ကြက်သွန်နီဈေး ရုတ်တရက် (၂) ဆတက်၊ ဈေးကောင်းရတိုင်း ပြည်ပပို့နေ၍ ပြည်တွင်းဈေးတက်ဟုဆို

ပြည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီများကို ပြည်ကဝယ်ယူမှုများပြားပြီး ပြည်တွင်းကုန်စည်လက်ကျန်နည်းပါးသည့်အတွက် စျေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၁၂၀၀ နီးပါးစျေးတက်လာကြောင်း မန္တလေးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ သိရပါတယ်။

“ပြည်ပက အဝယ်လိုက်လာတော့ ကြက်သွန်နီစျေးက ဆက်တိုက် မြင့်တက်လာနေတယ်။ စျေးကွက်ထဲမှာက ကြက်သွန်နီဝယ်ပြီးလှောင်တဲ့ ကုန်သည်ကများနေတာ စျေးအမြင့်ဆုံးထိရောက်အောင် စောင့်နေကြတာပေါ့။ အခု ကြက်သွန်နီလက်ကျန်က နည်းလာတော့ စျေးကလည်း တက်လာတယ်။ အရောင်းအဝယ်တွေက သွက်နေတော့ စျေးအခုထက်ပိုပြီး တက်ဖို့အလားအလာရှိနေပါတယ်”လို့ မန္တလေးမြို့ရှိ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

လက်ရှိမန္တလေးစျေးကွက်တွင်လည်း မုံရွာဘက်မှ ထွက်ရှိသော ကြက်သွန်နီများ အဝယ်လိုက်နေပြီး ပြည်ပကဝယ်ယူမှုများပြားလာသည့်အတွက် စျေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကာ ယခင်က ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၆၀၀ခန့်ရှိရာမှ ယခုရက်ပိုင်းတွင် ငွေကျပ် ၁၁၀၀ ကျော်စျေးတက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရပါတယ်။

ရန်ကုန်စျေးကွက်တွင်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်က ကြက်သွန်နီစျေးမှာ တစ်ပိဿာကို ငွေကျပ် ၅၀၀ မှ ၉၀၀ ကြားရှိရာမှ ယခုရက်ပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၁၂၀၀ နီးပါးအထိ စျေးတက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။

ပြီးခဲ့သည့်မေလအတွင်းက ပြည်တွင်းမှကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀ယ်ယူရန်ကမ်းလှမ်းမှုများရှိထားပြီး တင်ပို့ရန်လုပ်ဆောင်လျက်ရှိကာ ၂၀၂၁ခုနှစ်တွင် ပြည်ပသို့ကြက်သွန်နီ တန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကလည်း ယခုကဲ့သို့ နိုင်ငံခြားက ဝယ်ယူမှု များပြားတဲ့အတွက် မြန်မာပြည်မှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၃၀၀၀-၄၀၀၀ ဝန်းကျင်အထိ ဈေး အကြီးအကျယ် တက်သွားတာကို ကြုံခဲ့ရဖူးပါတယ်။ ယခုနှစ် နွေကြက်သွန်ဟာ အရင်နှစ်တွေက ဈေးကောင်းမရလို့ အစိုက်နည်းခဲ့ခြင်း၊ တိုက်ပွဲများ ဖြစ်ပေါ်နေလို့ စိုက်ပျိုးနှုန်း နည်းခဲ့ခြင်းနဲ့ အခါမဟုတ် မိုးတွေ ရွာခဲ့လို့ အပျက်အစီး ဖြစ်ခဲ့တာတွေကြောင့် အထွက်နည်းမယ်လို့ ခန့်မှန်းထားပါတယ်။

ကြက်သွန် အထွက်နည်းမယ့်နှစ်ကျမှ တရုတ်ကလည်း နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီး အဝယ် ရှိနေသလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း အဝယ် ကမ်းလှမ်းတဲ့သတင်းတွေ တက်လာလို့ ပြည်ပဝယ်လိုအား ရှိနေပါတယ်။ ပြီးတော့ ထိုင်းကိုလည်း မြဝတီကနေတဆင့် တင်ပို့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မနှစ်ကတော့ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုတို့ကြောင့် ကြက်သွန်နီဈေးကွက်ကို အကြီးအကျယ် ထိခိုက်ခဲ့ပြီး ကြက်သွန်စိုက်တောင်သူတွေ အရှုံးပေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကြက်သွန်ဈေး ထပ်တက်ဖို့ ရှိနေတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

နိုင်ငံစီးပွားရေး ပြိုလဲမှု၊ ငွေကြေးဖောင်းပွမှုတွေကြောင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ စတဲ့ အခြေခံစားသောက်ကုန်တွေ အားလုံးနီးပါး ဈေးတက်နေချိန်မှာ မြန်မာနိုင်ငံမှာ အဓိကထား စားသုံးတဲ့ ကြက်သွန်နီပါ ဈေးထပ်တက်လာတာကြောင့် အခြေခံလူတန်းစား ပြည်သူတွေ အနေနဲ့ ပိုမိုဆင်းရဲ ကျပ်တည်းလာမှာ ဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page