရင်နာတယ်။ ၂၂၀,၀၀၀ ကျပ်လို့ တွေ့ရင် -ဲချင်တယ်။

ဆယ်တန်းမှာလည်း မအောင်မချင်း ကြိုးစားရတာတွေ၊ Day ပဲတက်တက်၊ အဝေးသင်ပဲတက်တက်၊ လေးနှစ်လောက်ကို ဖယ်ရီသမားကို လုပ်ကျွေး။ ကျူရှင်ပြတဲ့ ဆရာမတွေကို လုပ်ကျွေး။ လိုင်းကားစီး နေပူကျဲတဲ အမဲခြောက်အဖြစ်ခံ။ ဝေးလံခေါင်ဖျား သွားတက်ခဲ့ရတာ။ ပြန်ရတော့ တစ်လကို ၁၇၀,၀၀၀ တဲ့လား။

တက္ကသိုလ်ဆိုတာ တွေးတက်ခေါ်တက်အောင် သင်ပေးတာတဲ့။ မတွေးတက်ခဲ့ဘူး။ တွေးဖို့အချိန်မရှိခဲ့ဘူး။ ၆ ပုဒ်ဖြေနိုင်ဖို့၊ အောင်မှတ်ရဖို့၊ နောက်တနှစ်မြန်မြန်တက်ရဖို့၊ ဒါပဲ။ တွေးတက်ဖို့လည်း မသင်ပေးခဲ့သလို ကိုယ်တိုင်လည်း မတွေးခဲ့ကြဘူး။

နေ့စဉ် ဖယ်ရီစီးရတဲ့ဒုက္ခ၊ လိုင်းကားစီးရတဲ့ဒုက္ခ၊ ဘားလောက်နီးနီး စျေးကြီးတဲ့ ကန်တင်းမှာ ဝယ်စားရတဲ့ဒုက္ခ၊ နားမလည်တဲ့စာတွေကို စာကြည့်တိုက်မသွား၊ အွန်လိုင်းမှာမရှာ၊ သုတေသန မရှိ၊ လက်တွေ့ခန်း မရှိဘဲ ဘောလ်ပင်နဲ့ရေးကျက်နေရတဲ့ဒုက္ခ၊

ဒီဒုက္ခမျိုးစုံနဲ့ ၄နှစ် ၅နှစ်တက်ပြီးမှ “အမေ သား ၁၇၀,၀၀၀တန်အလုပ်ရပြီ”လို့ ဝမ်းသာအားရပြေးဖက်ပြီး ပျော်ရတဲ့ဘဝ။ ပညာဆိုတာ ဘာညာတွေမပြောပါနဲ့ သိပြီးသား ကျောင်းသား တစ်ထောင်မှာ အယောက်၉၀၀ကျော်က ဒီပညာတွေ စိတ်ဝင်စားလွန်းလို့ လာတက်ကြတာမျိုးမဟုတ်ဘဲ မှီတဲ့အမှတ်နဲ့ ရတဲ့ကျောင်းကိုတက် အဲ့ကျောင်းကဘွဲ့ကိုမြန်မြန်ယူပြီး ဘွဲ့လက်မှတ်ကိုင် အလုပ်ရှာကြတာ ဒါငြင်းမရတဲ့အချက်။

ရင်နာလိုက်တဲ့ဖြစ်ခြင်း၊ ဘွဲ့ရအိမ်ဖော်၊ ဘွဲ့ရ လုံခြုံရေး၊ ဘွဲ့ရ ဒရိုင်ဘာ၊ ဘွဲ့ရ သန့်ရှင်းရေး၊ ဘွဲ့ရ စျေးသည်၊ ယူထားတဲ့ဘွဲ့နဲ့ လုပ်ရတဲ့အလုပ်ကတခြားစီ။ နံရံမှာ ကပ်ထားတဲ့ ဘွဲ့ယူတဲ့ ပုံတစ်ပုံရဖို့ အချိန် လေးငါးနှစ်နဲ့ ငွေသိန်းပေါင်းများစွာရင်းခဲ့ရတဲ့အဖြစ်။

အင်ဂျင်နီယာဘွဲ့ရကို တလ၃သိန်းတဲ့ စုပြုံတိုးနေရတဲ့ဘဝ၊ ဘိန်းရောင်းပြီး ဘီလီယံနာဖြစ်တဲ့ကောင်တွေ အဘတွေ၊ အဖေတွေနဲ့ အကြောင်းသင့်လို့ ခရိုနီဖြစ်နေတဲ့ ကောင်တွေ ခိုးထားတာကို ပြန်စစ်ခွင့်မရှိတဲ့နိုင်ငံမှာ သူခိုးလို့ အခေါ်မခံရတဲ့ကောင်တွေ အောက်မှာ တို့များဘွဲ့ရတွေက ကျွန်သာသာပဲ ကျွန်ပဲဆိုပါတော့လေ။

ဆယ်တန်းမအောင်ရင် ဆက်မဖြေရင် မြန်မြန်ကျွန်ဖြစ်ပြီး တက္ကသိုလ်ဆက်တက်ရင် ဘွဲ့ရရင် နောက်မှ ကျွန်ဖြစ်မယ်။ ဒီနိုင်ငံ၊ ဒီအခြေအနေ၊ ဒီပညာရေးမှာ ဒီလိုဖြစ်နေဦးမှာပဲ မျှော်လင့်မိတယ်။ ●ဝါသနာပါတာကို တက်ခွင့်၊ လေ့လာခွင့်တွေ ●တက်သွားရင်ရလာမယ့် ထိုက်တန်တဲ့ဘွဲ့၊ ●အဲဒီဘွဲ့ကို လေးစားတန်ဖိုးထားမယ့် လူ့အသိုင်းအဝိုင်းတစ်ခု ●ကိုယ်ကျွမ်းကျင်ရာဘွဲ့နဲ့ စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ရင်း ရလာမယ့် တူတူတန်တန်လုပ်အားခ ဘယ်တော့များမှ ဖြစ်လာမလဲ။

ကိုယ်တွေ မမီလည်း နောက်မျိုးဆက်တစ်ခုအတွက် မျှော်လင့်မိတယ်။ ခုတော့ နံရံ ပေါ်ကပ်ထားတဲ့ ဘွဲ့ရ ၁၇၀,၀၀၀တန်ကြော်ငြာလေးကိုကြည့်ရင်း (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page