ဆရာကြီးဦးဘခင်ကို တရားပြသရန် ညွှန်ကြားသူ ဝေဘူဆရာတော် (သမိုင်းထဲက ဖြစ်ရပ်မှန်)
ဆရာကြီးဦးဘခင်ကို တရားပြသရန် ညွှန်ကြားသူ ဝေဘူဆရာတော်…
၁၉၄၁ ခုနှစ်မှာ ဆရာကြီး ဦးဘခင် အသုံးပြုသော ရထားတွဲကို မှား၍ ကျောက်ဆည်ဘူတာ၌ ဖြုတ်ထားခဲ့ပြီး ရထားမှာ ရှေ့ဆက် ထွက်သွားလေသည်။ ထို ဘူတာငယ်တွင် စာရင်းစစ်ရမည့် အစီအစဉ်မရှိပေ။ သို့သော်လည်း ထိုဘူတာ တွင် ရပ်မိပြီဖြစ်၍ စာရင်းစစ်အလုပ်ကို လုပ်ရလေသည်။ စာရင်းစစ်ပြီးသော် ရှေ့ဆက်ရမည့် ရထားမှာ ညနေမှ လာမည် ဖြစ်သောကြောင့် ဆရာကြီး ဦးဘခင်သည် ရုံပိုင်နှင့်အတူ ရွာဘက်သို့ ထွက်လာခဲ့သည်။ ခပ်လှမ်းလှမ်း တောအုပ်ထဲတွင် ကျောင်းတစ်ကျောင်း ရှိသည်။
ဦးဘခင်။ ။ အဲ့ဒီကျောင်းမှာ ဘယ်သူနေလဲ..
ရုံပိုင် ။ ။ တရားထိုင်တဲ့ ဘုန်းကြီးတစ်ပါးနေပါတယ်…
ဦးဘခင်။ ။ လာ… အဲဒီ သွားကြရအောင်။ အဲဒီ ဘုန်းကြီးကို ဖူးချင်ပါတယ်။
ရုံပိုင် ။ ။ ဆရာ… အခုလိုအချိန်မှာ အဲဒီ ဘုန်းကြီးက ဘယ်သူ့ကိုမှ အတွေ့မခံဘူး…
ဦးဘခင်။ ။ လာပါ သွားကြည့်ရအောင်… ဆရာကြီးဦးဘခင်နှင့် ရုံပိုင်တို့သည် ကျောင်းသို့ သွားကြသည်။ လမ်းတွင် လူတစ်ယောက်ကို တွေ့၍ မေးမြန်း စုံစမ်းကြည့်သောအခါ ” ညနေ ၆:၀၀ မှ ကျောင်းတံခါးဖွင့်တယ် ဒါပေမဲ့ သိပ်မကြာဘူး ပြန်ပိတ်တယ်။ ညနေ ၆:၀၀ မတိုင်ခင်တော့ မဖွင့်ဘူး”
ဦးဘခင်။ ။ ငါတို့ ကျောင်းအပြင်ကပဲ ကန်တော့ပြီး ပြန်ကြမယ်။ဘုန်း ကြီးကို ဒုက္ခမပေးချင်တော့ဘူး….. ဆရာကြီးဦးဘခင်သည် ကျောင်းရှေ့၌ ထိုင်လျက် ဝိပဿနာ၏ အနိစ္စ သဘောတရားကို နှလုံးသွင်းပြီးလျှင် ဦးသုံးကြိမ်ချပြီး ကန်တော့လေသည်။
“” တပည့်တော်တို့ အရှင်သူမြတ်ဘုရား၏ မေတ္တာတော်ကိုခံယူရန် ရောက်လာကြခြင်း ဖြစ်ပါသည်ဘုရား “” ဟူ၍ စိတ်ထဲကပင် လျှောက်ထား လိုက်လေသည်။ ထိုခဏ၌ပင် တံခါး ပွင့်လာသည်ကို တွေ့ရလေသည်။ ဝေဘူဆရာတော် ဘုရားကြီးနှင့် ဆရာကြီးဦးဘခင် စတင် တွေ့ဆုံမှုပင်ဖြစ်သည်။ ဆရာတော်က ” ဘယ်က လာကြသလဲ ” ဆရာကြီးဦးဘခင်က သူ မည်သူ မည်ဝါ ဖြစ်သည်ကို လျှောက်ထား လေသည်။ ထို့နောက်…
ဆရာတော်။ ။ ဘာအလို ရှိသလဲ…
ဦးဘခင် ။ ။ နိဗ္ဗာန်ပါ ဘုရား…
ဆရာတော်။ ။ နိဗ္ဗာန်ကို ဘယ်လိုလုပ်ရနိုင်သလဲ..
ဦးဘခင် ။ ။ ဝိပဿနာအားထုတ်ပြီး ရနိုင်ပါတယ်ဘုရား…
ဆရာတော်။ ။ ဝိပဿနာ အားထုတ်သလား…
ဦးဘခင် ။ ။ တင်ပါ့ဘုရား…
ဆရာတော်။ ။ ဝိပဿနာအားထုတ်နည်းဘယ်သူ့ဆီမှာ သင်သလဲ…
ဦးဘခင် ။ ။ ဆရာသက်ကြီးဆီမှာ သင်ပါတယ်ဘုရား…
ဆရာတော်။ ။ တောထဲမှာ ဘယ်နှစ်နှစ်လောက် အားထုတ်ဖူးသလဲ…
ဦးဘခင် ။ ။ တောထဲတော့ တစ်ခါမှမသွားဘူးပါဘုရား။ အိမ်မှာပဲ တရား အားထုတ်ပါတယ်…
ဆရာတော်။ ။ ဘယ်လို အားထုတ်သလဲ…
ဆရာကြီးက သူအားထုတ်သည့်နည်းကို ဝေဘူဆရာတော်ကြီးအား လျှောက်ထား ပြောပြလိုက်လေသည်။ ဝေဘူဆရာတော်သည် ဦးဘခင်နှင့်အတူ တရားထိုင်သည်။ ထို့နောက် ဝေဘူဆရာတော်က အံသြစွာ အမိန့် ရှိတော်မူသည်။ “” ငါတို့ နှစ်ပေါင်းများစွာ တောထဲမှာနေပြီး ရရှိတဲ့အရာ ကို ဒကာက အိမ်မှာနေပြီး ရရှိတယ်။ အလွန်တရာ ကုသိုလ်ထူးတယ်။ ပါရမီရှင် တစ်ဦး ဖြစ်ပေတယ်။ ဒကာဆီမှာ အင်မတန် ကြီးမားတဲ့ ပညာရှိနေပြီ။ လူတွေ အဲဒီပညာ ရဖို့လိုတယ်။ အချိန်ဆွဲ မနေနှင့်။ လူတွေကို အဲဒီ ပညာ ချက်ချင်း သင်ကြား ပြသပေးပါ ”
ဦးဘခင် ။ ။ အိမ်ပြန်ရောက်တဲ့အခါ တပည့်တော် ကြိုးစားပါ့မယ် ဘုရား…
ဆရာတော်။ ။ အိမ်ပြန်ရောက်အောင် မဆိုင်းနှင့်။ ယနေ့ ယခု အချိန်မှစ၍ သင်ကြားပြသပါ။ တစ်ဦးဦးအတွက် အကျိုးရှိလာပါလိမ့်မယ်…
ဆရာကြီးဦးဘခင်သည် ရုံပိုင်နှင့်အတူ ရွာထဲ ပြန်လာသည်။ ဘူတာရုံ ရောက်သည်နှင့် သူ၏တွဲထဲ တက်သွားသည်။ ရုံပိုင်၏ တောင်းပန်ချက်အရ ဆရာကြီးဦးဘခင်သည် ရုံပိုင်အား အာနာပါနနည်းကို သင်ကြား ပြသ ပေးလေသည်။ ထိုရုံပိုင်သည် ဆရာကြီးဦးဘခင်၏ ပထမဆုံးသော ယောဂီတပည့် ဖြစ်လာလေသည်။
ကလျာဏမိတ္တ အက်စ်အင် ဂိုအင်ကာ