မြန်မာဖက်မှ မှောင်ခိုသွင်းလာသည့် ရွှေ ပိဿာ ၄၀ အိန္ဒိယမှာ ဖမ်းမိ (ရွှေမှောင်ခိုတွေ ကြီးထွားနေပါပြီ)

မြန်မာနိုင်ငံကနေဝင်ရောက်လာဟန်တူတဲ့ ရွှေတုံး ၃၉၄ ခု ကို အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်၊ ဒေးလီ၊ ပတ်နာမြို့တွေမှာ ထောက်လှမ်းရေးဌာနက ဖမ်းဆီးရမိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာ ၂၁ ရက်ထုတ်ပြန်ထားပါတယ်။

အဆိုပါရွှေတုံးတွေဟာ မီဇိုရမ်ပြည်နယ်ကနေ အိန္ဒိယပြည်မဘက်သို့ သယ်ဆောင်လာတာဖြစ်ပြီး အလေးချိန် ၆၅ ဒသမ ၄၆ ကီလိုဂရမ်ရှိပြီး တန်ဖိုးအားဖြင့် ရူပီးငွေ သိန်း ၃၃၄၀ ကျော်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၉ ရက်တွင် မွန်ဘိုင်မြို့မှာ ရွှေတုံး ၁၉ ကီလိုဂရမ်ကိုပထမဆုံးဖမ်းမိပြီး ယင်းကနေ ဆက်လက်စုံစမ်းရာ ကွင်းဆက်တွေ ထပ်မံဖမ်းမိသွားကြောင်းသိရတယ်။ ဒုတိယအသုတ်ကို စက်တင်ဘာ ၂၀ ရက်တွင် ပတ်နာမြို့မှာ ၂၈ ကီလိုဂရမ်အလေးချိန်ရှိတဲ့ရွှေတုံးတွေကို ဖမ်းဆီးမိပြီး ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် ဒေးလီမြို့မှာ ၁၆ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ရွှေတုံးတွေကို ဖမ်းဆီးကြကြောင်းသိရတယ်။

သီးခြားထောက်လှမ်းရေးအဖွဲ့တစ်ခုက မီဇိုရမ်ပြည်နယ်မှာ ပြည်ပမှရွှေများ ခိုးထုတ်လာတာကို စုံစမ်းသိရှိရတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံသို့ ရွှေမှောင်ခို အများဆုံး တင်သွင်းနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း အဓိက ပါဝင်နေတာ ဖြစ်ပါတယ်။

ပွဲလမ်းသဘင်ပေါတဲ့ ပွင့်လင်းရာသီ ရောက်တော့မှာ ဖြစ်တာကြောင့် အိန္ဒိယဖက်က ရွှေဝယ်လိုအား ကောင်းချိန်မှာ မြန်မာပြည်ကနေ မှောင်ခိုတင်သွင်းမှု အများအပြား ပြုလုပ်လေ့ ရှိပါတယ်။ မြန်မာ့ပြည်တွင်း ရွှေဈေးကွက်အနေနဲ့ ဈေးနှုန်း မတည်ငြိမ်ဘဲ ကမောက်ကမ ဖြစ်နေတာကြောင့် ရွှေလုပ်ငန်းရှင်တွေ အခက်တွေ့ နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page