လကို အင်္ဂါဂြိုဟ် ဖောက်ဦးမည် (“လကို ကြယ်ဖောက် ဂျပန်ရောက်” ဆိုတဲ့ တဘောင်အတိုင်း ဖြစ်မှာလား)

လ ကို အင်္ဂါဂြိုဟ် ဖောက်မည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်မှာတော့.. အင်္ဂါဂြိုဟ် (ခ) မားစ်ဂြိုဟ်ကို လခြမ်းမှ ခေတ္တခဏ ဖုံးကွယ်သွားမှာဖြစ်ပါတယ်။ လကို ဂြိုဟ်ဖောက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

လ ဟာ ကမ္ဘာဂြိဟ်ရဲ့ ဂြိုဟ်ရံလ တစ်ခုဖြစ်ပြီး အနီရောင် အင်္ဂါဂြိုဟ်ထက် ပိုမိုနီးကပ်သော နေရာမှာ တည်ရှိတဲ့အတွက် (မျက်မြင်) အရွယ်အစားအားဖြင့် နှိုင်းယှဉ်ကြည့်လျှင် အဆပေါင်းများစွာ ပိုမိုကြီးမားပါတယ်။ အဲ့ဒါကြောင့် သူတို့နှစ်ခု ရာသီတစ်ခုတည်းမှာ ပူးထပ် (နီးကပ်) တဲ့အခါ လဟာ အင်္ဂါဂြိုဟ်ကို မြင်ကွင်းမှ ဖုံးကွယ်သွားရခြင်း ဖြစ်ပါတယ်။

မိဿရာသီ ကြယ်စုအတွင်းမှာ ဖြစ်ပေါ်မည့် အဆိုပါ ဖုံးကွယ်ခြင်းဖြစ်စဉ်ကို အစ-အဆုံး မြင်တွေ့ရမည့် ဒေသကတော့ မြေပုံမှာပြထားသလို အမေရိက နဲ့ အာရှအရှေ့ပိုင်းမှ ရုရှား နဲ့ ဂျပန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မြေပုံမှာ မျဉ်းအနီနဲ့ပြထားသော နေရာများက အင်္ဂါဂြိုဟ်အား လ စတင်ဖုံးအုပ်ခြင်းကို မြင်တွေ့ရမည့် ဒေသများဖြစ်ပြီး.. အပြာရောင် မျဉ်းကြောင်းနေရာများကတော့ လ အောက်ဖက်မှ အင်္ဂါဂြိုဟ် ပြန်ထွက်လာခြင်းကို မြင်ရမည့် နေရာများပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ မိုးတိမ်ကင်းစင်လျှင် လ နဲ့ အင်္ဂါဂြိုဟ်တို့ နီးကပ်နေခြင်းကိုသာ (သာမန်မျက်စိဖြင့်) မြင်တွေ့ရပါမယ်။ လဟာ ၂၀၂၀ – ၂၀၂၁ ခုနှစ်လောက်ကစလို့ ဂြိုဟ်ပတ်လမ်းကြောင်းတွေနဲ့ လွန်စွာနီးကပ်ပြီး ပူးထပ် (ဖုံးကွယ်) ခြင်းများ ဖြစ်လေ့ရှိပါတယ်။

အထူးသဖြင့် အင်္ဂါဂြိုဟ် (မားစ်)၊ သောကြာဂြိုဟ် (ဗီးနပ်းစ်) နဲ့ ယူရေးနပ်စ်ဂြိုဟ်တို့နဲ့ လမ်းကြောင်းမကြာခဏ တစ်ထပ်တည်းကျလေ့ရှိပါတယ်။ ယခင်ကလည်း နီးကပ်ခဲ့ဖူးပေမဲ့ အခုလို ဖုံးကွယ်ခြင်းကတော့ ဖြစ်တောင့်ဖြစ်ခဲမျိုးပါ။ ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) ညတုန်းက အခုလိုဖုံးကွယ်ခြင်းမျိုး ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံမှလည်း မြင်တွေ့ခဲ့ကြရပါတယ်။

အင်္ဂါဂြိုဟ်ဟာ အနီရောင်အဆင်းရှိတဲ့အတွက် ရောမစစ်နတ်ဘုရား မားစ်ရဲ့အမည်ကို မှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။ မြန်မာ (ပါဠိ) အမည် “အင်္ဂါ” ကတော့ “မီးကျီခဲ” လို့ အဓိပ္ပါယ်ရပါတယ်။ မီးကျီခဲလို နီနေတဲ့အတွက် ပေးခဲ့ဟန်တူပါတယ်။

လ ကို တော့ ရှေးပုဂံခေတ်မှာ “လာ” လို့ ခေါ်ဆိုကြပြီး “တန်နင်း”ဆိုတဲ့ နေ့နဲ့ ပေါင်းဖက်ကာ “တနင်္လာ” ဆိုတဲ့ “လနေ့” ဖြစ်လာခဲ့ပါတယ်။ ယခုလို လ ဖုံးကွယ်ခြင်း (တနည်း) လကို ဂြိုဟ်ဖောက်ခြင်း ဖြစ်စဉ်မျိုးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း နောက်တခေါက် ကြုံတွေ့ရဦးမှာပဲ ဖြစ်ပါတော့တယ်။ အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page