မြန်မာပြည် တောင်ပေါ်ဒေသတွေမှာ မကြံစဖူး ထူးကဲစွာ ရေကြီးရတဲ့ အကြောင်းအရင်း

မြန်မာပြည်တောင်ပေါ်ဒေသတွေမှာ ထူးထူးခြားခြား ရေကြီးရတဲ့ အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ် – မေမြို့ ကန်တော်ကြီးကို အင်္ဂလိပ်တွေက အဆင့်ဆင့်တွက်ချက်ပြီး စနစ်တကျတည်ဆောက်တူးဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။ ပထမအဆင့် ကန်မကြီး ဒုတိယအဆင့် အဆင့်ဆင့်သော ကန်ငယ်များ တတိယအဆင့် ထိုကန်များသို့ စိမ့်ဝင်မည့် ရွှံညွန်တော ထို ရွှံညွန်တောသို့ စီးဝင်မည့် ညောင်နီရေဝင်ဒေသ စသည်တို့ ဖြစ်ကြသည်။

မိုးတွင်းကာလတွင် ရွာချသော မိုးရေများသည် ညောင်နီတောင်ကုန်းဘက်မှတဆင့် ရွှံညွှန်တောအတွင်း စီးဝင်ကြသည်။ ရွှံညွှန်တောက စီးဝင်လာသော ရေမှန်သမျှ ဖမ်းယူစုဆောင်းထားပြီး ဆောင်းရာသီနှင့်နွေရာသီတွင် ကန်အတွက်လိုအပ်သောရေကို တစိမ့်စိမ့်ထုတ်ပေးပြီး ပြန်လည်ဖြည့်ဆည်းပေးသည့်တာဝန်ကို ထမ်းဆောင်ကြရသည်။

ဤသို့ဖြင့် တစ်နှစ်တာအတွက် ရေလိုအပ်မှု ဂေဟစနစ်လည်ပတ်နေခြင်း ဖြစ်ပါသည်။ ထို ဂေဟစနစ် စတင်ပျက်စီးလာရသည့် အကြောင်းရင်းမှာ စီမံကိန်းသီးနှံအဖြစ် ကော်ဖီအားသတ်မှတ်ပြီး ကန်တော်ကြီးရေဝင်ဒေသများကို ကော်ဖီခြံအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်ပါသည်။

ခြံများကို ခြံစည်းရိုးများခတ်ယူကြခြင်း၊ရေအရင်းအမြစ်များကို ထိပ်ကပိတ်၍ ထုတ်ယူသုံးစွဲကြခြင်းတို့ကြောင့် ရေကိုစုဆောင်းသိမ်းဆည်းပေးမည့် ရွှံညွှန်တောသို့ ရေဝင်ရောက်မှုမရှိသလောက်ဖြစ်လာပြီး တဖြည်းဖြည်း ခြောက်ကပ်လာကာ သူ၏လုပ်ဆောင်နိုင်မှုအရည်အချင်း ပျက်ယွင်းသွားခြင်းဖြစ်ပါသည်။ .ထို့ကြောင့် ဆောင်းရာသီနှင့်နွေရာသီ တစိမ့်စိမ့်ထုတ်ပေးနေသော အလုပ်ကို မလုပ်နိုင်တော့သည့်အတွက် ရေတဖြည်းဖြည်း ခမ်းခြောက်လာခြင်း ဖြစ်ပါသည်။

တောင်ပေါ်မြို့ဖြစ်သည့်အတွက် မြို့တည်ကတည်းက အလွတ်ထားခဲ့သည့် ရွှံညွှန်တောများ၊ခဲကွင်းများသည် မြို့အတွက် အလွန်အရေးပါသောအစိတ်အပိုင်းများဖြစ်ကြပါသည်။ ထိုနေရာများက မိုးရာသီတွင် ရွာချခဲ့သောမိုးရေများကို စုပ်ယူထားကြပါသည်။ မိုးရာသီတွင် ရေမကြီးစေရန်အတွက်လည်းကောင်း၊မြေအောက်ရေပြန်လည်ဖြည့်တင်းရေးအတွက် လည်းကောင်း အဓိကထမ်းဆောင်ကြသောနေရာများဖြစ်ပါသည်။

ထိုနေရာများကို မြေလွတ်မြေလပ်ပဲဆိုပြီး ခေတ်အဆက်ဆက် မြို့ကွက်ရိုက်ယူခြင်း၊စိုက်ပျိုးရေးခြံများအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်းတို့ကြောင့် ဂေဟစံနစ်ပျက်ယွင်းသွားပြီး မိုးရာသီတွင် ရေကြီးရေလျှံခြင်း၊နွေရာသီတွင် ရေရှားခြင်းတို့ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

ကမ္ဘာကြီး ဖြစ်ပေါ်လာပုံနှုင့် ဆက်လက် လည်ပတ်နေပုံတို့သည် အလွန်ထူးဆန်း အံ့ဩဖွယ်ကောင်းလှပါသည်။ အရာတိုင်းက တခုကို တခု ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပုံစံဖြင့် လည်ပတ်နေခြင်း ဖြစ်ပါသည်။ ထိုဂေဟစနစ်ကို ဖျက်ဆီးသူတို့မှာ အဟိတရိစ္ဆာန်များ မဟုတ်ကြပါ။ အသိဉာဏ် ရှိလှပါသည်ဆိုသော လူသားများကသာ အတ္တအကျိုးငှာ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်ဖျက်ဆီးခဲ့ကြခြင်းသာ ဖြစ်ကြပါတော့သည်။ (သစ်ပင်ချစ်သူ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page