ကိုယ် မသိဘဲ ကိုယ့်လက်ထဲ ငွေတုရောက်လာရင်တောင် အဖမ်းခံရနိုင်တဲ့ မြန်မာပြည်ဥပဒေ

ငွေအတုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၁ မှာ ဗဟိုဘဏ်က ထုတ်တဲ့ ငွေစက္ကူ၊ ဒင်္ဂါးပြားတွေကို အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်းမပြုဖို့နဲ့၊ ပုဒ်မ ၁၀၂ မှာတော့ အတုပြုလုပ်ခြင်း၊ အတုကိုပြည်ပကနေ သွင်းယူခြင်း ပြည်ပကိုတင်ပို့ခြင်း မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။

အဲဒီမှာ ပုဒ်မ ၁၀၁ ကိုဖောက်ဖျက်ရင် အဲဒီလူကို ငွေဒဏ် ၊ ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးလည်းချမှတ်နိုင်တယ်။ ပုဒ်မ ၁၀၂ ကိုဖောက်ဖျက်ရင်တော့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တယ်လို့ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဗဟိုဘဏ်ရဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေအရ ငွေအတုကို မသိဘဲနဲ့လည်း လက်ဝယ်ကိုင်ဆောင်မိတာ၊ သုံးစွဲမိတာမျိုးရှိခဲ့ရင်လည်း ဖမ်းဆီးအရေးယူခံရနိုင်ခြေရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် ( မရမ်းကုန်း) ကပြောပါတယ်။

“အဲဒါကတော့ ကိုယ်ကမသိကြောင်း၊ ဒါကို အတုမှန်းသိလျက်နဲ့ သုံးစွဲတာမဟုတ်ဘူး၊ လက်ဝယ်ထားတာ မဟုတ်ဘူးဆိုတာ ထုချေဖို့က စွပ်စွဲခံရသူ တရားခံဘက်က တာဝန်ကျသွားတယ်၊ ဒါမျိုးအဖမ်းခံရနိုင်တဲ့အတွက် ကိုယ်တိုင်က ငွေအတုအစစ်နဲ့ပတ်သက်ပြီး ဗဟုသုတရှိဖို့လိုပါတယ်၊ မသိဘဲနဲ့ လက်ဝယ်ထားမိရင် မိမိမှာ တာဝန်ရှိလာပါမယ်၊ ဒါပေမယ့် တာဝန်ရှိတဲ့အပေါ်မှာ လွတ်လပ်စွာချေပထုချေပိုင်ခွင့်ရှိပါတယ်” လို့ ဦးခင်ဇော် ( မရမ်းကုန်း) ကရှင်းပြပါတယ်။

၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ဝေသုံးစွဲခဲ့တဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေဟာ မြန်မာ့ငွေကြေးထဲမှာ တန်ဖိုး အမြင့်ဆုံး ဖြစ်ပါတယ်။တစ်သောင်းကျပ်တန် ငွေစက္ကူအတုတွေဟာအခုနောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်လာတာကြောင့်လည်း ပုဂ္ဂလိက ဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့ စက်တွေကို အဓိကထားပြီး ခွဲခြားလာရတယ်လို့လည်း သိရပါတယ်။

ငွေအတုအစစ်ခွဲတဲ့စက်ကတော့ ဘဏ်တွေနဲ့ လုပ်ငန်းကြီးတွေမှာပဲအများအားဖြင့်ရှိပြီး၊ သာမန်ပြည်သူတွေမှာတော့ အဲဒီလိုစက် မရှိနိုင်တဲ့ အတွက် အတု၊ အစစ် ခွဲခြားဖို့က သုံးစွဲသူတွေ အတွက် အခက်အခဲ ရှိတယ်လို့ စီဘီဘဏ်အကြံပေးဖြစ်တဲ့ ဦးဖေမြင့်ကပြောပါတယ်။

“ဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့စက်တွေရှိတော့ ဘဏ်ကိုလာအပ်တဲ့ငွေတွေထဲမှာ အတုတွေပါ လာရင်တော့ ဘဏ်ကပဲ သိမ်းထားလိုက်တာများတယ်၊ ၁ ရွက် ၂ ရွက်ဆိုရင်တော့ ရဲကိုအကြောင်းကြား မနေတော့ဘူး။ ဒါကတော့ ဗဟိုဘဏ် ညွှန်ကြားထားတဲ့အတိုင်းတော့မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ဖောက်သည် တွေ အလုပ်မရှုပ်အောင် လုပ်လိုက်တာပေါ့၊ အတုကများရင်တော့လည်း ရဲကိုဖုန်းဆက်အကြောင်းကြား ရတာပေါ့” လို့လည်း လက်တွေ့ မြေပြင်အခြေအနေကို ဦးဖေမြင့်ကထပ်မံပြောပြပါတယ်။

သာမန်ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်မှာ ကိုင်ဆောင်ထားတဲ့ ငွေစက္ကူကို အတုလို့ သံသယရှိတယ်ဆိုရင် ကိုယ်တိုင် မီးရှို့ဖျက်ဆီးတာမျိုးလုပ်ပါကလည်း အစစ်ဖြစ်နေရင် ငွေစက္ကူဖျက်ဆီးမှုနဲ့ အရေးယူခံရနိုင်တဲ့ အတွက် ဖျက်ဆီးဖို့လည်းမဖြစ်နိုင်ဘူး လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က ပြောပါတယ်။

ငွေအတုနဲ့ပတ်သက်ပြီး မသိဘဲသုံးစွဲမိရင် ဒီနိုင်ငံမှာအဖမ်းခံရနိုင်ပေမယ့် အခြားပြည်ပနိုင်ငံတချို့မှာတော့ ဒါမျိုးမရှိဘူးလို့လည်း ဦးဖေမြင့်က သူ့ရဲ့ပြည်ပနိုင်ငံတွေကိုသွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေအရပြောပြ ပါတယ်။ “အဓိက က ပြည်သူကို မနစ်နာအောင်လုပ်ပေးရမှာ၊ အခုက သုံးတဲ့သူတွေကိုပဲဖမ်းနေတာ၊ အတုလုပ်တဲ့ ဂိုဏ်းတွေ လုပ်နေတဲ့သူတွေကို ဖမ်းဆီးဖို့ လုပ်ရမှာလေ” လို့ ဦးဖေမြင့်ကပြောပါတယ်။

“တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဗဟိုဘဏ်က ထုတ်ထားတဲ့အချက်တွေကများတယ်။ သာမန်လူတွေ အနေနဲ့ တစ်သောင်းတန်ကို အတုအစစ်ခွဲဖို့ ဆိုရင် ဘေးတန်းမှာ ကြာပန်းလိုမျိုး အရှည်ပြားလေးပါတယ်၊ ကိုင်ကြည့်လိုက်တာနဲ့ ကြမ်းနေရင်အစစ်၊ ချောနေရင်အတုပဲ၊ ကျန်တာတွေစစ်ဖို့က ကြာတယ်” လို့ CB ဘဏ် အကြံပေးအရာရှိဖြစ်တဲ့ ဦးဖေမြင့်က ကျပ် တစ်သောင်းတန်ကို အလွယ်ကူဆုံးခွဲခြားနိုင်မယ့်အချက်ကို ပြောပြ ပါတယ်။

ဒါတွေ အပြင် ရေစာ၊ ဖောင်းကြွပုံနှိပ်၊ လုံခြုံရေးကြိုး စတာတွကို သာမန် မျက်စိနဲ့ စစ်ဆေးတာမျိုး၊ ငွေစက္ကူနံပါတ် အမှတ်စဉ်တွေ တူနေတာ ရှိ၊ မရှိ စစ်ကြည့်တာမျိုး နဲ့ အလင်းရောင်မှာတစ်သောင်းတန် ငွေစက္ကူကို ထောင်ကြည့်ရန် ကြာဖူးပုံ ပေါ်၊ မပေါ် စတဲ့ အချက်တွေကို စစ်ဆေးကြည့်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page