အပျော်ကနေ အပျက် ဖြစ်သွားတဲ့ တန်ဆောင်မုန်းလပြည့်ည (ပံ့သကူနဲ့ လုံးဝမတူတဲ့ ပိုက်ဆံကြဲခြင်း)

ယနေ့ည ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ကားတွေပေါ်ကနေ ကြဲချသွားတဲ့ ပံ့သကူ ပိုက်ဆံများကို လိုက်လံ ကောက်ယူနေကြသူတွေ ရှိပါတယ်။ ဗုဒ္ဓဘာသာတို့ရဲ့ အထွတ်အမြတ် နေ့ တနေ့ ဖြစ်တဲ့ တန်ဆောင်မုန်း လပြည့်နေ့ညမှာ ယခုလို အလှူအတန်း လုပ်တာက ကောင်းမွန်တဲ့ အလုပ် တခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကားပေါ်ကနေ ပိုက်ဆံကြဲချသွားတဲ့ လုပ်ရပ်ဟာ ပံ့သကူ အလှူနဲ့ နည်းနည်းမှ မဆိုင်ပါဘူး။ ပံ့သကူဆိုတာ လှူတဲ့သူနဲ့ အလှူခံတဲ့သူ မျက်နှာချင်းမဆိုင်ရတဲ့ အလှူမျိုးလို့ အလွယ်တကူ ပြောလို့ ရပါတယ်။ ကားပေါ်က ပိုက်ဆံ ကြဲချတဲ့ လုပ်ရပ်ဟာ ကာယကံရှင် ကိုယ်တိုင်က အလှူလုပ်တယ်ဆိုပေမယ့် နောက်ဆက်တွဲ ဂယက်တွေ အများကြီး ဖြစ်ပေါ်နိုင်ပါတယ်။

ပထမဆုံး ဖြစ်နိုင်တဲ့ ကိစ္စကတော့ ပိုက်ဆံကောက်မယ့်သူတွေဟာ ကားလမ်းပေါ်မှာ တက်နေတာကြောင့် ယာဉ်အန္တရာယ် ဖြစ်နိုင်ပါတယ်။ ယာဉ်တိုက်မှု ဖြစ်လာပါက ပရဟိတ အသင်းတွေအနေနဲ့ အလုပ်ရှုပ်ဦးမှာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ တန်ဖိုးရှိလှတဲ့ ငွေ၊ အချိန်၊ လုပ်အား၊ စက်သုံးဆီ စတဲ့ နောက်ဆက်တွဲ ကုန်ကျတာတွေ ရှိမှာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ လုံခြုံရေး ကိစ္စပဲ ဖြစ်ပါတယ်။ မနှစ်က ရန်ကုန်မြို့စွန်တနေရာမှာ ပိုက်ဆံကြဲတာ လိုက်ကောက်ရင်း ဆိုက်ကားမောင်းသူတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ မတည်ငြိမ်သေးတဲ့ အချိန်မှာ ယုတ်မာချင်တဲ့သူတွေက အမြဲတမ်းရှိပါတယ်။ အယောင်ဆောင် ပြုလုပ်မယ့် သူတွေကြောင့် တကယ် ထိခိုက်လာရင် ပြည်သူတွေပဲ ဖြစ်ပါတယ်။

အဲဒါအကျိုးဆက်တွေကြောင့် ပံ့သကူနဲ့ လုံးဝ မဆိုင်တဲ့ ပိုက်ဆံကြဲခြင်းကို ပြုလုပ်ဖို့ မသင့်ပါဘူး။ ရိုးရာယဉ်ကျေးမှုအတိုင်း ပံ့သကူပစ်ခြင်း၊ မုန့်ဖိုးပေးခြင်း စတဲ့ အလှူဒါနများကိုသာ ပိုမို အသားပေး ပြုလုပ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page