ရွှေဈေးကွက်ထဲကို အကြံကုန် ဗဟိုဘဏ် ဝင်စွက်ဖက် (ရွှေတုံး အရောင်းအဝယ် ဘဏ်နဲ့ပဲ လုပ်ရမည်ဟုဆို)

ရွှေတုံး၊ ရွှေခဲတွေကို အရောင်းအဝယ် ပြုလုပ်တဲ့အခါ ဘဏ်စနစ်နဲ့ ပေးချေဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရှိရပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဗဟိုဘဏ်တို့က ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေဖို့ ဆက်လက်ပံ့ပိုးပေးမှာဖြစ်ပြီး ရွှေလုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ပြောကြားခဲ့ပါတယ်။

“ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်း/ဝယ်ဖို့ အစိုးရက ခွင့်ပြုတယ်။ နောက်တစ်ခုက ကျပ်သိန်း ၂၀၀ ကျော်ရင် ဘဏ်ကနေ ဖြတ်ရမယ်’’လို့ ညွှန်ကြားထားကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူက စက်တင်ဘာလဆန်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ပြည်တွင်း၌ ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် ဗဟိုဘဏ်တို့က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောလိုက်ပါတယ်။ ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းကာ ရွှေဈေးနှုန်းတည်ငြိမ်စေရေး ဝိုင်းဝန်းလုပ် ဆောင်ကြရန်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့ရွှေဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်းများအရ အခေါက်ရွှေ တစ်ကျပ်သားလျင် (၃၇) သိန်းအထိ ဈေး နှုန်း မြင့်တက်ခဲ့ပြီး ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်အတွင်း၌ လည်း အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းမှာ မြန်မာငွေ ၄၅၀၀ ကျပ်အထိ စံချိန်မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ရွှေတုံးရွှေခဲ အရောင်းအဝယ်မှာ ဘဏ်နဲ့ လုပ်ရမယ်ဆိုတော့ ဘဏ်ထဲက ငွေသားတွေ အလွယ်တကူ ထုတ်လို့ရပြီလား၊ စပါယ်ရှယ်အကောင့်တွေထဲကနေ ကိုယ်ထုတ်ချင်သလောက် ပမာဏကို ချက်ချင်း ထုတ်လို့ရပြီလားလို့ မေးခွန်းထုတ်ချင်ကြောင်း ရွှေလုပ်ငန်းရှင် တဦးက ပြောလိုက်ပါတယ်။

ဘဏ်စနစ် ပုံမှန်မလည်ပတ်နိုင်ဘဲ ဘဏ်တွေကို ပြည်သူတွေ ယုံကြည်မှု လျော့ကျချိန်မှာ ရွှေအရောင်းအဝယ် ကိစ္စကို ယခုလို ကန့်သတ်လိုက်တာကြောင့် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရွှေဈေးနှုန်းက တည်ငြိမ်မှု မရှိသေးဘဲ အနိမ့်အမြင့်အတက်အကျ များပြားလျက် ရှိနေသေးပြီး ရွှေဆိုင်အချို့ အရောင်းပိတ်ထားတာကို တွေ့ရှိရပါတယ်။ ရွှေဈေးနှုန်း ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ထားကြပြီး ဖြစ်ပေါ်လာမယ့် အခြေအနေတွေကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page