မြန်မာ့သမိုင်းဝင် နာမည်ကျော် ငမောက်ပတ္တမြားကြီး အခု ဘယ်သူ့ဆီ ရောက်နေလဲ?

၁၈၈၅ခုနှစ် နိုဝင်ဘာ ၂၉ရက်နေ့တွင် မင်းမိဖုရား မယ်တော်အားလုံးတို့ အင်္ဂလိပ်တို့ခေါ်ဆောင်ရာသို့ မလွဲမသွေလိုက်ပါရတော့မည်ဟု သိသောကြောင့် အားလုံးပစ္စည်းများ သိမ်းဆည်းနေကြသည်။ ပစ္စည်းဘဏ္ဍာအစုစုမှာ နန်းစဉ်ရတနာများမှအစ ဟင်းယင် ၊ လင်ပန်း ၊ ကွန်းအစ် ၊ ထွေးခံများအထိ ရွှေသားအတိပြီးသော မင်းခမ်းတော်များဖြစ်လေသည်။ ထိုပစ္စည်းများကို ရွှေသေတ္တာ ၊ ကျွန်းသေတ္တာ ၊ ယွန်းသေတ္တာများဖြင့် အသီးသီးထည့်ရန်စီစဉ်နေကြဆဲဖြစ်သည်။ အလုပ်ရှုပ်နေသောအပျိုတော်များအား မင်းနှင့် မိဖုရားတို့က ရှုစားတော်မူလျှက်ရှိသည်။

ထိုအချိန်တွင် ကာနယ်စလေဒင်သည် မင်းမိဖုရားတို့ ရှိရာသို့ရောက်လာလေသည်။ “လိုတာမှန်သမျှ မကျန်ရအောင် သယ်ယူခဲ့ရန် အချိန်ရကြောင်း” လာပြောပြီးနောက် လှည့်ပြန်သွားသည်။ မကြာမီနောက်တစ်ခေါက်ပြန်လှည့်လာပြီး စုဖုရားလတ်ထံသို့ ချဉ်းကပ်ကာ “နန်းမတော်ဘုရား ငမောက်ပတ္တမြားကြီးကို ကျွန်တော်မျိုးမြင်ချင်လွန်းသောကြောင့် ပြပါဘုရား” ဟု လျှောက်သည်။

ကာနယ်စလေဒင်သည် အရင်ကတည်းက ရင်းနှီးသူဖြစ်ပြီး အမြဲတရိုတသေဆက်ဆံခဲ့သူဖြစ်သည်။ စုဖုရားလတ်က ရတနာများသိမ်းဆည်းနေသည့် ချွန်းတောင်မင်းသမီးဘက်သို့လှည့်ကာ “ချွန်းတောင်မင်းသမီး ငမောက်လက်ဝတ်တော်ကို ပြလိုက်ပါဘိ” ဟု မိန့်ကာ လက်ဝတ်တော်ကိုပြခိုင်းလိုက်သည်။ ချွန်းတောင်မင်းသမီးက ရွှေသေတ္တာတစ်ခုအတွင်းထည့်ထားသည့် ငမောက်လက်ဝတ်တော်ကိုထုတ်ကာ ကာနယ်စလေဒင်အားပြလိုက်သည်။

ကာနယ်စလေဒင် လက်ဝတ်တော်ကို မမှိတ်မသုန်ကြည့် ၊ ရှေ့နောက်ဝဲယာ ဘယ်ညာပြောင်းကာ အသက်ရှုရပ်မတန့်ကြည့်သည်။ သူကြည့်ပြီးနောက် အနီးရှိစစ်ဗိုလ်နှစ်ဦးအား ပတ္တမြားကြီးကိုပြလိုက်သေးသည်။ ချွေးများအလွန်ထွက်လာသဖြင့် လက်ကိုင်ပဝါထုတ်ကာသုတ်လိုက်ရသည်။ သုတ်ပြီးနောက် လက်ကိုင်ပဝါဖြင့် ပတ္တမြားကြီးကိုလုံးကာ သူ့အိပ်ထဲသို့ထည့်လိုက်လေသည်။

ချွန်းတောင်မင်းသမီးကလည်း နပ်သည်။ ဖွင့်ထားသော ရွှေသေတ္တာကို ကာနယ်စလေဒင်ဘက်သို့ လှည့်ကာတောင်းခံနေဟန် ပြသည်။ စုဖုရားလတ်ခဏငြိမ်နေပြီးနောက် ကာနယ်စလေဒင်ကြားလောက်သည့် အသံဖြင့် ချွန်းတောင်မင်းသမီးကို “ဟဲ့ ချွန်းတောင်မင်းသမီး ဘာကိုစောင့်နေသနည်း” ဟု အော်လိုက်သည်။ ချွန်းတောင်မင်းသမီးက ” ငမောက်လက်ဝတ်တော်ကို ပြန်မပေးသေးသဖြင့် သေတ္တာမပိတ်ရခြင်းပါဘုရား” ဟု ကာနယ်စလေဒင်ဘက်သို့လက်ညိုးထိုးကာ ပြန်လျှောက်သည်။

ထိုအခါမှ ကာနယ်စလေဒင်သည် မဟန်မှန်းသိကာ “အိုး ၊ ရှိပါတယ် ၊ ကျွန်တော့်ဆီမှာပါဘုရား” ဟု ပြန်လျှောက်ကာ လက်ဝတ်တော်ကို ပြန်ထုတ်ပေးသည်။ ထို့နောက်မင်းမိဖုရား အားလုံးသည် ဂါဝိန်ဆိပ်ကမ်းရှိ သူရိယသင်္ဘောပေါ်သို့ တက်လေတော့သည်။ ဆိပ်ကမ်းတွင်ကား မင်းမိဖုရားတို့ဘက်သို့ လက်အုပ်ချီကာ ငိုယိုအော်ဟစ်နေသော လူအုပ်ကြီးသည် ကမ်းလုံးညွှတ်မျှရှိလေသည်။

ထိုအချိန်တွင် ကမ်းပေါ်မှ လူအုပ်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ချွန်းတောင်မင်းသမီး၏ အစ်ကိုအရင်း မောင်မောင်တင်က သင်္ဘောပေါ်တက်ရန်ကြိုးစားရာ အင်္ဂလိပ်စစ်သားများက သေနတ်များဖြင့်ကာထားသောကြောင့် သေနတ်များကို တွန်းဖယ်လိုက်ခြင်းဖြစ်သည်။ လူအုပ်ကြီးလည်း ထိမ်းမနိုင်သိမ်းမရဖြစ်သွားသည်။ သင်္ဘောလည်းချက်ချင်းပင်ကမ်းမှခွာသည်။ ထိုအခြေအနေတွင် ကာနယ်စလေဒင်ရောက်လာပြီး –

“ကမ်းပေါ်မှာ ဓားပြတွေအုပ်လိုက်ကြီး ဆူပူနေတာ ကြားတဲ့အတိုင်းပါပဲ။ လုံခြုံရေးစိတ်မအေးရတဲ့အတွက် ဘဏ္ဍာသေတ္တာကို ကျွန်တော်မျိုးလုံခြုံရာမှာ သိမ်းထားပေးပါမည်။ အပ်တော်မူပါဘုရား” ဟု လျှောက်သည်။ အရှင်နှစ်ပါးတို့က သူ့လူကိုယ့်လူ စဉ်းစားချိန်မရပဲ မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် သေတ္တာအား ကာနယ်စလေဒင်လက်သို့ အပ်လိုက်လေသည်။ ထို့နောက်ဆင်ဖြူမရှင်ထံသွားကာ ထိုအတိုင်းလျှောက်ပြန်သည်။ “ဘာရတနာပစ္စည်းမှ များများစားစားမပါ” ဟု ဆိုကာ ဆင်ဖြူမရှင်ကတော့ ဘာပစ္စည်းမှ မအပ်ပေ။ ဤသည်ပင် ပတ္တမြားကြီး ငမောက်ပျောက်ဆုံးခြင်း အစဖြစ်လေသည်။

သီပေါမင်းနှင် စုဖုရားလတ်တို့ အိန္ဒိယသို့ရောက်သွားသည်။ ရောက်ရောက်ချင်း ရတနာပစ္စည်းများကို ပြန်တောင်းသည်။ ၃ကြိမ် ၃ခါပြန်တောင်းသည်။ သို့သော်ကာနယ်စလေဒင်ကား မရှိတော့။ ကာနယ်စလေဒင် အင်္ဂလန်ကိုပြန်သွားပြီ ဆိုသည့် အဖြေသာရလေသည်။ သီပေါမင်းက အခွင့်ကြုံတိုင်း ငမောက်ပတ္တမြားကြီးအပါအဝင် နန်းစဉ်ရတနာများကို ပြန်တောင်းသည်။ ပဉ္စမမြောက် ဂျော့ဘုရင် အိန္ဒိယသို့ရောက်သည့်အခါတွင်လည်း ရတနာများပြန်တောင်းသည့်စာကို မိတ္တူငါးစောင်ရေးကာ ဂျော့ဘုရင်နှင့် အစိုးရအဖွဲ့ထံသို့ ငါးနေရာခွဲ၍ပို့သည်။ အဖြေကား- ကာနယ်စလေဒင်သေပြီ။ ထို့ကြောင့် ရတနာများကို မသိတော့ ဟူ၍ဖြစ်လေသည်။

တကယ်လည်း ကာနယ်စလေဒင် သေဆုံးခဲ့ပြီဖြစ်သည်။ နန်းစဉ်ရတနာများကို လှည့်ဖြားယူသွားခဲ့သော ကာနယ်စလေဒင်သည် ဆာဘွဲ့ချီးမြှင့်ခံရပြီးနောက် ၁၈၉၀တွင် သေဆုံးခဲ့ပြီးဖြစ်သည်။ ရတနာပစ္စည်းများသည် ကာနယ်စလေဒင်ထံမှတစ်ဆင့် အင်္ဂလိပ်အစိုးရထံရောက်သွားပြီဖြစ်လေသည်။ ပြန်ပေးလိုစိတ်မရှိ၍သာ သီပေါမင်းထံမှ တောင်းခံစာများ မကြာခဏရလျှက် မသိချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပတ္တမြားငမောက်ကိုမူ ကာနယ်စလေဒင်မှ ဝိတိုရိယဘုရင်မကြီးအား ဆက်သလိုက်ကြောင်း သတင်းသာကြားလိုက်ရလေသည်။

၁၉၁၁ခုနှစ်တွင် ဦးမောင်မောင်တင်၏ သူငယ်ချင်းဖြစ်သူ ရာဇဝတ်ဝန်ကြီး ဦးထွန်းမင်းသည် အိန္ဒိယတွင်ပြုလုပ်မည့် ဂျော့ဘုရင်၏ ဘိသိတ်ပွဲတက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသည်။ ဦးထွန်းမင်းသည် ထိုပွဲကိုတက်ရောက်ခဲ့ပြီး ပွဲနှင့်ပတ်သတ်သော စာအုပ်များ ၊ ပို့စကဒ်လေးများကို ယူဆောင်လာကာ သူ၏ မိတ်ဆွေများကို ခွဲဝေပေးလိုက်သည်။ ယင်းပို့စကဒ်များထဲမှ ဘုရင့်မိဖုရား၏ သရဖူတစ်ခု အရှေ့အလယ်တည့်တည့်တွင် တပ်ဆင်ထားသော နီရဲလှပနေသော ပတ္တမြားကြီးကိုတွေ့လိုက်ရသည်။

အညွှန်းစာတွင်လည်း Burma Ruby ဟု တံဆိပ်ကပ်ထားသည်။ ဒီပတ္တမြားသည် ပတ္တမြားငမောက်ပင်ဖြစ်နေသလော ဟု ဦးမောင်မောင်တင်တွေးမိပြီး မအိပ်နိုင်မစားနိုင် သိလိုစိတ်ပြင်းပြနေသည်။ နောက်ဆုံးတွင် အိန္ဒိယမှပြန်ရောက်နေပြီဖြစ်ပြီး ကျောက်ဆည်တွင်နေထိုင်နေသည့် နှမရင်း ချွန်းတောင်မင်းသမီးကို အလည်လာရန်ခေါ်လိုက်သည်။ ချွန်းတောင်မင်းသမီးသည် ငမောက်ပတ္တမြားကြီးကို နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့သူဖြစ်သဖြင့် သိမည်မှာ အသေအချာဖြစ်သည်။

ချွန်းတောင်မင်းသမီးရောက်လာပြီး ပုံကိုမြင်သည့်အခါ အသက်ရှုရပ်မတန့် စူးစိုက်ကြည့်နေပြီး တအောင့်ကြာမှ သတိပြန်ရလာကာ “အမှန်ပင် ငမောက်ပတ္တမြားကြီး ဖြစ်သည်” ဟု မှတ်ချက်ပေးလေတော့သည်။ ထိုပတ္တမြားကြီးတပ်ထားသော သရဖူကို လန်ဒန်မြို့ Tower of London ပြတိုက်ကြီးရှိ ဗြိတိသျှနန်းစဉ်ရတနာများ ပြသထားသည့် အခန်းတွင် မြင်ဖူး၍ အလွန်လှပကြောင်း ရောက်ဖူးသူများက ဆိုကြသည်။ ထို့ကြောင့် မြန်မာ့နန်းစဉ် ရတနာဖြစ်သည့် ပတ္တမြားကြီးငမောက် ဘယ်ပျောက်သွားသနည်း ၊ ဘယ်သူယူသွားသနည်း စသည့်မေးခွန်းများမှာ မေးဖို့ မလိုအပ်တော့ပါချေ။ တရားခံမှာကား…… (ကိုးကား။ နန်းတွင်းသူခိုးနှင့် မိန်းမစိုး – ရွှေဘိုမိမိကြီး)

ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အဲလ်လဇ္ဇဘသ် ဘုရင်မကြီးဟာ သက်တော် ၉၆ နှစ်မှာ နတ်ရွာစံသွားပါတယ်။ နန်းသက် ၇၀ စံစားသွားရတယ်။ သူဟာဗြိတိသျှသမိုင်းမှာ နန်းသက်အရှည်ကြာဆုံးဘုရင်မ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဒုတိယလိုက်တယ်။ သူ့နိုင်ငံသားတွေအတွက်တော့ သက်တော်ရှည်ပြီး ဘုန်းတော်အလွန်ကြီးမြတ်သော ဘုရင်မကြီး လို့မှတ်တမ်းတင်ကြမှာပဲ။

ခန့်ငြားတည်ကြည်တယ်။ စူးရှ ပြတ်သားပုံပေါက်တယ်။ ရာဇမာန်ရှိတာ ထင်ရှားတယ်။ ကမ္ဘာ့လူသားတွေအတွက် လွန်ခဲ့တဲ့အနှစ် ၇၀ ကစပြီး ဒီနေ့အထိ အမျိုးသမီးထု ကို ကောင်းကောင်း ကိုယ်စားပြုပေးနိုင်ခဲ့တယ်။သူ့ရဲ့ ပြယုဂ်ဟာ နိုင်ငံရေးမှာ အမျိုးသမီးတွေ နေရာရစေခဲ့တဲ့ တွန်းအား ဖြစ်တယ်။

ဘုရင်မကြီးနဲ့ သူ့ရဲ့ချွေးမ လေဒီ ဒိုင်ယာနာတို့ဟာ ဆန့်ကျင်ဖက်နှစ်ယောက် ဖြစ်ပေမယ့် ဘုရင်မကြီးဆီက အမျိုးကောင်းသမီးတယောက်ရဲ့ဂုဏ်သရေ၊ မာန၊ အိန္ဒြေ နဲ့သစ္စာတရား၊ ဒိုင်ယာနာဆီက ပွင့်လင်း၊ ဖေါ်ရွှေ လွတ်လပ်မှု နဲ့ အကြင်နာတရားကို အားကျခဲ့ကြတဲ့ အမျိုးသမီးတွေ ထုထည်နဲ့ ရှိခဲ့တယ်။ သီလ၊ သမာဓိကြောင့်ထင်ပါရဲ့ သက်တော်ရှည်သလောက် ကျမ်းမာရေးကောင်းတယ်။ မနေ့တနေ့ကမှပဲ ဗြိတိသျှ ဝန်ကြီးချုပ်သစ်ကို ခန့်အပ်လိုက်သေးတယ်။ ဒီနေ့နတ်ရွာလားတယ်။ ဝေဒနာကြီးကြီးမားမားခံစားရဟန် မတူဘူး။

ဘုရင်မကြီးဟာ ဩစတြေးလျ၊ ကနေဒါအပါအဝင် ဓနသဟာယ နိုင်ငံ ၁၄ နိုင်ငံရဲ့ အဓိပတိဖြစ်တယ်။ အိန္ဒိယ အပါအဝင် နိုင်ငံ ၅၄ နိုင်ငံ ပါတဲ့ ဗြိတိသျှဓနသဟာယ နိုင်ငံတွေ ရဲ့ခေါင်းဆောင်တဦးလည်း ဖြစ်တယ်။ ကမ္ဘာ့လူဦးရေ ၂.၅ ဘီလီယံရဲ့ ခေါင်းဆောင်အဖြစ်သတ်မှတ်ခံထားရသူဖြစ်တယ်။ ဗြိတိသျှနိုင်ငံရဲ့ ဘုရင်စနစ်ဟာ စည်းမျဉ်းခံဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မကြီးဟာ ဘယ်နိုင်ငံရေး ပြဿနာကိုမှဝင်မစွက်ဖက်ဘူး။ ဘယ်ပါတီဘက်မှလည်းမပါဘူး။ အတော်ကင်းကင်းနေခဲ့တာတွေ့ရပါတယ်။

ဘုရင်မကြီး သေဆုံးတဲ့အချိန်ကစပြီး အိမ်ရှေ့စံ ချားလ်မင်းသားဟာ တတိယမြောက် ချားလ်ဘုရင် ဖြစ်လာပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ နိုင်ငံတော်သီချင်း ဟာ God save the Queen ကနေ God save the King လို့ ချက်ခြင်းပြောင်းဆိုရတယ် လို့ဆိုပါတယ်။

ဘုရင်မကြီးနတ်ရွာစံသွားပြီ ဆိုတဲ့ အကြောင်းကို ဝန်ကြီးချုပ်ဆီ သတင်းပို့တဲ့အခါ London bridge is down ဆိုပြီး သတင်းပို့ရတယ် လို့ဆိုတယ်။ ဘုရင်မကြီးရဲ့ စျာပန ကို operation London Bridge လို့ခေါ်ပါတယ်။ ဘုရင်မကြီးစျာပနဟာ အလွန်ရှည်ကြာပါလိမ့်မယ်။ ကမ္ဘာ့ကတော့ ဗြိတိသျှဘုရင်မကြီး ကို ကာလကြာရှည်စွာ အမှတ်တရ ရှိကြမှာတော့ သေချာပါတယ်။ (Kyaw Swa Min)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page