သီပေါမင်း ဂျင်းထည့်ခံလိုက်ရတဲ့ အရိန္ဒမာ လှံပျံစကြာတော် အကြောင်း

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကြီးမြို့ဟောင်းတွင် “ဖော့တစ်ပင်ရှောင်၊ အိုအောင်မဆင်းရဲ” ဟု အများက သတ်မှတ်သမုတ်ခံရသော လူရှုပ်လူပွေ ဖိုးသူတော်ကြီး ဦးဖော့ ၏ ပါးစပ်ဆော့မှုကြောင့် လက်ယာကြောင်း ‌ေ-သနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင် ဆိုသူ ဒုက္ခရောက်ခဲ့ဖူးသည်။

မဟုတ်တမ်းတရားများကို ကြံကြံဖန်ဖန် ပြောဆိုတတ်သော ဖိုးသူတော်ကြီး ဦးဖော့သည် ရတနာပုံ နေပြည်တော် သို့ ရောက်ရှိလာကာ မဟာရာဇာဓိရာဇဂုရု တံဆိပ်တော်ရ သောဘိတာရာမ ဆရာတော်ကြီး အား ဝင်ရောက်ဖူးမျှော်ပါသည်။

ထို့နောက် ဆရာတော်ကြီးအား ဟန်လင်းကြီးမြို့ဟောင်းရှိ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီး၏ ကုသိုလ်တော် ရွှေရပ်တော် စေတီတော် အနီးတွင် ဘုန်းသမ္ဘာ ထူးမြတ်သည့် မင်းကောင်းမင်းမြတ်များနှင့်သာ ထိုက်တန်သော အရိန္ဒမာလှံပျံစကြာကို မြှုပ်နှံထားကြောင်း ရှေးဟောင်း ကြေးပုရပိုက်တွင် အထင်အရှား တွေ့ဖူးကြောင်း ဖြီးဖြန်းလျှောက်ထားခဲ့ပါ၏။

ဖိုးသူတော်ကြီး ဦးဖော့၏ အကျင့်စရိုက် ကို သိတော် မမူရှာသော သောဘိတာရာမ ဆရာတော်ကြီးသည် ဤအကြောင်းအရာကို သီပေါမင်းတရားအား ထပ်ဆင့်မိန့်မြွက်တော်မူ လေတော့သည်။ ထိုအခါသီပေါမင်းသည် စိတ်ဝင်စားတော်မူသဖြင့် ရတနာသိင်္ဃမြို့ဝန် ရဲဘက်မြင်းဝန် ရှေ့ဝင်းတော်မှူး သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာဘွဲ့ခံ ဗိုလ်ပြင်နှင့် လက်ယာကြောင်း ‌ေ-သနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင်တို့အား ယင်းလှံပျံစကြာကို တူးဖော်ဆက်သရန် မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ် တပေါင်းလတွင် အမိန့်တော် ချမှတ်ပါ၏။

ယင်းအမိန့်တော်နှင့်အညီ လက်ယာကြောင်း ‌ေ-သနတ်ဗိုလ် ဗိုလ်အိမ်ကြီးမောင်သည် ဟန်လင်းကြီးကျေးရွာသို့ လာရောက်ကာ ဖိုးသူတော်ကြီး ဦးဖော့ ညွှန်ပြသော နေရာ၌ မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၈ ရက်၊ ကြာသပတေးနေ့ (ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်) တွင် စတင် တူးဖော်ပါ၏။

နေပူကျဲကျဲတောက် အရိပ်အာဝါသ ကင်းမဲ့သော လွင်တီးခေါင်၌ တူးဖော်ကြရသောကြောင့် တူးဖော်ရသူများ အလွန်ပင်ပန်း ဆင်းရဲကြပါ၏။ ရက်အနည်းငယ် ကြာမြင့်လာသော်လည်း ဖိုးသူတော်ကြီး ပြောဆိုသကဲ့သို့ လှံပျံစကြာကို မတွေ့ရသောကြောင့် တူးဖေါ်ရသူ လက်အောက်ငယ်သားများလည်း များစွာပင်ပန်းဆင်းရဲရလေသည်။

အထက်မှလည်း လှံပျံစင်္ကြအား မြန်မြန်တွေ့ချင်မြင်ချင်ဖြစ်သောကြောင့် ဖိအားပေးစေခိုင်းလျက်ရှိနေပါ၏။ထိုအခါ စိတ်ဆိုးစိတ်ထွက်လာသော ဗိုလ်အိမ်ကြီးမောင်က ဖိုးသူတော်ကြီး ဦးဖော့ အား လှံပျံစကြာ တွေ့လျှင်တွေ့၊ မတွေ့လျှင် လူ့ပြည်မှာ အရှင်မထားဘူး စသည်ဖြင့် လည်ကုပ်ပေါ် -ါးတင်ကာ ကြိမ်းဝါးလေတော့သည်။

သည်တွင် ဖိုးသူတော်ကြီး ဦးဖော့သည် လှံအကျိုးအပဲ့ အဟောင်းအမြင်း တစ်စင်းကို မရမနေ ရှာယူကာ လူသူမသိ ညဉ့်ကာလအချိန်တွင် ကျင်းထဲသို့ တိတ်တဆိတ် လာရောက်မြှုပ်နှံရကြောင်း ရှေ့မီနောက်မီ ပုဂ္ဂိုလ် များက ပြောပြဖူးပါသည်။

ဤအကြောင်းခြင်းရာကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲ စာမျက်နှာ ၃၄၃၊ စာကြောင်းရေ ၇ ၌ ဖိုးသူတော်ကြီး ဦးဖော့ အကြောင်းကို ထိမ်ချန်လျက် ကုသိုလ်တော်ပွားကန်တော် တူးဖော်ရာ၌ လှံပျံစကြာ တွေ့ရှိသောကြောင့် မြန်မာခုနှစ် ၁၂၄၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း ၄ ရက်၊ ဗုဒ္ဓဟူးနေ့ (ခရစ်နှစ် ၁၈၇၉ ခုနှစ်၊ မတ်လ ၁ ရက်) တွင် သီပေါမင်းတရား၏ ရှေ့တော်သို့ တပ်ဝင်းအခမ်းအနားဖြင့် တင်သွင်းရကြောင်း ဖော်ပြထားသည်ကို ဖတ်ရဖူးသဖြင့် ကုန်းဘောင်ဆက် မဟာရာဇဝင်လာ လှံပျံစကြာအရိန္ဒမာ နှင့် ပတ်သက်သော အကြောင်းခြင်းရာများကို ဆင်ခြင်ရန် ရှိပါလေတော့သည်။ ကိုးကား ၁။ မဟာရာဇဝင်ကြီးတော်ကြီး-ဦးကုလား ၂။ အလောင်းမင်းတရား အမိန့်တော်များ- ဒေါ်ခင်ခင်စိန် ၃။မောင်သန်းဆွေ (ထားဝယ်) ၄။တင်နိုင်တိုး (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page