ဒီစာဖတ်ပြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဝင်ကြပါ (အုပ်ကြီးလုပ်မယ့်သူများ ဖတ်သင့်ပါတယ်)
အုပ်ချုပ်ရေးမှူးလောင်းလျာများသို့။
ယခုရပ်ပိုင်းကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ရွေးဖို့အတွက် ကျေးရွာထဲမှာ တာဆူနေကြပြီ။ လူတိုင်းမှာအုပ်ချုပ်ရေးမှူးလုပ်ပိုင်ခွင့်အားလုံးရှိပါတယ်။ သို့သော် ကိုယ့်အခြေအနေကို နားလည်ပြီးမှ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်အရွေးချယ်ခံကြပါ။
အထူးသဖြင့် ငါအုပ်ချုပ်ရေးမှူးဖြစ်ရင်တော့ ဘယ်လိုစားရမယ် ဘယ်လိုဝါးရမယ် ဘယ်သူ့ကိုဘယ်လိုလုပ်ပြလိုက်မယ်ဆိုတဲ့အတွေးတွေရှိနေရင် အခုကတည်းက ဝင်မပြိုင်တာအကောင်းဆုံးပါ။ ယနေ့ခေတ်က ဟိုးအရင်ခေတ်တွေလို စားဖို့ဝါးဖို့ခွင်ရှာလို့ရတော့တဲ့ခေတ်မဟုတ်တော့တာကိုတစ်ခုသတိထားစေချင်ပါတယ်။ စိတ်ကောင်းလေးနဲ့ ဝင်ပြိုင်စေချင်ကြတယ်
ငါအုပ်ချုပ်ရေးမှူးဖြစ်ရင်တော့ ဘယ်လိုနေရာတွေတိုးတက်အောင်လုပ်မယ် ငါ့လက်ထက်မှာ ရပ်ရွာအတွက်အရေးကြီးတဲ့ ပညာရေး ကျန်းမာရေး စီးပွါးရေး ရပ်ရွာရဲ့တရားဥပဒေစိုးမိုးရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ဘယ်လိုနေရာတွေကို ပိုပြီး ဦးစားပေးတိုးတက်အောင် လုပ်မယ်ဆိုတာကို ဦးစားပေးစေချင်ပါတယ် ဘာ target မှမရှိဘဲ ဥက္ကဋ္ဌဖြစ်ရင် ပြီးရောစိတ်နဲ့လဲ ဝင်မပြိုင်ကြပါနဲ့ ရွာနာတယ်။
အဲ့လိုမှမဟုတ်ဘဲ ငါအုပ်ကြီးဖြစ်ရင်တော့ လစာကဘယ်လောက်ရတာ ဘယ်ဟာတွေက ဘယ်လောက်ဝင်တာ စတဲ့ လာဘ်ကိုမျှော်နေရင်တော့ အခုကတည်းက မပြိုင်တာအကောင်းဆုံးပါ။ ဒီရွာရဲ့အခြေအနေကို ဒီရွာသူရွာသားတွေအသိဆုံးပါ ထိုင်နေတာအကောင်း ထသွားမှ အကျိုးမှန်းသိနေမယ်
အုပ်ကြီးမလုပ်ရလို့ ဘာမှမဖြစ်ဘူး အုပ်ကြီးလုပ်လိုက်မှ ထောင်နန်းစံရမဲ့ကိန်းကို အမြဲမသွေ သတိကပ်ထားကြပါ။ ရှေ့ရှေ့က အုပ်ကြီးလုပ်သွားသူတွေရဲ့ လက်ထက်မှာ ဘယ်သူ့လက်ထက်မှာ ဘာတွေတိုးတက်ခဲ့တယ်။ ဘယ်သူ့လက်ထက်မှာ ဘာတွေဆုတ်ယုတ်သွားတယ် စသဖြင့် ဖြစ်ပြီးခဲ့သမျှ အကောင်းအဆိုးအားလုံးဟာ ရွာသူရွာသားတွေရဲ့နှုတ်ဖျားမှာ သမိုင်းဝင်သွားပြီ ရာဇဝင်တွင်သွားပြီဆိုတာကို တစ်ချက်သတိထားပါ။
မဲပေးရွေးချယ်မည့်သူများကလဲ ရပ်ရွာနဲ့ သင့်တော်သူ ဘယ်လိုလူကို မဲပေးကမလဲဆိုတာကို စဉ်းစားစေချင်ပါတယ် ငါ့အမျိုးအုပ်ကြီးတက်မှာမလို့ ငါ့ဘော်ဒါကြီးအုပ်ကြီးလုပ်ရင် ငါလုပ်ချင်တာလုပ်လို့ရမှာမလို့ဆိုတဲ့ စိတ်နဲ့သာ မဲပေးရွေးချယ်လို့ကတော့ ကိုယ့်လည်ပင်းကို ကြိုးခွင်းစွပ်ထားသလို ဖြစ်နေမယ်ဆိုတာ သတိထားစေချင်ပါတယ်
အုပ်ချုပ်ရေးမှူးက တစ်သက်လုံးဖြစ်နေမှာ မဟုတ်ပါဘူး အုပ်ကြီးလုပ်နေစဉ်အတွင်း လုပ်ခဲ့တဲ့အလုပ်တွေကတော့ နောင်မျိုးဆက်တွေရဲ့ ပါးစပ်ထဲမှာပါ ပြောစရာစကားလုံးတွေအဖြစ် ရာဇဝင်တွင်နေမှာပါ။
မြိုင်ရာဇာ ဒဲ့ပီ