တံတားသစ်ကြီးကြောင့် အိမ်နီးချင်းမြန်မာထက် အပြတ်သာသွားတော့မယ့် ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ် ဖွင့်လိုက်တဲ့တံတားက တစ်ကယ့်ကို မသေး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှည်လျားဆုံး တံတားဖြစ်လာတဲ့ Padma Bridge ။ ကဲ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်သတင်းတွေဖယ်ပြီး အယ်လ်ဂျာဇီးယားကရေးတဲ့ အချက်အလက်လေးတွေ လေ့လာကြည့်ပါစို့။

ဒေါ်လာ ၄ ဘီလီယံနီးပါး အကုန်အကျခံ တည်ဆောက်ထားတဲ့ ၆.၁၅ ကီလိုမီတာ(၃.၈၂ မိုင်) အရှည်ရှိတဲ့ တံတားဟာ ဆင်းရဲနွမ်းပါးတဲ့ အနောက်တောင်ပိုင်း ဒေသကို မြို့တော်နဲ့ ဆက်သွယ်ပေးမှာ။ အနောက်တောင်ဘက်၂၁ ခရိုင်ကို ကားလမ်း၊ ရထားလမ်းတွေကတစ်ဆင့် ဒါကာနဲ့ ချိတ်ဆက်ဖို့ ၂၀၁၅ ထဲက စဆောက်ခဲ့။

နှစ်ထပ် သံမဏိကြေိုးတံတား- အပေါ်ထပ်မှာ လေးလမ်းသွား အဝေးပြေးလမ်းတစ်ခုနဲ့ အောက်ထပ်မှာ တစ်လမ်းသွား ရထားလမ်း။ စီမံကိန်းက ကြီးလွန်းပြီး ပြဿနာမျိုးစုံတက်၊ အကျင့်ပျက်ခြစားအသံထွက်လွန်းတော့ ဒေါ်လာ ၁.၂ ဘီလီယံချေးမယ့် ကမ္ဘာ့ဘဏ်က ၂၀၁၂ မှာ နှုတ်ထွက်သွား။ အဲဒီနောက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အပါအဝင် တခြားအလှူရှင်တွေလည်း စီမံကိန်းက နုတ်ထွက်သွား။

ဒါနဲ့ ရှိတ်ဟာဆီနာအစိုးရကပဲ ပြည်သူ့ဘဏ္ဍာကနေ ရန်ပုံငွေအားလုံးနီးပါး ကျခံခဲ့ပြီး တရုတ်ကုမ္ပဏီကို တာဝန်ပေး ဆက်ဆောက်စေခဲ့။ တံတားတည်ရတဲ့ Padma မြစ်အခြေအနေက တောင်အမေရိကရဲ အမေဇုံမြစ်ပြီးရင် ခန့်မှန်းရအခက်ဆုံးမြစ်မှာ တည်ရတာတဲ့။

တရုတ်အစိုးရပိုင် မီးရထားလမ်း အဓိကတံတားအင်ဂျင်နီယာအဖွဲ့ (RMBEG)က ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာ ၁၂၀၀ လောက်နဲ့ ဆောက်ခဲ့။ သံမဏိပိုင်တွေကို အနက် ၁၂၂ မီတာ (ပေ ၄၀၀) မြစ်ကြမ်းပြင်ထဲစိုက်ထား၊ ကမ္ဘာပေါ်မှာ ပိုင်အနက်ဆုံး တံတားလို့ဆို။

တံတားပိုင်ရိုက်ရတဲ့မြစ်ရေ ဘယ်လောက်စီးလဲဆို စက္ကန့် ၂၀ တိုင်းမှာ Mawa point (တံတားတစ်ဖက်စွန်း) မှာ စီးဆင်းတဲ့ရေဟာ ဒါကာမြို့ရဲ့ တစ်နေ့တာအသုံးပြုတဲ့ စုစုပေါင်းရေပမာဏနဲ့ ညီမျှတယ်လို့ တံတားစီမံကိန်းဒါရိုက်တာက အယ်လ်ဂျာဇီးယားကို ပြောပြခဲ့။

တံတားရဲ့ နောက်ထပ်ထူးခြားတဲ့အင်္ဂါရပ် – ပင်မသံမဏိအဆောက်အအုံနဲ့ ကွန်ကရစ်ဆိပ်ခံအုတ်မြစ်ကို ပံ့ပိုးဖို့ ခေတ်မီပွတ်တိုက်ချိန်သီး bearings (FPB) ကို သုံးခဲ့တယ်ဆို။ ဒီလို bearing တွေ ကမ္ဘာမှာ အရင်က ဘယ်မှာမှ မသုံးဖူးသလို ပြင်းအားအဆင့် ၉ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆို။

အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် စီမံကိန်းကုန်ကျစရိတ် ကနဦးခန့်မှန်းခြေ ဒေါ်လာ ၁.၂ ဘီလီယံထက် သုံးဆနီးပါး မြင့်တက်လာ၊ ဒါ့အပြင် စီမံကိန်းအသုံးစရိတ် ထက်ဝက်ကျော်ကို နိုင်ငံခြားငွေနဲ့ ပေးခဲ့ပြီး ကျန်တာကို ဘင်္ဂလားဒေ့ရှ်ငွေကြေး Taka နဲ့ပေးရာမှာ Taka တန်ဖိုးကျလို့ ဘတ်ဂျက်ပိုကုန်ခဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒါကာကနေ ၆၈ ကီလိုမီတာ (၄၂ မိုင်) မှာရှိတဲ့ Padma တံတားသည် နိုင်ငံရဲ့ အနောက်တောင်ဘက်ဒေသကို ဝင်ပေါက်တစ်ခုဖြစ်လာပြီ။ ဒေသတွင်း အဓိက ခရိုင်တွေနဲ့ ခရီးသွားလာချိန် သိသိသာသာ လျှော့ချပေး။ ဒါကာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုတိယအကြီးဆုံး ဆိပ်ကမ်း Mongla မြို့ကြား အကွာအဝေးကိုလည်း ကီလိုမီတာ ၁၀၀ (၆၂ မိုင်) လျော့သွားစေ။

အနောက်တောင်ခရိုင်တွေနဲ့ ဒါကာဟာ ကီလိုမီတာ ၁၈၀-၃၀၀ (၁၁၁-၁၈၆ မိုင်) ပဲ ဝေးပေမယ့် ဖယ်ရီသင်္ဘောတွေနဲ့ သွားရလို့ ၁၅ နာရီကနေ ၂၂ နာရီကြာခဲ့။ ခုတော့ အစိုးရပိုင်တံတားဌာနခွဲ လေ့လာမှုအရ Padma တံတားဟာ တစ်ရက်ကို ကူးတို့ယာဉ်အစီးရေ ၂၆၂၀ အတွက် ကူးတို့စောင့်ဆိုင်းချိန် စုစုပေါင်း ၁၈၇၇၂၇ နာရီ သက်သာစေမယ်ဆို။ တံတားဖွင့်ပြီးရင် နေ့စဉ် ကားအစီးရေ ၂၄၀၀၀ ဖြတ်ကူးမယ် ခန့်မှန်း။

တံတားရဲ့ စီးပွားရေးအကျိုးသက်ရောက်မှုက အနောက်တောင်ဒေသရဲ့ နှစ်စဉ်ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကို ၂.၅ ရာခိုင်နှုန်းတိုးစေမယ်၊ နိုင်ငံ့စုစုပေါင်း GDP ရဲ့ ၁.၂၃ ရာခိုင်နှုန်းကျော် တိုးစေမယ်။ အဓိကအကျိုးကျေးဇူးက ငါးဖမ်းတာနဲ့ စိုက်ပျိုးရေးအတွက် လူသိများတဲ့ အနောက်တောင်ပိုင်းခရိုင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ Dhaka-Chattogram စီးပွားရေးစင်္ကြန်ကို ဆက်သွယ်ပေးမှာပါပဲ။

လက်ရှိမှာ Padma မြစ်ကို ဖြတ်တဲ့ သယ်ယူပို့ဆောင်ရေးက ကူးတို့သင်္ဘောများပေါ်မှာ မှီခိုနေရလို့ အနောက်တောင်ပိုင်းခရိုင်တွေမှာ စက်မှုလုပ်ငန်းတွေ မများသေး။ ဘင်္ဂလားဒေ့ရှ်ရဲ့ အထင်ရှားဆုံးစက်မှုလုပ်ငန်းနဲ့ အဓိက ပို့ကုန်ဝင်ငွေဖြစ်တဲ့ အသင့်ချုပ်အထည်ကဏ္ဍ၊ အဲဒီခရိုင်တွေကနေ လုံးဝမရှိခဲ့၊ အခုတော့ တံတားပြီးသွားပြီး အဲဒီအနောက်တောင်ခရိုင်တွေမှာလည်း အထည်ချုပ်နဲ့ တခြားလုပ်ငန်းတွေ ရင်းနှီးမြှပ်နှံလာကြဖို့ မျှော်လင့်နိုင်ပါပြီတဲ့။ (Min Myat San)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page