ကျပ်သန်းပေါင်း ကိုးသိန်းခြောက်သောင်းနဲ့ တိုင်းတပါးကို ရောင်းစားခံခဲ့ရတဲ့ တကောင်းတောင်တန်း
တကောင်းတောင် စီမံကိန်းကို လုပ်ဆောင်ဖို့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်တို့ဟာ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ အတွင်း တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အာရှဒေသဆိုင်ရာ ဘိုအောင်းဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးသဘောတူခဲ့ကြတယ်။
တကောင်းတောင်စီမံကိန်းအတွက် China Nonferrous Metal Mining Group၊ Taiyuan Iron and Steel Group တို့နဲ့ (၂၂-၄-၂၀၀၉)မှာ စာချုပ်ချုပ်ဆိုခဲ့ကြတယ်။ လက်ရှိအနေအထားမှာ မြန်မာပြည်က လုံးဝမပိုင်ပါဘူး။ (မြန်မာ့အရှိတရားပါ) တရုတ်နဲ့ ဦးပိုင်ပေါင်းကာ သတ္တုတူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်။
ကျပ်(၉၆၀) ဘီလျံနဲ့ တူညီမျှတဲ့ အမေရိကန်ဒေါ်လာသန်း (၈၀၀) ရင်နှီးမြုပ်နှံကုန်ကျခံခဲ့ရကြောင်း၊ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသတ္တုတွင်းဖြစ်ကြောင်း၊ တနှစ်မှာ Ferro Nickel တန်ချိန်၂၂၀၀၀ ထုတ်နိုင်ကြောင်း CNMC ရဲ့ အထွေထွေမန်နေဂျာက သတင်းထောက်များကို ပြောဆိုခဲ့တယ်။
တကောင်းတောင်တန်းပေါ်မှာ အလွန်ကြီးမားရှည်လျားလွန်းလှတဲ့ ဧရာမပိုက်လုံးကြီးကို အဝေးကပင် မြင်တွေ့နိုင်တယ်။ အဲ့ဒီပိုက်လုံးကြီးဟာ ၁၂ ဘီးကုန်တင်ကားကြီးတစီး မောင်းသွားနိုင်တဲ့အထိပင် ကြီးမားကျယ်ဝန်းတယ်။ နီကာယ်သတ္တုရိုင်းများကို အဲ့ဒီပိုက်လုံးကြီးအတိုင်း သယ်ယူပို့ဆောင်တာဖြစ်တယ်။
တူးဖော်နေတဲ့ တကောင်းတောင်တန်းက မန္တလေးတိုင်းဒေသကြီးမှာ တည်ရှိပြီး တကောင်းနီကာယ်စက်ရုံကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအနီးမှာ တည်ရှိတယ်။ ၂၀၀၉ ခုနှစ်မှာ နီကာယ်စက်ရုံတည်ဆောက်ဖို့ဆိုပြီး ဒေသခံတောင်သူ( ၁၁၂ )ဦးထံမှ မြေဧက( ၇၃၈ )ဧကကိုသိမ်းယူခဲ့တယ်။ သီးနှံလျော်ကြေးအဖြစ်မြေတစ်ဧကမှာ ငါးသောင်းကျပ်နှုန်းသာ ပေးလျော်ခဲ့တယ်။
သန်းငါးဆယ်ကျော်တဲ့ လူအများစုက အဖက်ဖက် နိမ့်ကျဆင်းရဲနေပေမယ့် ထောင်ဂဏာန်းအရေအတွက်သာရှိတဲ့ တာဝန်ရှိ ထိပ်ပိုင်းအရာရှိကြီးတွေရဲ့ သားသမီးမြေးမြစ်တွေကတော့ ဘာလုပ်ငန်းမှ မယ်မယ်ရရမရှိပဲ ဘီလျံနာသူဌေးကြီးတွေ ဘဏ်သူဌေးကြီးတွေဖြစ်သွားကြတယ်။
မြန်မာ့မြေမှာ အနည်းငယ်လူတစ်စု အတိုင်းအဆမဲ့ အဓမ္မချမ်းသာခြင်းရဲ့ သက်သေသာဓက ပြယုဂ်တစ်ခုဖြစ်တယ်။ တကောင်းတောင် စီမံကိန်းတစ်ခုနဲ့တင် ဆင်းရဲနိမ့်ကျတဲ့ ပြည်သူလူထုများရဲ့ စားဝတ်နေရေး/ ကျန်းမာရေး /ပညာရေး စတာတွေကိုအများကြီးလုပ်ပေးလို့ရတယ်။ သို့သော်
နိုင်ငံပိုင် ပစ္စည်းဥစ္စာ သယံဇာတတွေကို လက်နက်အားကိုး..သူခိုးဒမြအပေါင်းတို့ စိတ်ထင်တိုင်း..မတရားခိုးယူလို့ မရအောင် ပြတ်ပြတ်သားသား တားဆီးကာကွယ်ဖို့ရာ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။
အမိမြေမှာ သစ္စာပန်းများ ပွင့်လန်းနိုင်ပါစေ။
အရှင်တေဇနိယ(မန်းတောင်ခြေ)