“သဘာဝတရားမှာ အမှိုက်ဆိုတာ မရှိဘူး၊ လူလုပ်အမှိုက်တွေပဲ ရှိတာပါ”
“သဘာဝတရားမှာ အမှိုက်ဆိုတာ မရှိဘူး၊ လူလုပ်အမှိုက်တွေပဲ ရှိတာပါ”
သဘာ၀ရဲ့ အရာရာတိုင်းမှာ အချိတ်အဆက်တွေ ရှိကြတယ်။ တစ်ခုရဲ့ စွန့်ပစ်ပစ္စည်းဟာ အခြားတစ်ခုရဲ့ အစာအဟာရဖြစ်ချင်ဖြစ်တတ်တယ်။ ဘယ်တော့မှ အသုံးမ၀င်တဲ့ အရာတွေ မစွန့်ပစ်တဲ့အတွက် အမှိုက်ဆိုတာ ဘယ်ရှိလိမ့်မလဲ။ ဒါဟာ သဘာ၀ရဲ့ လှပတဲ့ ကာရံညီမှုပဲ။
၀က်သစ်ချသီးတစ်လုံး မြေပေါ်ကြွေကျလာတယ်။ ရှဉ့်ငယ်လေးရဲ့ အစာပေါ့။ သူစားပြီးလို့ အညစ်အကြေးစွန့်လိုက်တယ်။ ပိုးကောင်လေးတွေရဲ့ အစာပေါ့။ ပိုးကောင်လေးတွေ အညစ်အကြေးစွန့်ကြတယ်။ မြေသြဇာပေါ့။ ဒီမြေသြဇာဟာ နောက်ထပ် ၀က်သစ်ချပင်တစ်ပင်ပေါက်စေလောက်ပါရဲ့။ ဒီကြားထဲမယ် ရှဉ့်လေးတွေက အောက်ဆီဂျင်ရှုတယ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်တယ်။ ၀က်သစ်ချပင်ကြီးက ကာဗွန်ရှုတယ် အောက်ဆီဂျင်ထုတ်တယ်။ ဘယ်လောက်လှလိုက်တဲ့ သဘာ၀တရားကြီးလဲ။ ဒီလိုနဲ့ပဲ နှစ်သန်းပေါင်းများစွာ ကြာခဲ့တာပေါ့။
လူသားတွေလည်း လွန်ခဲ့တဲ့ ရာစုနှစ်တွေကတော့ သဘာ၀တရားနဲ့ ပုံစံတူ နေခဲ့ဖူးပါရဲ့။ သစ်ပင်တွေနဲ့ လူသားတွေဟာ ပြောင်းပြန် အောက်ဆီဂျင်နဲ့ ကာဗွန်ကို အရှု အထုတ်လုပ်တယ်။ ပြန်ပြီးချေဖျက်လို့ရတဲ့ ဆွေးမြေ့လွယ် အသုံးအဆောင်တွေ သုံးတယ်။ ဘိုးဘေးတို့လက်ထက်က လူသားတွေ နေထိုင်မှုက သဘာ၀နဲ့ ကိုက်ညီခဲ့ကြတယ်။
ဒီလိုနဲ့ လူတွေဟာ ဆွေးမြေ့ချေဖျက်ဖို့ အင်မတန်ခက်ခဲတဲ့ အသုံးအဆောင်တွေကို သုံးစွဲကြတဲ့နောက်မှာတော့ အမှိုက်ဆိုတာ ပေါ်လာပြီပေါ့။
စျေးကပြန်တော့ စားစရာတွေကို ကျွတ်ကျွတ်အိတ်နဲ့ သယ်လာတယ်။ ဆိုင်က ကျွတ်ကျွတ်အိတ်နဲ့ အတင်းထည့်ပေးတာ မဟုတ်လား။ မယူချင်ရင်တောင် မရဘူးမဟုတ်လား။ တွေးကြည့်ပါ။ အဲဒီကျွတ်ကျွတ်အိတ်ရဲ့ အသုံး၀င်မှုက တစ်နာရီ နှစ်နာရီလောက်ပါပဲ။ စျေးနဲ့ အိမ်ကြား ခရီးတစ်ခုစာ အသုံး၀င်မှုသာ။ အဲ့ဒီခရီးဆုံးရင်တော့ ဒီကျွတ်ကျွတ်အိတ်ဟာ အသုံးမ၀င်တော့တဲ့အတွက် အမှိုက်ပုံးဆီရောက်သွားပါပြီ။ နောက် အမှိုက်ကားနဲ့ အမှိုက်ပုံဆီထပ်ရောက်သွားမယ်။ နောက်ဆုံး ဒီကျွတ်ကျွတ်အိတ်ဟာ အဲ့ဒီအမှိုက်ပုံမှာ နှစ်ပေါင်းများစွာ မဆွေးမြေ့ပဲ ရှိနေတော့မှာဖြစ်ပါတယ်။
ငှက်ပျောဖက်၊ အင်ဖက် တို့ဆိုရင် ပိုးကောင်လေးတွေရဲ့ အစာအဖြစ် အသုံး၀င်သေးတယ်။ ကျွတ်ကျွတ်အိတ်ကတော့ အသုံးမ၀င်ဘူးပေါ့။ အချိန်ကြာလို့ ဆွေးမြေ့လာတယ်ဆိုရင်တောင် အပိုင်းအပိုင်း အစစ ကွဲထွက်လာမယ်။ အဲ့ဒီအစိတ်အပိုင်းတွေကို စားမိတဲ့ သက်ရှိပိုးကောင်တွေကို အဆိပ်အတောက်ဖြစ်စေမယ်။ မြေနဲ့ ရေ ပတ်၀န်းကျင်ကို ညစ်ညမ်းစေမယ်။ မနက်စာတစ်ခုအတွက် သဘာ၀ပတ်၀န်းကျင်ကို အဲ့ဒီလောက်ထိခိုက်သွားလိမ့်မယ်လို့တော့ ဘယ်သူမှ တွေးမိမှာ မဟုတ်ကြပါဘူး။
ဒီလိုနဲ့ လူတွေဟာ တစ်နေ့ပြီးတစ်နေ့ ပြန်သုံးမရတဲ့ အမှိုက်မျိုးစုံနဲ့ သဘာ၀တရားကို ဘယ်လောက်နာကျင်စေလဲ။ သဘာ၀တရားဟာ သဘာ၀လိုပဲ စွန့်ပစ်လိုက် ပြန်သုံးလိုက် သူ့အချိတ်အဆက်နဲ့သူဆို ပိုမကောင်းဘူးလား။ လူလုပ် အမှိုက်တွေနည်းနိုင်သမျှ နည်းအောင် အမှိုက်သုံးတာ လျော့ပါ။ ပြန်သုံးလို့ ရတဲ့အမှိုက်တွေကို ပြန်သုံးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
RecycleMyanmar