တသောင်းတန် အတု ၁၈ သိန်းကိုင်ပြီး ဈေးဆိုင်တွေကို ဂျင်းလိုက်ထည့်နေသူကို ဝိုင်းဝန်း ဖမ်းဆီး

ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ရှိ ဈေးတွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးကို ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

တစ်သောင်းတန် ငွေစက္ကူအတု ၁၈ သိန်းခန့် ကိုင်ဆောင်ကာ ဈေးလာဝယ်သည့် အမျိုးသားနှစ်ဦးမှ တစ်ဦးအား ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သော်လည်း ကျန်တစ်ဦးမှာ လွတ်မြောက်သွားကြောင်း ဖမ်းဆီးရာတွင်ပါဝင်ခဲ့တဲ့ အမျိုးသား တဦးက ပြောပါတယ်။

“ဆိုင်မှာ အထည်ဝယ်သွားတယ်။ တတိယအကြိမ်လောက်မှ အတုမှန်းသိသွားတာ။ ဘေးနားကဆိုင်တွေက ဒါအတုပဲလို့ပြောမှ သူကစိတ်မကောင်းဖြစ်နေတာ။ တတိယအကြိမ်မှ အဲ့လူကို ဖမ်းပြီးတော့မှ လာကူကြပါ။ လာဖမ်းကြပါလို့ ဆိုင်ဘေးနားကလူတွေခေါ်တော့ ကျွန်တော်တို့ သွားကူပေးတယ်။ တတိယအကြိမ်မှ အန်တီက သိရတာ။ ရုပ်ဖျက်ပြီးမှ လာတာပေါ့။ တတိယအကြိမ်တော့ အင်္ကျီလဲပြီးမှ လာတာပေါ့။ အင်္ကျီလဲပြီးမှ လာဝယ်တာ။ ဒီမှာဝယ်လို့ရတယ်ဆိုပြီးမှ ပြန်လာတာပေါ့။ တစ်ရက်တည်းကို သုံးခါလာတာ” လို့ ပြောပါတယ်။

အဆိုပါအထည်ဆိုင်မှ အထည်ဖိုး နှစ်သိန်းရှစ်သောင်းကျော်ဖိုး ပစ္စည်းဝယ်ယူခဲ့ပြီး တတိယအကြိမ် လာဝယ်သည့်အချိန်မှ ပြန်လည်ဖမ်းမိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပိုက်ဆံအတုဖြင့် လာရောက်ဈေးဝယ်သူမှာ ဧရာဝတီတိုင်းမှ ဖြစ်ပြီး မူလာရှီးဒီတံတားရှိ ရဲစခန်းသို့ အပ်နှံလိုက်တယ်လို့ သိရပါတယ်။

အလားတူ မြစ်ကြီးနားမြို့တွင်လည်း ငွေစက္ကူအတုများကို ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေသွင်း၊ ငွေလွှဲပြုလုပ်သည့် ဆိုင်များတွင် လာရောက်အသုံးပြုမှုများ ရှိနေကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက်အတွင်း ငွေစက္ကူအတု အများအပြား ပျံ့နှံ့လျက် ရှိနေပြီး ငွေအများအပြား ပေးချေရတဲ့ နေရာတွေမှာ အထူး သတိထားနေရတယ်လို့ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page