စက်သုံးဆီ ပြတ်လပ်မှုနဲ့ လူမဲ့တန်ဆာခွင့်မပြုမူဝါဒတွေကြောင့် အဝေးပြေးလိုင်းတွေ ရပ်နားရနိုင်

ရန်ကုန်တိုင်းဒေသကြီးကနေ တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေမှာ လူမဲ့တန်ဆာပစ္စည်းတင်ဆောင်တာတွေ ခွင့်မပြုပါက ယာဉ်လိုင်းတွေ ရပ်နားသွားရမယ့် အခြေအနေတွေရှိလာနိုင်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေကပြောပါတယ်။

အဝေးပြေးယာဉ်တွေမှာ လုံခြုံရေးအရ လူမဲ့တန်ဆာပစ္စည်းတင်ဆောင်တာတွေ ခွင့်မပြုကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကန့်သတ်မှုတွေရှိလာပြီး လက်ရှိကာလခရီးသည်နည်းပါးတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးကို သာ အဓိကထားအားကိုးနေရလို့ အခုလို ကန့်သတ်လာမယ်ဆိုရင် ယာဉ်လိုင်းတွေ ရပ်နားသွားရမယ့် အခြေအနေရှိလာမှာဖြစ်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြီးခဲ့တဲ့ရက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးနှင့် အောင်ဆန်းကွင်း ကားဂိတ်တို့ ကနေ ပြေးဆွဲနေတဲ့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းတွေကို အရင်ကတည်းက လူမဲ့တန်ဆာတင်ဆောင်တာ ခွင့်မပြုထားသလို ခရီးသည်နဲ့အတူ ပါလာတဲ့ ကုန်စည်ကိုသာ တင်ဆောင်ခွင့်ပြုထားတာလို့ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက်ယာဉ်လိုင်းတွေက ခရီးသည်တွေနည်းပါးချိန် နားလည်မှုနဲ့ လူမဲ့တန်ဆာတင်ဆောင်နေတာဖြစ်ပြီး လက်ရှိ ကုန်စည်မတင်ရ ကန့်သတ်ချက်တွေကလည်း လုံခြုံရေးအရ တာဝန်ရှိသူတွေက ကန့်သတ်တာဖြစ်သလို YRTA နဲ့ သက်ဆိုင်တာမရှိဘူးလို့ ပြောပါတယ်။

လူမဲ့ တန်ဆာတွေ တင်ဆောင်ခွင့်မပြုတော့ဘူးဆိုရင် ရန်ကုန်ကနေ တခြားမြို့တွေကို ပါဆယ်ပစ္စည်း၊ကုန်စည်တွေပို့တဲ့အခါ ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနဲ့ အခြားကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်ရမယ့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစကစအနေနဲ့ အဝေးပြေးကားတွေနဲ့ တန်ဆာပစ္စည်း တင်ပို့မှုတွေမှာ ဒရုန်း၊ မှန်ဘီလူး၊ သံထည်ပစ္စည်းတွေအပါအဝင် ပစ္စည်း ၁၉ မျိုးကို ကန့်သတ်ပြီး စစ်ဆေးရေးတင်းကျပ်တာတွေရှိတယ်လို့ အဝေးပြေးယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။

စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်မားပြီး ဆီပြတ်လပ်နေတဲ့ အချိန်မှာ ယခုလို အဓိပ္ပာယ်မရှိတဲ့ အမိန့်မျိုး အတင်းအကျပ် ထုတ်ပြန်ပါက ကုန်စည်စီးဆင်းမှု ရပ်တန့်သွားမှာ ဖြစ်ပြီး ပြည်သူတွေပဲ အကျပ်အတည်း ပိုတွေ့ရမှာ ဖြစ်တယ်လို့ အဝေးပြေးယာဉ်လိုင်းနဲ့ နီးစပ်သူတဦးက မှတ်ချက်ချပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page