နေပြည်တော်မှ လွဲ၍ ကျန်နေရာများ တနေ့ ခြောက်နာရီသာ လျှပ်စစ်မီးပေးနိုင်တော့မည်ဟုဆို

နေပြည်တော်မှအပ ကျန်တစ်နိုင်ငံလုံး နွေရာသီတလျှောက် ပျမ်းမျှတစ်ရက်ကို လျှပ်စစ်မီး ခြောက်နာရီပဲပေးနိုင်​မယ်လို့ စကစ လက်အောက်ခံ နေပြည်တော်လျှပ်စစ်ရုံးကနေ သိရပါတယ်။

“နေပြည်တော်က လောင်းတိုက်ရိုက်လိုင်း ရှိလို့ခံသာနေတာ။ ကျန်တာတွေက တစ်နိုင်ငံလုံးမှာ ရန်ကုန်ကသဘာဝဓါတ်ငွေ့သုံးစက်တွေနဲ့ လျှပ်စစ်ထုတ်ပြီးပေးနေရတာ။ အခုဓါတ်ငွေ့ဖိုး မပေးနိုင်တော့ တစ်နိုင်ငံလုံးပျှမ်းမျှခြောက်နာရီပဲရတော့မယ်” လို့ ပြောပါတယ်။

ရေအားလျှပ်စစ်ဟာ နွေရာသီမှာ ထုတ်လုပ်မှုကျဆင်းသွားတဲ့အပြင် ဓါတ်ငွေ့ထုတ်လုပ်မှုဟာ ဒေါ်လာနဲ့ကုန်ကျတာကြောင့် စကစက ငွေမတတ်နိုင်တော့ဘူးလို့ သိရပါတယ်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ် မှ စတင်ကာ မတ်လဆန်းပိုင်း ဝင်ရောက်လာချိန် လျှပ်စစ်မီး တစ်ခါပြတ်တောက်မှုဖြစ်ပွားပါက အနည်းဆုံး ခြောက်နာရီထက်မနည်း ကြာမြင့်ကြောင်း ဒေသခံများထံမှသိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နယ်မြို့ကြီးများတွင်လည်း လျှပ်စစ်မီးဆက်တိုက်ပြတ်တောက်မှုများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရန်ကုန်တိုင်းဒေသကြီးက လျှပ်စစ်သုံးစွဲမှု အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများရဲ့ ၇၅ ရာခိုင်နှုန်းဝန်းကျင်က ရန်ကုန်မြို့မှာပဲ တည်ရှိတာ ဖြစ်ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှု၊ ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတွေကြောင့် လာမယ့်သုံးလအတွင်း အခြေခံလူတန်းစားများအနေနဲ့ ဆယ်စုနှစ်အတွင်းအကျပ်တည်းဆုံး ကာလ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။

နာရီနှင့်ချီ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်းသိရပြီး နေ့အလင်းရောင်ရရှိသည့်အချိန်တွင် သဘာ၀အလင်းရောင် အဓိကထားသုံးစွဲပြီး လျှပ်စစ်ဓာတ်အားချွေတာရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ လူမူကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးနှိုးဆော်နေကြောင်း သိရပါတယ်.

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page