ဒေါ်လာကိုင်ထားသူတွေ ချောက်ထဲ ကျနိုင်တဲ့ အခြေအနေနဲ့ ကားဈေးကွက် ရေစုန်မျောနိုင်မယ့် အနေအထား

အခုချိန်ထိတော့ ကျပ်ငွေတန်ဖိုးကျလို့ ဒေါ်လာစျေးတွေ တက်နေတာ သဘာဝကျနေပေမဲ့ ငွေပို ငွေလျှံရှိလို့ စီးပွါးဖြစ် ဒေါ်လာကစားရမည့် အချိန်တော့မဟုတ်ဘူး။

ဒေါ်လာဆိုတာလည်း နိုင်ငံတနိုင်ငံရဲ့ ငွေကြေးဖြစ်လို့ အဲဒီတိုင်းပြည်မှာ နိုင်ငံရေး ၊ စီးပွါးရေး တခုခု စပြိုတာနဲ့ ဒေါ်လာဟာလည်း တခြားနိုင်ငံခြား ငွေကြေးတွေလို တန်ဖိုး ထိုးကျနိုင်တယ်။ ဒီတော့ ဒေါ်လာမဝယ်ပဲ ကားဝယ်မယ်လို့ ကြံရင်လည်း ကားစျေးတွေ အဆမတန်တက်ဖို့က မလွယ်ကူတော့တဲ့ အခြေအနေမျိုး။

စက်သုံးဆီတွေ အဆမတန် တက်တာရယ်။ မြန်မာပြည်က ကားစျေးတွေဟာ ဒေါ်လာစျေးတက်သလို လိုက်တက်ပြီး သွားတာရယ်ကြောင့် ထပ်တက်ဖို့ ခက်တယ်လို့ သုံးသပ်မိခြင်းပါ။ ဒီတော့ အခု တချက်တက်ပြီး ငြိမ်တဲ့အချိန်မှာ လိုင်းပေါ်မှာ ရောင်းမည့်ကားတွေ အတော်များများ ထွက်လာကြသလို သိန်း ၅၀၀ အောက် ကားတွေ အရောင်းအဝယ်သွက်လာတယ်။

နောက်ပြီး ရန်ကုန်လို နေရာမှာ ကားကို အပြင်မှာ ထားရလို့ သူခိုးရန်က အရမ်းကြောက်စရာကောင်းလာတယ်။ ကားအကောင်းစားတွေကို ကားမှန်ခွဲပြီး ခိုးတဲ့အဆင့်ရောက်လာပြီ။ ကားမောင်းနေသူကို -ါးထောက် လုတဲ့အဆင့်ရောက်လာပြီ။

အပြင်မှာထားရင် ဘက်မှန်ခိုး၊ ဘတ္ထရီခိုး၊ ကားလိုင်နာ ၊ ကားဖုံးခိုးတဲ့အထိတွေဟာ တနေ့တခြားများလာတယ်။ ကားတန်ဖိုးတက်လာလေ အပြင်မှာထားတဲ့ ကားခိုးမှု လုယက်မှုတွေက များလာမှာမလို့ မလုံခြုံတဲ့ တိုင်းပြည်က ကားတွေဟာ အဆမတန် စျေးတက်လာဖို့ အကြောင်းမရှိတော့လို့ ကားစျေးက လက်ရှိ ဒေါ်လာစျေးနဲ့ တွက်ရင် ဂိတ်ဆုံး ရောက်နေပြီလို့ ဆိုရမယ်။

တိုက်ခန်းစျေး၊ မြေစျေးတွေကလည်း ခေါင်ခိုက်လာလို့ တဒေါ်လာ တသောင်းဖြစ်ရင်တောင် မတန်တော့တဲ့ မြေစျေး တိုက်ခန်းစျေးတွေ ဖြစ်ကုန်တယ်။ ဒီတော့ ကိုယ်ငွေရှိစုမဲ့စုလေးအတွက် လူများစုဟာ ရွှေဘက် လှည့်လာကြတဲ့သဘော။ မအလက ရွှေစျေးတွေ မတရားထိန်းချုပ်ပြီး စျေးချလာတဲ့အပေါ် အကွက်မြင်တဲ့ လူနည်းစုက ယနေ့ ဒေါ်လာ 3650၊ 3700 အချိန်မှာ ရွှေစျေး 3160000 ချထားတော့ ပျော်ပျော်ကြီး ဝယ်နေကြတာ။ ဒေါ်လာစျေးကစားရတာ အမြတ်ကြမ်းသလို စွန့်စားမှု ကြီးတော့ တနေ့တခြား ငြိမ်ငြိမ်လေးနဲ့ တက်လာမည့် ရွှေအခြေအနေကို သိကြလို့ ရွှေဝယ် ပြန်စုတဲ့သူတွေ များလာတာကို တွေ့ရတယ်။

ဒေါ်လာစျေးမတရားစွဲတင်နေပုံက ပုံမှန်အခြေအနေမရှိလို့ ယွမ်ငွေ၊ ရူဘယ်ငွေကို မြန်မာမှာ အဓိက ငွေကြေးအဖြစ် သုံးလာခဲ့ရင်တော့ ဒေါ်လာကိုင်ထားသူတွေအတွက် ချောက်ကြီးကြီးထဲ ကျနိုင်မည့်အခြေအနေ။ ဒါကြောင့် နိုင်ငံရေးအခြေအနေကိုမပြတ်စောင့်ကြည့်နိုင်မှ ပိုက်‌ေ-ာ မမိမည့်အခြေအနေမျိုး။ တကယ်သာ မြို့ပြတွေထဲမှာ ပြည်တွင်းစစ်တွေ ဖြစ်လာရင်လည်း အပြင်မှာ ရပ်ထားတဲ့ ကားတွေလည်း စစ်ကြောင့် ပျက်စီးဆုံးရှုံးဖို့က ရာနှုန်းအပြည့်ပဲ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page