မြောက်ကိုရီးယားအစိုးရရဲ့ ဝါဒမှိုင်းသွင်း ခံခဲ့ရတဲ့ ကိုရီးယား စပိုင်မလေးရဲ့ ရာဇဝင်

မြောက်ကိုရီးယားအစိုးရရဲ့ ဝါဒမှိုင်းသွင်း ခံခဲ့ရတဲ့ ကိုရီးယား စပိုင်မလေးရဲ့ ရာဇဝင်…

လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်ကဘဂ္ဂဒက်ကနေ တောင်ကိုရီးယားခရီးစဉ်ကိုပျံသန်းလာတဲ့ တောင်ကိုရီးယားခရီးသည်တင်လေယာဉ် ဘိုးရင်းBoeing 707-3B5C လေယာဉ်ဟာမြန်မာနိုင်ငံတနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးကအက်ဒမန်ပင်လယ်ထဲကို ဗုံးပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်။

မြောက်ကိုရီးယား စပိုင် နှစ်ယောက်က ချိန်ကိုက်ဗုံးထည့်ပေးလိုက်တဲ့ အဲဒီလေယာဉ်ဟာ ၁၉၈၇ခုနှစ်နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ စပိုင်နှစ်ယောက်ဟာ လေယာဉ်တစ်ထောက်နားခရီးဖြစ်တဲ့ UAE နိုင်ငံ Abu Dhabi လေဆိပ်မှာ လေယာဉ် overhead storage bin တစ်ခုမှာ ဗုံးကိုထည့်ပေးလိုက်တာဖြစ်ပါတယ်။

လေယာဉ်အမှုထမ်း ၁၁ ဦးနဲ့ ခရီးသည် ၁၀၄ ဦးစုစုပေါင်း ၁၁၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။ မြောက်ကိုရီးယားစပိုင်နှစ်ယောက်ဟာအသက် ၅၀ ကျော်အမျိုးသားနဲ့အသက် ၂၇ ကျော်အမျိုးသမီးဖြစ်ပါတယ်။

နှစ်ယောက်စလုံးက ဂျပန်ယောင်ဆောင်ပြီးသူတို့ စစ်ဆင်ရေး အတွက် လှုပ်ရှားကြတာပါ။ ဘာ့ကြောင့် ဂျပန်ယောင်ဆောင်ရသလဲဆိုတော့ အဲဒီအချိန်က UAE နိုင်ငံမှာ ဂျပန်နိုင်ငံသားတွေဆိုရင်စေ့စေ့စပ်စပ် မစစ်ဆေးဘူးလို့ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီး မကြာခင်အချိန်မှာပဲ ဘာရိန်းလေဆိပ်မှာရောက်နေတဲ့ စပိုင်နှစ်ယောက်ကို နိုင်ငံတကာရဲနဲ့ ဂျပန်ထောက်လှမ်းရေးအဖွဲ့တွေကခြေရာခံမိကြပါတယ်။ စပိုင်နှစ်ယောက်ဟာ မလွတ်မှန်းသိတာနဲ့သူတို့ကိုယ်သူတို့ သတ်သေဖို့ကြိုးစားကြပါတယ်။ သူတို့အတွက် အထူး စီစဉ်ပေးလိုက်တာကတော့မ ာဘိုရိုစီးကရက်ဖင်စီခံထဲမှာဆိုင်ယာနက်အဆိပ်ထည့်ပေးထားတာပါပဲ။

အခြေအနေမကောင်းတာနဲ့ စီးကရက်ခဲသလိုလိုနဲ့ ဖင်စီခံကို ကိုက်လိုက်ရင်ဆိုင်ယာနိုင်အဆိပ်ဝင်သွားပြီး သေဆုံးသွားမှာပါ။ အဲဒီလိုလေဆိပ်ထဲမှာပိတ်မိသွားမှန်းရိပ်မိတော့အသက် ၅၀ ကျော် မြောက်ကိုးရီးယားစပိုင်ကချက်ချင်းစီးကရက်ဖင်စီခံကိုကိုက်ပြီးထွက်လာတဲ့အဆိပ်ကို မျိုချလိုက်တာနဲ့ သေသွားပါတယ်။

အသက် ၂၇ ကျော်သာ ရှိသေးတဲ့ Kim Hyun Huii ဆိုသူ (ကင်မ်ယန်ဟီးလို့ထွက်မယ်ထင်ပါတယ်) ကတော့ အဆိပ်ကိုက်ချလိုက်တုန်းမှာပဲ သူ့နောက်ကနေဂျပန်အမျိုးသမီးထောက်လှမ်းရေးက ကမန်းကတန်းခုန်အုပ်လိုက်ပြီးနောက်ပိုင်းမှာ သူမဝမ်းဗိုက်ထဲက အဆိပ်ကိုအမြန်ဆုံးစုတ်ထုတ်ယူနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။

ကင်မ်ကို ဖမ်းဆီးရမိပြီးတောင်ကိုးရီးယားကိုလွှဲပြောင်းပေးပို့ခဲ့ပတယ်။ ချောမောလှပတဲ့ ကင်မ်ကို မြောက်ကိုးရီးယားအစိုးရက အထူးတာဝန်ထမ်းဆောင်နိုင်အောင် (၇) နှစ်လေ့ကျင့်ပေးထားတာလို့ဆိုပါတယ်။

ကင်မ်ဟာ မြောက်ကိုးရီးယားရုပ်ရှင်သင်တန်းဆင်းပြီး ဇာတ်ကားတချို့မှာလည်းပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို ရုပ်ရှင်သရုပ်ဆောင်အဖြစ်ဝါသနာကြီးသူလို့လည်း သိရပါတယ်။

ခေတ်ပညာတတ်သူမဟာ ကိုယ်ခံပညာအမျိုးမျိုးတတ်ကျွမ်းသလို လက်နက်မျိုးစုံကိုင်တွယ်ပစ်ခတ်တတ်ပြီး တင့်ကားအပါအဝင်ကားမျိုးစုံမောင်းတတ်ရုံသာမက လေယာဉ်မောင်းသင်တန်းပါ တက်ရောက်ထားသူဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့သူမမသိတာကကမ္ဘာကြီးအကြောင်းပါ။

သူမ mission ဆောင်ရွက်ဖို့ဂျပန်ပတ်စ်ပို့အတုနဲ့ Mayumi Hachiya ဆိုတဲ့နာမည်ကို အသုံးပြုခဲ့ပါတယ်။ သူမနဲ့ပါတဲ့ ဝါရင့်အေးဂျင့်ကတော့အသက် ၅၀ ကျော် ကင်မ်ဆောင်အီးဆိုသူဖြစ်ပါတယ်။ ဒီလောက်ရက်စက်တဲ့လုပ်ရပ်ကို ဘာ့ကြောင့်အခုလို ကျူးလွန်ရတာလဲလို့မေးတော့ သူမက “တောင်ကိုးရီးယားတွေဟာအရင်းရှင်စနစ်ရဲ့ဆိုးရွားလှတဲ့ အုပ်ချုပ်မှုအောက်မှာ စုတ်ပြတ်ပြီး ဆင်းရဲနေတယ်။ ဒါ့ကြောင့် အင်မတန်သနားစရာကောင်းတဲ့ကိုးရီးယားညီအစ်ကိုတွေကို ကယ်တင်ရမယ်။ဒီလို ဗုံးခွဲတာဟာ ကိုရီးပြည်သူတွေ အရင်းရှင်လက်အောက်ကလွတ်မြောက်ဖို့ဖြစ်တယ်လို့ကျွန်မတို့ကအစကတည်းက သင်ကြားပေးထားတာပါ” လို့ဆိုပါတယ်။

ကင်မ်အနေနဲ့ ကိုးရီးယားကို မရောက်ဖူးသလိုတီဗီထဲမှာတောင် မမြင်ဖူးပါဘူးလို့ဆိုပါတယ်။ သူမထင်ထားတာက တောင်ကိုးရီးယားဆိုတာသူတို့ခေါင်းဆောင်ကြီးတွေပြောသလို လူတွေဆင်းရဲမွဲတေပြီး စုတ်ပြတ်သပ်နေတဲ့တိုင်းပြည်တစ်ခုအဖြစ်သာ သိထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် တောင်ကိုးရီးယားကိုရောက်လာတဲ့အချိန်မှာသူမ အလွန်အံ့သြနေတယ်လို့ဆိုပါတယ်။ ကင်မ်ဟာ မြို့တော်ပြုံယမ်းမှာရှိတဲ့ ကင်အီဆွန်းတက္ကသိုလ်တက်ပြီး နောက်ပိုင်းမှာ Pyongyang Foreign Language College မှာ ဂျပန်ဘာသာစကားအဓိကတက်ရောက်သင်ယူခဲ့သူဖြစ်ပါတယ်။

ဂျပန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်ပြီး ရုပ်ရည်လှပ ချောမောလို့ သူ့ကို အေးဂျင့် အဖြစ်ရွေးချယ်တာဝန်ပေးခဲ့တာလို့လည်းဆိုပါတယ်။ ကင်မ်ကို တောင်ကိုရီးယားမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမဟာမြောက်ကိုးရီးယားအစိုးရရဲ့ Brainwash အလုပ်ခံထားရလို့သာ ဒီလို ပြစ်မှုမျိုးကို ကျူးလွန်တာဖြစ်တယ်လို့ ယုံကြည်ပြီး အဲဒီအချိန်ကသမ္မတနိုတေဝူးက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

၁၉၉၇ ခုနှစ် ဒီဇင်ဘာလမှာတော့ သူမကိုလုံခြုံရေးတာဝန်ပေးထားတဲ့ တောင်ကိုးရီးယားထောက်လှမ်းရေးဟောင်းနဲ့ လက်ထပ်လိုက်ပြီး သားသမီးနှစ်ဦးထွန်းကားခဲ့ပါတယ်။ ကင်မ်တို့မိသားစုဟာ အခုအချိန်မှာတောင်ကိုရီးယားလုံခြုံရေးအစီအမံနဲ့ ကိုရီးယားနိုင်ငံမှာပဲ လူသိမခံဘဲလုံခြုံစိတ်ချစွာ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။

မူရင်းရေးသားသူ
လေးစားစွာဖြင့် Blacker

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page