ပြင်မဆုံးတဲ့ ဓာတ်အားလိုင်း၊ များပြားလှတဲ့ မီတာခနဲ့ လျှပ်စစ်မီး နပ်မမှန်တော့တဲ့ ရန်ကုန်မြို့ကြီး

လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက် ရှိနေပြီး၊ လျှပ်စစ်မီးကို လေးနာရီ အလှည့်ကျ ပေးနေတာ ဖြစ်ပါတယ်။ ထိုသို့ မီးပေးနေရာတွင် ဓါတ်ငွေ့ပိုင်လိုင်းတစ်ခု အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှာဖြစ်လို့ ရန်ကုန်မှာ မီးပိုပြတ်မယ့် အခြေအနေ တစ်ခုလည်း ဖြစ်ပေါ်နေပါတယ်။

ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များအပါအဝင် မြို့နယ်အချို့တွင် လျှပ်စစ်မီးယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၉ ရက် နံနက် ၃ နာရီအချိန်ခန့်က ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ကွန်ပရက်ဆာများ အရေးပေါ်ရပ်တန့်ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ် ရပ်တန့်ရမှု (Totally Shut Down )ဖြစ်ပေါ်သွားသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ထိုသို့ အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းလျက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမှာဖြစ်ပြီး၊ ပြုပြင်နေစဉ်တွင် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးပေး ဆောင်ရွက်သွားမယ် လို့လည်း YESC မှ ဆိုထားပါတယ်။

တစ်ဖက်မှာလည်း ဇန်နဝါရီ (၅)ရက်နေ့၊ (၁၂:၀၁)နာရီအချိန်ခန့်တွင် ပြိုလဲပျက်စီးခြင်း ဖြစ်ပွားခဲ့တဲ့ 66kV သာကေတ-စိန်းပန်းမြိုင်(၁)၊ (၂) ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် (၄၉) ဟာ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပြီ ဖြစ်ပြီး ပုံမှန်အတိုင်း ဓာတ်အား ပြန်လည်ချိတ်ဆက်ပို့လွှတ်နိုင်ရန် ထပ်မံဆောင်ရွက်ရဦးမယ်လို့ သိရပါတယ်။

ထိုသို့ ဆောင်ရွက်မှုကြောင့် ဇန်နဝါရီ (၁၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှ နေ့လည် (၁)နာရီအချိန်အထိ လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်တာကြောင့် လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း တောင်ဥက္ကလာပမြို့နယ်ရှိ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုမှာဖြစ်ကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမယ်လို့ YESC မှ ယနေ့မှာ အသိပေးထားပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့ရဲ့ မြို့နယ် အများအပြား လျှပ်စစ်မီးပြတ်တောက်လျက် ရှိပြီး လေးနာရီ အလှည့်ကျ မီးပေးစနစ် ပျက်ယွင်းကာ လာချင်တဲ့ အချိန်လာပြီး ပျက်ချင်တဲ့ အချိန်ပြတ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် လုပ်ငန်းဆောင်တာ ကိစ္စများ ရပ်ထားရကာ ပြည်သူများ အနေနဲ့ အခက်အခဲတွေ့နေရတယ်လို့ သိရပါတယ်။ နွေရာသီကျရင် ယခုထက် ပိုမိုဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့နေရတော့မယ်လို့လည်း ပြည်သူတွေက သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page