“လ” ကို ကြယ်ဖောက်မယ့် ဖြစ်ရပ်နဲ့ မကြာမီ လာတော့မယ့် ထူးခြားဆန်းပြား အာကာသဖြစ်စဉ်များ

(၂၀၂၂ ဇူလိုင်လအတွက် အာကာသဖြစ်စဉ်များ) ၂၀၂၂ ခု ဇူလိုင်လ အတွင်းမှာ​တော့ စူပါမွန်းလပြည့်၊ လကို အင်္ဂါဂြိုဟ်​ဖောက်ခြင်း၊ ကြယ်​​ကြွေခြင်း အစရှိတဲ့ အာကာသဖြစ်စဉ်​​တွေ ​စောင့်ကြိုလို့​နေပါတယ်။ သို့​သော်လည်း မိုးတွင်းကာလ ကျ​ရောက်​နေတဲ့အတွက် မိုးသားတိမ်တိုက်​တွေရဲ့ ဖုံးကွယ်မှုများ​ကြောင့် ရှင်းလင်းပြတ်သားစွာ မြင်ရဖို့​တော့ ခက်ပါလိမ့်မည်။

ဇူလိုင်လ (၄) ရက်​နေ့ဟာ ကမ္ဘာနဲ့ ​နေတို့ အ​ဝေးဆုံး အ​နေအထားမှာ ကျ​ရောက်မည့်အချိန်ဖြစ်ပါတယ်။ အင်္ဂလိပ်လို Aphelion လို့​ခေါ်ပါတယ်။ ကမ္ဘာ နဲ့ ​နေ (ကြယ်) ဟာ ပျမ်းမျှ အားဖြင့် မိုင်​ပေါင်း ၉၃ သန်း (ကီလိုမီတာ သန်း ၁၅၀) ကွာ​ဝေးပါတယ်။

ထိုအကွာအ​ဝေးကို စံထားပြီး အာကာသယူနစ် (သို့) နက္ခတ္တယူနစ် (AU) လို့ သတ်မှတ်ပါတယ်။ တနည်းအားဖြင့် ၁ အာကာသယူနစ် (AU) မှာ ကီလိုမီတာ သန်း ၁၅၀ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဇူလိုင်လ (၄) ရက်​နေ့မှာ​တော့ ​နေ နှင့် ကမ္ဘာဟာ ၁.၀၆၇ AU အကွာအ​ဝေးမှာ ​ရောက်ရှိ​နေကြမှာဖြစ်ပါတယ်။

ဝါဆိုလပြည့်​နေ့ဟာ ပြက္ခဒိန်မှာ ဇူလိုင် (၁၂) ရက် ဆို​ပေမဲ့ အမှန်တကယ် ဓနုရာသီအတွင်း လပြည့်မည့် အချိန်က​တော့ ဇူလိုင်လ (၁၄) ရက်ဖြစ်ပါတယ်။ ဇူလိုင် ၁၃ ရက်မှာ လဟာ သူ့ပတ်လမ်းမှာ ကမ္ဘာနှင့် အနီးဆုံးအကွာအ​ဝေးဖြစ်တဲ့ မိုင်​ပေါင်း ၂၂၁,၈၀၀ အကွာအ​ဝေးသို့ ​ရောက်ရှိလာမှာဖြစ်ပြီး ပျမ်းမျှအကွာအ​ဝေးဖြစ်တဲ့ မိုင်​ပေါင်း ၂၃၈,၀၀၀ ထက် မိုင် ၁​သောင်း​ကျော် ပိုမိုနီးကပ်လာမှာဖြစ်ပါတယ်။ ပိုနီးလာတဲ့လကို ခပ်ကြီးကြီး​လေး ပိုမြင်ရပါတယ်။ ဒါကို စူပါမွန်း လို့ သတ်မှတ်​ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ် တစ်ခုက​တော့ အင်္ဂါဂြိုဟ် (မားစ်) ကို လ မှ ဖုံးကွယ်ခြင်း (တနည်း) လကို ဂြိုဟ်​ဖောက်ခြင်း ဖြစ်ပါတယ်။ ယမန်နှစ် မြန်မာနှစ်ဆန်း (၁) ရက်​နေ့ကလည်း ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံမှ အရိပ်ဖုံးကွယ်မှုကို မြင်​တွေ့ခဲ့ကြပါတယ်။

ယခု ၂၀၂၂ ဇူလိုင်လ ၂၁ ရက်​မှာ ဖြစ်​ပေါ်မည့် လဖုံးကွယ်ခြင်းကို​တော့ ​ရုရှားနိုင်ငံ အ​ရှေ့ပိုင်း နဲ့ အ​မေရိက အ​နောက်ဘက်ခြမ်းတို့မှာ အဓိက မြင်​တွေ့ရမှာပါ။ (​မြေပုံ)။ အင်္ဂါဂြိုဟ်ဟာ အနီ​ရောင် အဆင်းရှိပြီး စစ်နတ်ဘုရား မားစ်ကို ကိုယ်စားပြုပါတယ်။

ဇူလိုင်လ ၂၉ ရက်ဟာ လကွယ်ရက်ဖြစ်ပြီး ၂၉- ၃၀ ည​တွေမှာ ည​ကောင်းကင် ကြည်လင်ပါက ကြယ်​ကြွေခြင်းဖြစ်စဉ် အချို့ကို ည သန်း​ခေါင် (၁၂ နာရီ​နောက်ပိုင်း) မြင်​တွေ့ရနိုင်ပါတယ်။ မြင်​တွေ့ကြည့်ရှုနိုင်မည့် ​နေရာ အချိန်တို့ကို ရက်နီးတဲ့အခါ ကြိုးစားတင်ဆက်သွားမှာဖြစ်လို့ အာကာသနှင့်စကြဝဠာ သင်​ထောက်ကူစာမျက်နှာကို အား​ပေးကြည့်ရှုဖို့ တိုက်တွန်း​ရေးသားလိုက်ပါတယ် အနာဂတ်ပညာ​ရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page