စကစ ရဲ့ ၃ လပြတ် ဆယ်တန်းစာမေးပွဲမှာ အမှတ်အများဆုံး ရတဲ့သူတွေ ထိုင်းကို လေ့လာရေးသွား
စကစရဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲတွေမှာ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးဟာ ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါလေ့လာရေးအဖွဲ့ဟာ မြဘုရားသို့သွားရောက်ဖူးမြော်ကြပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအဖွဲ့သည် Siam Paragon ရှိ Siam Ocean World သို့ သွားရောက်ကြည့်ရှုလေ့လာကြပါတယ်။ ဆက်လက်၍ ဖယောင်းပြတိုက်နဲ့ Asiatique သို့ သွားရောက် လည်ပတ်ကြရာ Chao Phraya River Cruise စီး၍ မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုခြင်း၊ ဇူလိုင် ၅ ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University၊ ပတ္တရားကမ်းခြေ၊ ပတ္တယားရေပေါ်ဈေး၊ တောင်ပေါ်ဘုရားများနှင့် Baiyoke Tower ပေါ်မှ ဘန်ကောက်မြို့၏ ညရှုခင်းကို ကြည့်ရှုကြပါတယ်။
ယခုနှစ် စကစ ပြုလုပ်တဲ့ တက္တသိုလ်ဝင်စာမေးပွဲရဲ့ ဘာသာတွဲအသီးသီးမှာ အမှတ်အများဆုံးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် စကစ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ စကစ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
စကစရဲ့ သင်ရိုးမစုံ ၃ လပြတ် ဆယ်တန်းစာမေးပွဲကို ကျောင်းသားဦးရေ ၂ သိန်းကျော်သာ ဝင်ရောက် ဖြေဆိုခဲ့ပြီး နှစ်ယောက်ဖြေ တယောက်အောင် စနစ်နဲ့ အအောင်ပေးခဲ့ကာ ဂုဏ်ထူးတွေ အများအပြားလည်း ထွက်ခဲ့ကြပြီး စံချိန်တင် ရမှတ်တွေ ရခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်သူအများစုကတော့ ယခုနှစ် အောင်မြင်ကျတဲ့ သူတွေကို အသိအမှတ်မပြုဘူးလို့ ပြောနေကြပါတယ်။