ဓာတ်ဆီ လာခိုးပြီး ဆိုင်ကယ် မေ့ကျန်ခဲ့တဲ့ ရွှေဉာဏ်ရှင် သူခိုးရဲ့ ကြံကြံဖန်ဖန် ဖြစ်ရပ်
ဓာတ်ဆီခိုးသူတစ်ဦးဟာ ကျန်ခဲ့တဲ့ဆိုင်ကယ်ကို ပြန်လာယူရာမှ ကြံကြံဖန်ဖန် ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တစ်ခု ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ယခုရက်ပိုင်းအတွင်း ကြုံ တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူခိုးက ဆိုင်ကယ်စီးလာပြီး ညသန်းခေါင်ကျော် ၃ နာရီဝန်းကျင်လောက်မှာ ဓာတ်ဆီလာခိုးထုတ်ချိန်မှာ အိမ်ရှင်က အသံကြားလို့ နိုးတော့ ဆိုင်ကယ်ကို မေ့ထားခဲ့ပြီး ထွက်ပြေးသွားတယ်၊ နောက်ကျတော့မှ တခြားသူလိုမျိုး လုပ်ပြီး သူ့သူငယ်ချင်း ပေါင်ထားတဲ့ ဆိုင်ကယ်လာယူတာဆိုပြီး လာတဲ့အချိန်မှာ ဖမ်းမိလိုက်တာ”လို့လည်း ပူတာအိုမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။
ထိုဖြစ်ရပ်ဟာ ပူတာအိုမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက် ၃ မှာ ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့တာလို့ သိရပြီး သူခိုးဖြစ်သူဟာ သူ့သူငယ်ချင်းရဲ့ ပေါင်ထားသော ဆိုင်ကယ်ကို လာရွေးတာလို့ ပြောကာ လာယူချိန်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ယခုနောက်ပိုင်းမှာ အဆိုပါ ပူတာအိုမြို့သာမက ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးတွေမှာပင်လျှင် ခိုးယူခံရတဲ့ဖြစ်ရပ်တွေ၊ အလစ်သုတ်တဲ့ ဖြစ်ရပ်တွေဟာ မကြာခဏဖြစ်ပွားလာတယ်လို့ သိရပါတယ်။ မြို့ကြီးတွေမှာ ကားနောက်ကြည့်မှန်များ၊ ရေမော်တာများကိုပါ ညဖက်မှာ အလစ်သုတ်ရုံသာမက လမ်းသွားလမ်းလာများဆီက ဖုန်းတွေကိုပါ အတင့်ရဲစွာ လုယက်နေကြတာ ဖြစ်ပါတယ်။
ယခုသူခိုးလည်း ရတဲ့ ဆီလေးအနည်းငယ်ကို လာခိုးနေချိန်မှာ အိမ်ရှင်နိုးလာတော့ တန်ဖိုးရှိတဲ့ ဆိုင်ကယ်ကို မေ့ထားရစ်ခဲ့တဲ့အထိ လောဘအမှောင်တွေ ဖုံးနေတာကို တွေ့ရပါတယ်။ သူများဥစ္စာကို မတရားခိုးဝှက်လုယူသူတွေရဲ့ နိဂုံးကတော့ ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ပါဘူး။