စကစရဲ့ တိုင်ပတ်အမိန့်များ ထုတ်ပြီးနောက် ဒေါ်လာဈေး ထိန်းမရဖြစ် (တဒေါ်လာ ၃၀၀၀ ဖြစ်တော့မှာလား)

စစ်ကောင်စီက ဒေါ်လာစီးဆင်းမှုကို ထပ်မံထိန်းချုပ်​​သောညွန်ကြားချက်များ ထုတ်ပြန်ပြီးနောက် ဒေါ်လာဈေးထပ်တက်​နေပြီး ဇူလိုင် ၁၅ ရက်မှာ တစ်ဒေါ်လာလျှင် ၂၂၂၅ ကျပ်အထိရှိလာကြောင်း ပြည်တွင်းငွေလဲလုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရပါတယ်။

စစ်ကောင်စီက ဇူလိုင် ၁၄ ရက်တွင် ပြည်တွင်း ဒေါ်လာစီးဆင်းမှုနှင့်ပတ်သတ်ပြီး ကြေညာချက် ၃ စောင်ထုတ်ပြန်ခဲ့သည်။ထိုနောက် ဈေးကွက်အတွင်းဒေါ်လာဈေးမှာထပ်မံမြင့်တက်လာသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောပါတယ်။

“ဒီနေ့ မနက်က တစ်ဒေါ်လာကို ၂၂၁၅ ကျပ်ပေါက်တယ်။ နေ့လယ်မှာ ၂၂၂၅ကျပ် အထိမြင့်တက်သွားတယ်။ ဒါတောင် ဝယ်မယ်ဆိုရင် ကြိုတင်စာရင်းပေးထားရတယ်”ဟု ဒေါ်လာဝယ်ယူခဲ့သူတစ်ဦးက ပြောပါတယ်။ လက်ရှိတွင် ဒေါ်လာဈေးသည် ​ရောင်းသူစိတ်ကြိုက်ဈေးနှုန်းမြင့်တက်နေပြီး ဒေါ်လာအရွက်ဈေးမှာလည်းအချိန်နှင့် အမျှ မြင့်တက်နေတယ်လို့ သိရပါတယ်။

“ဒီနေ့ဆိုရင် တစ်ရက်တည်းနဲ့ တစ်ဒေါ်လာကို ၃၀(ကျပ်)လောက် တက်သွားတယ်။ ဒါတောင် ဝယ်ချင်သလိုဝယ်လိုမရဘူး။ ငွေလဲကောင်တာတိုင်း ပစ္စည်း(ဒေါ်လာ)ပြတ်နေကြချည်းဘဲ”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောပါတယ္။

စကစက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ပြည်ပကြွေးမြီများကိုပြန်လည်ပေးဆပ်မှုဆိုင်းငံ့ထားရန်၊ စိုက်ပျိုးရေးသီးနှံများ ပြည်ပတင်ပို့ရာတွင် ဒေါ်လာများပြည်တွင်းသို့ ကြိုတင်လွှဲထားပြီးမှာ ပို့ကုန်လိုင်စင်ထုတ်ပေးရန် နှင့် ရင်းနှီးမြှပ်နှံမူကော်မရှင်ခွင့်ပြု
ချက်ဖြင့်ဆောင်ရွက်နေသည့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေမှ ကျပ်ငွေသို့ တစ်ရက်အတွင်းပြောင်းလဲသည့် ကင်းလွတ်ပေးထားခြင်းကို ပယ်ဖျက်ခြင်း စ​သော ညွန်ကြားချက် သုံးခုကို ဇူလိုင် ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

“ဒီလိုလုပ်ရင်ကားကုမ္ပဏီတွေပြန်လည်လည်ပတ်ဖို့အခက်အခဲဖြစ်သွားပြီး၊ ဘယ်လုပ်ငန်းများလည်း ဆက်လုပ်လို့မရတော့ဘူး”ဟု နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီတစ်ခုမှ မန်နေးဂျင်း ဒါရိုက်တာတစ်ဦးကပြောပါတယ်။ ထို့ပြင် စစ်ကောင်စီ ပြည်ပကြွေးမြီများကိုလည်း ပုဂ္ဂလိက လုပ်ငန်းများ ပြန်လည်ပေးဆပ်ခြင်းကိုဆိုင်းငံ့ရန်ထုတ်ပြန်မှုသည်လည်း ပြည်တွင်းလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲဖြစ်လာ​စေတယ်လို့ ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောပါတယ်။

ချေးငွေထုတ်ပြန်ပေးတဲ့ ပြည်ပကုမ္ပဏီများ/ အဖွဲ့အစည်းများသည် မြန်မာကုမ္ပဏီများကို ယုံကြည်မှုလျော့နည်းသွားပြီး အတိုးနှုန်းနည်းပြီး ပမာဏများသည့် နိုင်ငံခြားချေးငွေများကို ပြည်တွင်းကုမ္ပဏီများ ရရှိရန် အလွန်ခက်ခဲသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ “တစ်နိုင်ငံအလိုက် ကတိပျက်တာပေါ့။ နောက်ဆို မြန်မာကုမ္ပဏီတွေဆိုရင် ချေးငွေရဖို့ တော်တော်ခက်သွားမှာ။”ဟုအထက်ပါလုပ်ငန်းရှင်ကသုံးသပ်ပါတယ်။

မြန်မာနိုင်ငံတွင်း ဇူလိုင်လမှ စက်တင်ဘာလအထိ ဒေါ်လာဈေးမြင့်တက်လေ့ရှိသည့်ကာလဖြစ်ပြီးလက်ရှိတွင်စစ်ကောင်စီတပ်က စစ်လက်-က်ဝယ်ယူမှုတွင် နိုင်ငံတော်အရံငွေ ဒေါ်လာများကိုပါ အများအပြားသုံးစွဲလိုက်ခြင်းကြောင့် ယခုလို ဒေါ်လာဈေးမတည်ငြိမ်မှုဖြစ်လာခြင်းဟု စီးပွားရေးလုပ်ငန်းရှင်အချို့က​ပြောပါတယ်။

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်က တစ်ဒေါ်လာကို ၁၃၂၀ ကျပ်သာပေါက်ဈေးရှိခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page