စကစ ဂျင်းထည့်ခံရတဲ့ ပြည်တန်ပတ္တမြားကြီးအကြောင်း ဖွင့်ချလိုက်တဲ့ ကျောက်မျက်ပညာရှင်

စိတ်တွေလည်းညစ်ရတယ်။ ကျောက်မျက်ရတနာဆိုတာ အသားက ဖန်သားမှန်သားလိုကြည်နေမှ၊ အစင်း အမျှင် အရေးအကြောင်း အမြှုပ် အဆံ ဂေါ် အပြစ် တွင်းပြစ် ခေါစာ ကင်းမှ တန်တယ်ဆိုတာ ကျောက်မျက်လုပ်ငန်းနှီးနွယ်တဲ့လောကထဲက သူတိုင်း သိကြတယ်။

ပတ္တမြားဆိုတာ မီးနဲ့တော့ သွားထိုးမကြည့်နဲ့၊ ဓာတ်မီးကအလင်း ပတ္တမြားထဲဖြတ်သန်းတဲ့အခါ အလင်းရဲ့အရောင်ခုနှစ်မျိုးထဲက အနီရောင်ကိုပဲ စစ်ထုတ်ပြီး တောက်ပတတ်တာ ပတ္တမြားရဲ့ဂုဏ်သတ္တိ။ ပြီးတော့ ဓာတ်မီးရောင်ထဲက မျက်စိနဲ့မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်ကို ပတ္တမြားထဲဖြတ်ခိုင်းတဲ့အခါ ပတ္တမြားရဲ့ ဖွဲ့စည်းပုံထဲက trace element ဖြစ်တဲ့ စိုးစဉ်းပါဝင်နေတဲ့ chromium ဒြပ်စင်က မြင်ရတဲ့အနီရောင်အလင်းအဖြစ်တောက်ပစေပါတယ်။

ဒီတော့ ပတ္တမြားဆိုတာ အနီတကာ့အနီထဲမှာ အနီဆုံးအရောင်တောက်နေရတာဖြစ်တယ်။ LASER လေဆာအလင်းဆိုတာ ပတ္တမြားကိုဖြတ်သန်းပြီးမှ ရရှိတာဖြစ်တယ်။ တကယ်တန်းက နီဝါရဲ နီပြာရဲစူးစူးအရည်တွေက တကယ်ရှားတာပါ။ ခိုသွေး ယုန်သွေး ငရှဉ့်သွေး အရည်ကူး ကြက်လည်သီးရည် ဆိုတဲ့အရည်တွေက တကယ်ကိုရှားပါတယ်။ စျေးကလည်း ၃၁ ဘုံမှာအမြင့်ဆုံးရောက်နေတာ။

ရတနာတန်းဝင်တွေကို ပြောတာနော်၊ ပိတ်ပိတ်ကြီးတွေကို ပြောတာမဟုတ်ဘူး။ အပြင်စျေးကွက်ထဲမှာက ပန်းဖျော့ ပန်းရဲ ခရမ်းရဲတွေပဲပေါတာ။ ဒါတောင် ပတ္တမြားရဲ့သတ္တိက ကာလာသိပ်စူး သိပ်တောက်ပါတယ်။ အခုခေတ်မှာ ချက်ကျောက်ပတ္တမြားတွေက အရမ်းပေါတော့ လေဆာကို ချက်ကျောက်ပတ္တမြားနဲ့ပဲထုတ်ကြတော့တယ်။ သဘာဝကစျေးကြီးတာကိုး။

ပြောချင်တာက ပတ္တမြားအတုံးအခဲပိတ်ပိတ်ကြီးကို မီးနဲ့သွားထိုးမိရင်လည်း အနည်းနဲ့အများ နီရဲစူးပြီးတောက်လာမှာဖြစ်တယ်။ အခု ဒါကြီးက အပေါ်မီး အောက်မီး စပါယ်ရှယ်ထိုးတာတောင် မီးထိုးမပေါက်တာဆိုတော့ ပြောစရာစကားကိုမရှိတော့တာ။

ကိုယ်ဆိုရင် ပတ္တမြားပိတ်ပိတ်ကြီးတွေ လက်သီးဆုပ်လောက် အတုံးကြီးတွေများ တွေ့ရတာများလွန်းလို့ ရေတောင်မရေနိုင်၊ မှတ်ကိုမမှတ်မိ၊ နီလာတုံးကြီးတွေဆို ဓာတ်ဘူးလောက်ထိရှိတယ်။ ခက်တာက ပတ္တမြားအစစ်၊ နီလာအစစ်တော့ ဟုတ်တယ်။ ဘာမှကိုသုံးစားလို့မရတာပဲ။

အဲ့လောက်အကြီးကြီး ပိတ်ပိတ်ကြီး၊ လုံးချောသွေးတောင် တွင်းပြစ်တွေ၊ အနာတွေ မွစာကျဲနေတာ ဘာမှကိုသုံးလို့မရတာ။ မှတ်စာပုံတွေထဲမှာဆိုလည်း ပေါချက်၊ မိုးကုတ်က လူတိုင်းသိကြတယ်။ မြန်မာမှာ ဒီလိုပတ္တမြားနဲ့ နီလာ ပိတ်ပိတ်အတုံးကြီးတွေကို အပူတောလို့ခေါ်တဲ့ သပိတ်ကျင်းတဝိုက်နဲ့ တွင်းငယ်၊ မလယ်၊ စပ္ပါယ်နဂိုနားထိထွက်တယ်။ အများကြီးကိုထွက်တာ။

တစ်ခါက ရန်ကုန်မှာ ပြည်တန်ပတ္တမြားပြမယ်ဆိုပြီး မနည်းချိန်းယူရတယ်။ သွားတော့ အပေါက်မှာ လူအစောင့်နဲ့ ဘာနဲ့။ အထဲရောက်တော့ ကတ္တီပါအိတ်ရှုံ့လေးနဲ့ ခိုးကြောင်ခိုးဝှက်ပြတယ်။ ပြတဲ့သူက တအားကြောက်နေတာ။ သူ့ဟာ လုပြေးမှာ သူခိုးဓားပြသိမှာ ကြောက်တာတဲ့။ ပြပါခင်ဗျာ ဆိုတော့ ပြတော့ အခုလိုအပူတောကျောက်ကြီး။ ဖယောင်းတိုင်အနီတွေ အရည်ပျော်တဲ့ အခဲလိုလို ကာဘော်လစ်ဆပ်ပြာလိုလို။ တန်လားဆိုတော့ စိတ်ထဲ ဆယ်သိန်းတောင်မထင်။

ခမျာက ပြည်တန်ပတ္တမြား တန်ဖိုးဖြတ်မရဆိုပဲ။ ကိုင်တာတောင် အမြန်ကြည့်ပြီး ပြန်ပေးလိုက်ရတယ်။ တော်ကြာလက်ထဲမှာ ပဲ့ကျမှ အလကားနေရင်း ထီပေါက်နေမစိုးလို့။ ဟုတ်ကဲ့ပါ၊ ကျွန်တော် ဒီလိုကျောက်ကြီးမျိုး စျေးမဖြတ်တတ်၊ မလုပ်တတ်လို့ သင့်တော်တဲ့သူနဲ့ပြပြီး တိုင်ပင်ပါခင်ဗျာဆိုပြီး အသာထွက်လာရတယ်။ ကိုယ်က ညာမှမပြောတာ ၊သူ့ဟာက ကျောက်ကြီးလေ၊ ဒါပေမယ့်ကျောက်ကြီးတိုင်း ကျောက်ကောင်းမဟုတ်တဲ့အကြောင်းတော့ မပြောပါဘူး။ တော်ကြာသူ့ဟာကြီး ဘာမှမတန်ဘူးပြောချလိုက်ရင် သူပဲတက်သွားမလား ကိုယ်ပဲ ဒါးနဲ့လိုက်ခံရမလားမသိလို့။

အာဖရိကတိုက်ကထွက်တဲ့ ပတ္တမြားကတော့ အခုလိုပိတ်ပိတ်ကြီးတွေများ ဆိုဒ်ကြီးချက်၊ တစ်တုံးတစ်တုံးကို ပေါင်မုန့်တုံးလောက်ရှိတာ။ ဒီလောက်ကြီးနေလည်း စျေးကအရမ်းပေါ။ ပန်းပုထုတဲ့သူတွေကတော့ ဝယ်ကြတာပဲ။

ကျောက်မျက်ဆိုတာ ရတနာတန်းဝင်အဆင့်နဲ့ ရတနာတန်းမဝင်အဆင့်ဆိုပြီးခွဲရတယ်။ မြန်မာမှာ မခွဲကြလို့ ဥပဒေကိုက အမှားကြီးမှားနေတာ။ နောက်မှ ဒါကိုသပ်သပ်ရေးမယ်။ အခုလည်း ဘယ်သူဂျင်းဆနွင်းမိဿလင်ထည့်လိုက်တယ်မသိ။ ကိုယ်တော့ ဒီသတင်းဖတ်မိပြီး ရှက်လွန်းလို့။ (Aung Kyaw Thu)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page