ကိုဗစ်သတ်ကွင်းမှ ဒဏ်ရာအပြင်းအထန်ဖြင့် လွတ်မြောက်အောင် ဆုတ်ခွာလာခဲ့ခြင်း

“ကိုဗစ်သတ်ကွင်းမှ ဒဏ်ရာအပြင်းအထန်ဖြင့် လွတ်မြောက်အောင် ဆုတ်ခွာလာခဲ့ခြင်း”

(စာရေးဆရာ ငြိမ်းအေးအိမ်)

(၁) အသက်(၆၀)ကျော် ဆီးချို၊ သွေးတိုးရှိ အော်တို အင်မျူးရှိ စီပိုး ကုသထားသည့် ရာဇဝင်ရှိ ဒီအချိန်/အခြေအနေမျိုးမှာ ကိုယ့်ဆီ ကိုဗစ်ဝင်လာရင် ဂိ အိမ်ပြန်ရတော့မယ့် လမ်းမသိ မိတ်ဆွေများနဲ့ ကမ္ဘာမြေကို ကြိုတင် နှုတ်ဆက်ထားပါ၏။ (စစ်ကြီးအပြီးတွင် အိမ်ပြန်မရောက်လာနိုင်တော့သော စစ်သားတစ်ဦး၏ နောက်ဆုံး နှုတ်ဆက်စာ) …

ဝစီဗေဒ ထိတိုင်းရှ ဆိုတာများ မှန်တတ်လေသလား။ ဒီပို့စ်ကို စက်တင်ဘာလ အစောပိုင်းလေးက ကျွန်တော် ရေးတင်ခဲ့မိဖူးတယ်။ တကယ်ကြုံလိမ့်မယ်လို့ ဘယ်ထင်မိမတုန်း။ ပထမလှိုင်းစကတည်းက ဆေးခန်းကလွဲရင် အိမ်အပြင်လုံးဝမထွက်၊ ဒုတိယလှိုင်းအစမှာ ဆေးခန်းပါ ပိတ်လို့ အိမ်တံခါးအပြင်ဘက် ခြေတစ်လှမ်းမထွက်ခဲ့တာ လနဲ့ချီပြီ။ အပြင်သွားစရာရှိသူ (တခါတရံ)က ကျန်တဲ့အိမ်သားသုံးဦး။ စားစရာဝယ်ဖို့၊ ဘဏ်ကိစ္စ၊ အလုပ်ကိစ္စ၊ ပညာရေးလူမှုရေးကိစ္စကလွဲလို့ ဘယ်မှ မထွက်ကြတာ။ ကိုဗစ်ဟာ မာယာများလွန်းတယ်။ ကျွန်တော့်မှာ အပြင်နဲ့ထိတွေ့မှုဆိုလို့ မနက်လင်းရင် ဝရံတာပေါ် ပစ်တင်ထားလေ့ရှိတဲ့ သတင်းစာ ၂စောင် ကောက်ဖတ်တာရယ်၊ ဒယ်လီနဲ့မှာတဲ့ စာအုပ်တွေ ဖေါက်ဖတ်တာရယ်ပဲရှိတယ်။ ဒီကြားထဲက သူနဲ့ အလွတ်ကင်းဆုံးနေတဲ့ကောင်ဆီကိုမှ ကိုဗစ်က တည့်တည့် ဝင်တိုးချလာခဲ့တယ်။ (ကိုဗစ်ပိုးဆိုတာ စက္ကူတွေပေါ်မှာ ကြာကြာ မရှင်နိုင်ဘူးလို့လည်း ဖတ်ရတာပဲ)

(၂) အောက်တိုဘာ သုံးရက်နေ့မှာ နှာနည်းနည်း စီးတယ်။ ကိုယ်နည်းနည်းပူပြီးဖျားတယ်။ သာမာန်ပဲထင်တာတာပေါ့။ တစ်အိမ်လုံးလည်း အကောင်း။ ကိုယ်က အပြင်မှ မထွက်တဲ့လူကိုး။ လေးရက်နေ့ အဖျားနည်းနည်း ပိုပြင်းလာတယ်။ ချောင်းဆိုးတယ်။ (ချောင်းကတော့ နဂို ရောဂါအခံ လည်ချောင်းနာနေရာက ယားယားပြီး ဆိုးတတ်တော့ အရင်လိုပဲထင်ပြီး ငုံဆေးငုံပေါ့။) အဖျားပျောက်ဆေး၊ အကိုက်ခဲပျောက်ဆေးသောက်ပြီး မှိန်းနေလိုက်တယ်။ အစာလည်း နဂိုလည်ချောင်းအနာကြောင့် မမျိုနိုင်ဘူးဆိုတော့ ဘာမှ မစားသလောက်၊ မဝင်သလောက်ပဲ။ ငါးရက်နေ့ မနက်မှာတော့ အနံ့ပျောက်တာ သတိထားမိပြီ။ အဲ့ဒီမတိုင်ခင်ကတည်းက ဝမ်းက ဆယ်ခါမက စသွားနေပြီ။ မနက်လင်းတော့ အိမ်ကို အသိပေးရတယ်။ အနံ့ပျောက်နေပြီပေါ့၊ စင်တာကို သွားမယ်ပေါ့။

အဲ့ဒီမှာ အိမ်က ဆုံးဖြတ်ချက်ချတယ်။ ကိုဗစ်ဖြစ်လို့ ကူးပြီဆို တစ်အိမ်လုံးကူးပြီးလောက်ပြီ။ ဒီအခြေအနေနဲ့ တစ်ယောက်တည်း စင်တာကို လွှတ်ဖို့ မဖြစ်နိုင်ဘူး၊ တစ်အိမ်လုံးသွားရမယ်ဆိုလည်း ကိုယ်ခွဲမရှိတဲ့ မိသားစုလေးယောက်ကို ဘယ်လိုစီမံခန့်ခွဲရမှန်းမသိဘူး။ ဒီလိုနဲ့ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးသာ ဆုံးဖြတ်ရတယ်။ အဲ့ဒီအချိန်မှာ ကိုယ်တွေက အိပ်ရာထဲကနေ မတ်မတ်ထိုင် မတ်တပ်ရပ်ဖို့တောင် တစ်ယောက်တည်း မဖြစ်တော့ဘူး။ လူဟာ ဆွဲချသလို အားအင် ကုန်ခမ်းသွားတာ။ ခြေလှမ်း ၂၀လောက်သာရှိတဲ့ အိမ်သာကိုတောင် လူအကူမပါရင် မရောက်တော့ဘူး။ ဝမ်းကလည်း နာရီဝက်တစ်ခါလောက်ကို သွားနေတာ။ အဲ့ဒါအပြင်နေ့လည်ဘက်မှာ အသက်ရှူရတာ မောလာတယ်။ ပိုဆိုးတာက နဂိုရောဂါဖြစ်တဲ့ အစာမျိုမရတဲ့ ရောဂါကြောင့် ဘာအစာမှ မဝင်တာ။ ဆေးရုံက အများကိုကျွေးတဲ့အစာစားပြီး ကုသခံဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

စင်တာတွေမှာ လူနာနဲ့ ဆေးဝန်ထမ်း မလုံမလောက်ဖြစ်နေတာ၊ လူနာတွေအတွက် နေရာအခက်အခဲတွေ အတော်ဖြစ်နေတာ။ အဖေါ်မပါတဲ့ သက်ကြီးရွယ်အိုတွေ အရမ်းအခက်ခဲတွေ့နေရတာတွေက သိထားကြားထားပြီးသား ဖြစ်နေတော့ မိသားစုက ကိုယ်တွေ တစ်ယောက်တည်းလွှတ်ဖို့ ပိုစိတ်မချတော့ အိမ်မှာပဲ တစ်အိမ်လုံး လော့ခ်ဒေါင်း ချပြီးနေမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ မဒမ်ရဲ့ အမျှော်အမြင်ကြီးကြီး ကြိုတင်စုဆောင်းထားမှုကြောင့် ရိက္ခာစို/ခြောက် တစ်လစာလောက် ပြည့်စုံနေတာကလည်း အိမ်ကို လော့ခ်ဒေါင်းရဲရဲ ချစေနိုင်တဲ့ အချက်တစ်ခုပဲ။

တကယ်တော့ ဒီဆုံးဖြတ်ချက်ကို မိသားစု သံယောဇဉ်ကြီးကြီးနဲ့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်ခဲ့ကြတာဖြစ်သလို၊ သူတို့ကိုယ်တိုင် မနိုင်ဝန်ထမ်းနေရတဲ့ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုကို ကိုယ်လည်းသက်သာရာရမှာမဟုတ်တဲ့အခြေအနေမျိုးနဲ့ ဝန်သစ်တစ်ခု ထပ်တိုးမပေးဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်ကြတာလည်းဖြစ်တယ်။

ဒီမှာ ကျေးဇူးတင်စရာကောင်းတာကတော့ ကျွန်တော့်နောက်တန်း ထောက်/ပို့ အဖွဲ့ပဲ။ အခြေအနေကို ပြောပြလိုက်တာနဲ့ ဒီအချိန်မှာ အတော်ရှာရခက်တဲ့ အောက်ဆီဂျင်အသက်ရှူစက်တစ်စုံ၊ လေသန့်စက်တစ်စုံကို ညနေအမီရောက်အောင် ရှာပြီး တပ်ဆင်ပေးရှာတယ်။ ဆီးချို/သွေးတိုးသမားမို့၊ ဒါနဲ့ပတ်သက်တဲ့စက်တွေပစ္စည်းတွေ အလုံအလောက်ရှိထားသလို၊ သွေးတွင်းအောက်ဆီဂျင်တိုင်းစက်လေးတစ်လုံးပါ ကြိုရှာထားမိတော့ လူတစ်ယောက်စာ အသေးစားဆေးရုံလေးတစ်ခုတော့ ချက်ချင်း ဖန်တီးလိုက်နိုင်ပြီပြောရမယ်။ အိမ်က မိသားစုနဲ့ ရုံးက အဖွဲ့တွေပဲ လိုအပ်တဲ့ဆေးဝါး စက်ပစ္စည်းတွေ ရှာကြ/ တပ်ဆင်ကြနဲ့ ကိုယ်ကိုယ်တိုင်ကတော့ အိပ်ရာထဲမှာ အသက်ရှူဖို့တောင် အတော် ကြိုးစားနေရပြီ။

အဲ့လို အခက်ကြီးထဲမှာပဲ တကယ်လို့ မနက်ဖြန်ကျန်တဲ့ မိသားစုတွေပါ ဆက်နေမကောင်းဖြစ်ရင် ပလဲန်ဘီအဖြစ် တစ်အိမ်လုံးဆေးရုံသွားရမယ့်ကိစ္စကို ကြိုစီစဉ်စဉ်းစားနေရသေးတယ်။ (တကယ့်တကယ် တိုက်ပွဲခွင်ထဲကျတော့ သူတို့နှစ်ယောက်က နှာစေးသလို ဖျားသလို တစ်ရက်လား ဖြစ်လိုက်ကြတယ်။ သမီးကတော့ အနံ့ပျောက်တာ တစ်ပတ်လောက်ကြာတယ်။ မဖျားဘူး။ ဘာမှ မဖြစ်ဘူး၊ မယ်ဒီးကတော့ ဘာမှကို မဖြစ်လိုက်တာ)

(၃) ဝမ်းလျှောတာနဲ့ဖျားတာက (ကြွက်သားတွေ၊ ကိုယ်အလေးချိန်တွေ၊ ခွန်အားတွေပါ ဆွဲချသွားခဲ့တဲ့အထဲ) ဆိုးဆိုးရွားရွားအဆစ်မြစ်ကိုက်ခဲတဲ့ ဝေဒနာ၊ ကြွက်သားနာတဲ့ဝေဒနာအပြင် အဆိုးဆုံးက ကုန်းပေါ်ပစ်တင်ခံထားရတဲ့ ငါးတစ်ကောင် ပါးဟတ်ဟစိဟစိနဲ့ အသက်ရှူရသလို နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ကို ခက်ခက်ခဲခဲ အသက်ရှူနေရတာပဲ။

အဲ့ဒီအချိန်မှာ ကျွန်တော့်သမီးဟာ ဘယ်အချိန်က သူနာပြုသင်တန်းတက်ပြီး/ဆင်းပြီးသွားမှန်း သူကိုယ်တိုင်တောင် သိလိုက်ပုံမပေါ်ဘူး။ တကယ့်သူနာပြုကြီးတစ်ယောက်လို အဖေ့ကို ပြုစုနေပြီ။ ရေပတ်တိုက်၊ ကိုယ်အပူချိန်တက်မှာစိုးလို့ နဖူးရေပတ်ဝတ်တင်၊ အချိန်မှန်ဆေးတိုက်၊ သူ့ရင်ခွင်ထဲထည့်ပြီး အစာတစ်ဇွန်းဝင်ဝင် နှစ်ဇွန်းဝင်ဝင်ရအောင်တိုက်၊ အဲ့ဒါပြီးရင်တော့ အဖေ့အိပ်ရာဘေးမှာ ဝင်ခွေပြီး ဘုရားစာတွေရွတ်၊ ပဌာန်းတွေရွတ်၊ မေတ္တာသုတ်တွေရွတ်ရင်း နေတော့တာပဲ။

သမီးတစ်ယောက်ဟာ အဲ့ဒီအချိန်လေးမှာတော့ သူကိုယ်တိုင် အမေဖြစ်သွားပါတော့တယ်။ ငယ်ငယ်ကဖျားတော့ အမေ့ရင်ခွင်ထဲမှာ မှိန်းနေခဲ့ရဖူးသလို၊ ကြီးမှ ခုလိုဖျားတော့လည်း အမေ့ရင်ခွင်အစား သမီးရင်ခွင်မှာ ဖျားခွင့်ရခဲ့တယ် လို့ပဲ ဆိုရပါမယ်။ မယ်ဒီးကတော့ သူ့အဖွားနဲ့ သူ့အခန်းထဲမှာပေါ့။

အသက်ရှူရခက်လို့ အောက်ဆီဂျင်ပိုက်မဖြုတ်တန်းရှူနေရချိန်မှာ အခက်ဆုံးတစ်ခု ကြုံရတာက လက်က သွေးတွင်းအောက်ဆီဂျင်ကို တိုင်းနေရင်း ကိန်းဂဏန်းတွေက ကိုယ့်မျက်စေ့အောက်တင် တဖြုတ်ဖြုတ်ကျဆင်းနေတာ ၇၇ ထိ ရောက်နေပြီ။ ကျသွားတဲ့ ကိန်းဂ္စဏန်းတွေကို လက်နဲ့ လိုက်ဆွဲတင်လို့ကလည်း မဖြစ်/မရ။ အောက်ဆီဂျင်ပိုက်က ဂီယာနံပတ်က ငါးရောက်နေပြီ။ ကုန်နေပြီ။ ထပ်တိုး/မြှင့် လို့မရတော့။ အဲ့ဒီချိန်မှာ ဖြစ်တဲ့ စိုးရိမ်စိတ်ဟာ ငယ်ထိပ်ကိုဖေါက်ပြီး မျက်နှာကျက်ကို ရောက်နေပြီ။ ရသမျှလေကို ရသမျှလေးသာ ကြိုးစားရှူရင်း အခြေအနေ (ဒါမှမဟုတ်) သေရမယ့်အချိန်ကို စောင့်နေရပြီ။ တော်တော်ကြီးကြာသွားတော့မှ တဖြည်းဖြည်းနဲ့ (၉ဝ) အပေါ်ကို ရောက်လာတယ်။ အဲ့ဒီကာလရှည်ကြီးဟာ ပင်ပန်းလိုက်တာ။

ဒီနေရာမှာ သွေးတွင်း အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်တယ်။ ခုလောက်ဆို အားလုံးလည်း သိပြီးလောက်ပါပြီ။ (၉၅) ကနေ (၉၉) အတွင်းဆို ပုံမှန်အခြေအနေ၊ (၉၃) အောက်ဆိုရင် အောက်ဆီဂျင်ရှူပေးဖို့၊ ဒါမှမဟုတ် ရှူစရာရှိနိုင်တဲ့ ဆေးရုံလိုဟာမျိုးကို အမြန်ပို့ဖို့ဆိုတာပါပဲ။ တစ်ယောက်က ပြောတာ (၉၃)ရောက်ပြီဆို must be ဆေးရုံကို ပို့ကိုပို့ရမယ်ဆိုတာမျိုးပြောလို့ပါ။ အခု ကျွန်တော့်ပြန်လည်ထူထောင်ရေးကာလမှာတောင် (၉၁/၂/၃/၄) လောက်နဲ့ နေတာပါ ။ လူကောင်းတုန်းကလို (၉၅)နဲ့ အထက် အကြာကြီးရှိနေဖို့ ခက်ပါတယ်။ ပြောချင်တာက အစိုးရိမ်မလွန်ဖို့နဲ့ သတိ မပေါ့ဖို့ပါ။ တကယ်တော့ ကျွန်တော်သုံးနေတဲ့ အောက်ဆီဂျင်စက်တောင်မှ ဆေးရုံတွေမှာ ပိုက်လိုင်းတွေနဲ့ သွယ်ပေးထားတဲ့ အောက်ဆီဂျင်လောက် မိုးထဲရေထဲမှာ အကူညီကောင်းကောင်း မပေးနိုင်ဘူးဆိုတာ နောက်မှ သိရတယ်။ တိမ်းပါးမှုများတာလည်း ဒီအောက်ဆီဂျင်ကြောင့်ပဲ ထင်ပါတယ်။

ကျွန်တော်တော့ အဆိုးရွားအခက်ခဲဆုံးကာလကို တစ်ပတ်လောက် ကျော်ဖြတ်လိုက်ရပါတယ်။ တစ်ပတ်လောက်မှာ အနံ့ပြန်ရလာပြီး အဲ့ဒီနေ့မှာပဲ အဖျားကျလာတယ်။ ဝမ်းလျှောတာကတော့ အဲ့ဒီမတိုင်ခင် တစ်ရက်က ရပ်သွားပါပြီ။ အောက်ဆီဂျင်လည်း (၉၁/၂/၃)လောက်မှာ တန်းနေပြီ။ ဝမ်းသာစရာ အကောင်းဆုံးကတော့ အဆုပ်ထဲကို လေအပြည့်ရှူသွင်းနိုင်တဲ့ ကြွက်သားခွန်အား ပြန်ရလာတာပါပဲ။ မြန်မြန်တော့ မဟုတ်၊ ဖြည်းဖြည်းလေးလေး ရှူသွင်းလေ့ကျင့်ယူနေရတာပေါ့။ ဒါပေမယ့် အရင်လောက် မမောတော့ဘူး။ အသက်ရှူလို့ ဝလာတယ်။

ဝေဒနာခံစားနေရတဲ့ တောက်လျှောက်မှာ ဆီးချို၊ သွေးတိုး၊ နှလုံးခုန်နှုန်း၊ အောက်ဆီဂျင်ပါဝင်မှုတွေအားလုံးကို တောက်လျှောက်မှတ်တမ်းယူထားပါတယ်။ (တကယ်က အဲ့လို မှတ်တမ်းယူတာ ခုရောဂါမဖြစ်ခင် သုံးနှစ်လောက်ကတည်းက ကျွန်တော် နေ့စဉ်လုပ်နေတဲ့ အကျင့်ပါ။ ဒီအကျင့်က ရလာတဲ့ မှတ်တမ်းတွေဟာ မိုးထဲရေထဲအရောက်မှာတော့ အတော် အသုံးတည့်ခဲ့ပါတယ်။) အဲ့ဒီမှတ်တမ်းတွေကို ဆရာဝန်တွေကို ဆက်တိုက်အစီရင်ခံပြီး သူတို့ဆီက သောက်ရမယ့်ဆေးတွေကို ညွှန်ကြားမှုခံယူပါတယ်။ ကိုဗစ်ကာလကြီးက သင်ကြားပေးလိုက်တဲ့ အွန်လိုင်းက ကုသခြင်းနဲ့ ကုသမှုခံယူခြင်း နယူးနော်မယ်ပါပဲ။

(၄) မြန်မြန်ပြန်နလံထူလာနိုင်ရေးမှာ အဓိကကျတာကတော့ ကျွန်တော့်အတွက်လိုအပ်တဲ့ဆေးဝါးအစုံအလင်၊ ကုသရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်မှုနဲ့ ကြက်ပေါင်းနဲ့ ငှက်သိုက်ကို ပါးစပ်ထဲဝင်နိုင်သမျှကျွေးနေရှာတဲ့သမီးရဲ့ စိတ်ရှည်ြုပုစုမှုတွေပါ။

မဖြစ်မနေ ကျေးဇူးတင်ရမှာ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း To A Better Health ပါ။ ကျွန်တော်က ဆရာမကြီးရဲ့ ဟောပြောပို့ချချက်တွေ စာတမ်းတွေကို ဖတ်ပြီး သူညွှန်တဲ့ ဖြည့်စွက်စာတွေနဲ့ ခနာကိုယ်ကို ကျားကန်ထားရတာ သုံးလေးနှစ်လောက်ရှိပါပြီ။ အဓိက ကတော့ D3,CoQ10,K,Probiotic တွေပါပဲ။ ကျန်တာတွေတော့ လိုတဲ့အချိန်လိုသလို သောက်ပါတယ်။ အခြားရောဂါတွေလည်းရှိတော့ သွေးစစ်တာကို သုံးလေးလ တစ်ကြိမ်လောက် ပုံမှန်လုပ်နေချိန်မှာ ဒီသရီးနဲ့ သိုင်းရွှိုက်ကိုပါ တစ်ခါတည်း စစ်လေ့ရှိပါတယ်။

ဒီတစ်ခေါက်ကတော့ ကိုဗစ်မွှေတာနဲ့ ဓာတ်ခွဲခန်းတွေလည်း ပုံမှန်မလုပ်၊ ကိုယ်တွေလည်း သွားရမှာ ကြောက်တာနဲ့သွားမစစ်ဖြစ်တာပါ။ ခုတော့ ရောဂါဖြစ်တာနဲ့ ဒီသရီးကို ၅၀၀၀၀ အားတွေသုံးပြီးအမြန်မြှင့်ရပါတယ်။ စီနဲ့ ဇင့်ကို မနက်ည သောက်တယ်။ သွေးတိုးက တက်ချင်ချင်ဖြစ်လာတော့ အရင် တစ်ရက်ကို ၅မမ တစ်လုံးသောက်ရာက မနက်ည ၂လုံးသောက်တော့ ငြိမ်သွားပါတယ်။ သွေးချိုကတော့ အစာမဝင်လို့ ထွေထူးပြီးဆေးနဲ့ညှိစရာမလိုပဲ ငြိမ်နေပါတယ်။ အဆုပ်အတွက်တော့ N-Acetyi တစ်လုံးထည့်ပါတယ်။ ကျွန်တော်ကြောက်တာ နှလုံးပါ။ သူဖေါက်လာရင် ခက်ပြီမို့ စောင့်ကြည့်ရပါတယ်။ သူ့ခုန်နှုန်းက နဂိုရှိနေ၊ နေနေတဲ့အတိုင်းမို့ စိတ်ချရပါတယ်။ အဲ့တော့ ကိုယ့်ကိုယ်ခံအားကိုယ်နိုင်သမျှမြှင့်ရင်း သေမင်းကျည်ဆံနဲ့ လက်ယှက်ထိုးပစ်နေတဲ့ ကိုဗစ်သတ်ကွင်းကို ကျော်ရင်း ကိုယ့်တပ်ရင်း ကတုပ်ကျင်းကို လက်လှမ်းမီဖို့ တစ်တွားချင်းတွားပြီး ဖေါက်ထွက်လာခဲ့ရပါတယ်။

ဒီဓာတ်ပုံလေးကတော့ ကျွန်တော့် တပ်ရင်းမှာ တလူလူလွှင့်ထားနိုင်ခဲ့တဲ့ ကျွန်တော့် အလံတော်ပါ။ ဒီအလံတော် ဒီစိတ်နဲ့ ကျွန်တော် နောက်တစ်ကြိမ်ပြန်လာနိုင်ခဲ့ပုံရပါတယ်။ ဒီပုံအတွက် ဆရာမ Nay Nay Htoo ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့် လက်ရှိကျန်းမာရေးအခြေအနေကတော့ ခုရေးတဲ့ စာမျက်နှာ ငါးမျက်နှာကို ငါးရက်ခွဲရေးရပါတယ်။ အစာ ပုံမှန်မစားနိုင်ပါ။ မသေရုံတော့ စားနိုင်ပါပြီ။ တစ်ကိုယ်ရေကိစ္စတွေ ကိုယ်တိုင်လုပ်နိုင်ပါပြီ။ လမ်းမကောင်းကောင်းမလျှောက်နိုင်သေး။ လေ့ကျင့်ခဏ်းဝေး။

(ခုလောက် မြန်မြန် နလံထူတာ တစ်ရက်ကို အနည်းဆုံးတစ်နာရီ နှစ်ပေါက်အောင် နေ့စဉ်မပြတ်လေ့ကျင့်ခဏ်းလုပ်ထားတာရယ်၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဆေးလိပ်ကြိုဖြတ်ထားမိတာရယ်လည်း ပါပါလိမ့်မယ်။)

ခုဆို ကိုဗစ်သတ် ကျွန်တော့်ကို သတ်တာ၊ သူ့သတ်ကွင်းကို ကျွန်တော် ကျော်နင်းနိုင်ခဲ့တာ (၂၅)ရက်ရှိပါပြီ။ ကမ္ဘာမြေကြီးက သူ့ဆီ ခဏပြန်လာလည်ဖို့ ခွင့်ပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။ ဒီရက်တွေကြားထဲမှာ ကိုယ့်မိတ်ဆွေတွေထဲက စစ်ကြီးရဲ့ အကျအဆုံးစာရင်းမှာ ပါသွားကြတာတွေကိုလည်း စိတ်မကောင်းစွာ မြင်ကြားနေရပါတယ်။

မိတ်ဆွေများ သတိကြီးကြီး ဉာဏ်ကြီးကြီးနဲ့ ကိုဗစ်သတ်ကွင်းကို ရှောင်နင်းနိုင်ကြ ကျန်းမာပျော်ရွှင်ကြပါစေ။

ခုချိန်မှာတော့ All Quiet on the Western Front

နောက်တန်းဆေးရုံမှာ ဒဏ်ရာတွေကို ကုစားရင်းနဲ့ တတိယလှိုင်းကို ငါဖြတ်နိုင်ပါ့ဦးမလား စဉ်းစားနေရပါပြီ။

ချစ်ခြင်းဖြင့် – ငအအ
၂၆အောက်တိုဘာ၊ ၂၀၂၀၊ ၂၀း၄၃ နာရီ၊ ရန်ကုန်။

လေးစားစွာဖြင့် Blacker

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page