စက်သုံးဆီဈေး ထပ်တက်၊ လက်ကျန်ဆီ ၁၀ရက်စာသာ ကျန်တော့ (မန္တလေးမှာ ဆီဆိုင်အားလုံးနီးပါး ကုန်နေ)

ယနေ့ စက်သုံးဆီ ဈေးနှုန်းများ ထပ်မံတက်လာတာကို တွေ့ရပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်း ကျနေပေမယ့်လည်း မြန်မာပြည်ရဲ့ စက်သုံးဆီဈေးကတော့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ တက်လာတာ တွေ့ရပါတယ်။

92 တလီတာကို ၂၃၆၅ ကျပ် ဖြစ်နေပြီး မနေ့ကထက် ၄၅ ကျပ် တက်လာတာကိုတွေ့ရပါတယ်။ 95 တလီတာကို ၂၄၄၅ ကျပ် ဖြစ်နေပြီး မနေ့ကထက် ၅၅ ကျပ် တက်လာတာကို တွေ့ရပါတယ်။

စကစရဲ့ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်း ပြောတဲ့ ဆီသင်္ဘောတွေနဲ့ ပတ်သက်ပြီး ဆီလုပ်ငန်းရှင်တဦးက အခုလို ပြောသွားပါတယ်။ “အခု သူပြောတာက အခုလက်ရှိ ရောက်တာက ဆီတန်ချိန် ၆ သောင်း၊ နောက်ရောက်မှာက တန်ချိန် ၄၃၀၀၀ ပေါ့။ စုစုပေါင်း ဆီတန်ချိန် ၁ သိန်းကျော်ရမယ်။ ကျနော်တို့နိုင်ငံမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီက တစ်နေ့ကို ဆီဂါလန် ၃ သန်းနဲ့ ၄ သန်းအကြား သုံးတယ်။ တစ်လကို စက်သုံးဆီ ဂါလန် သန်း ၁၀၀ လောက်သုံးတယ်။ တန်ချိန်နဲ့ဆိုရင် တစ်လကို စက်သုံးဆီတန်ချိန် ၃ သိန်းခွဲနဲ့ ၅ သိန်းအကြား သုံးတယ်။

ကျနော်ပြောတဲ့ အချက်တွေက လက်တွေ့ မြေပြင်က အချက်အလက်တွေ။ အခု တင်သွင်းတယ်ဆိုတဲ့ စက်သုံးဆီ တန်ချိန် ၁ သိန်းကျော်က တစ်လစာ မရဘူး။ ဆီတန်ချိန် ၁ သိန်းကျော်ဆိုတာ ၁၀ ရက်ကျော်၊ ၁၅ ရက်စာလောက်ပဲရှိတယ်။ ဒါတောင် ချွေတာမှ”

စက်သုံးဆီ ပြတ်လပ်မှုကို အကြီးအကျယ် ကြုံတွေ့နေရတဲ့ မန္တလေးက ဒေသခံတဦးရဲ့ အသံကိုလည်း ဖော်ပြပေးလိုက်ပါတယ် – “ညက ဆီတွေအလုံလောက်ရှိပါတယ် ဆီသင်္ဘောတွေအများကြီးရောက်နေပြီ။ ကောလဟလတွေမယုံပါနဲ့ဆိုလို့အားရဝမ်းသာ မနက် ၅ နာရီခွဲထ ကောင်းဇော်ဟိန်း ကုမ္ပဏီဆိုင်သွားဝယ်တာ ဓာတ်ဆီမရှိဘူးတဲ့ ပိတ်ထားတယ်။ ဘယ်နေ့ရမလဲလည်း မပြောတတ်သေးဘူး ဆီကခွဲတန်းနဲ့ရတာတဲ့ မိတ်ဆွေတွေက လှမ်းပြောတာ သူသွားတဲ့ BOC ဆို ပိတ်တောင်ထားတယ် 360 မှာလည်းမရဘူးတဲ့ အဲ့တော့ ကျုပ်တို့က ဘယ်သူ့စကားယုံရမှာလဲ ဘယ်သူက ဘာစကားတွေပြောနေကြတာလဲ ခု ကျနော်ပြောတာမှားတယ်ဆို ကျနော်ဖမ်း။ ကျနော်မှန်တယ်ဆို မှားတဲ့သူကိုဖမ်းမလား။ ပြည်သူကိုတော့ ‌ေ-ာက်ရူးလုပ်မနေကြနဲ့ – ကျော်ကြီး(MDY)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page