ရန်ကုန် အဝေးပြေးယာဉ်စီးခ တနေ့တည်းနဲ့ ၂၅ ရာခိုင်နှုန်းမြင့်တက် (ထပ်တက်နိုင်ချေ ရှိဟုဆို)

ရန်ကုန်မြို့အခြေပြု၍ တိုင်းနှင့် ပြည်နယ်အသီးသီးကို ပြေးဆွဲနေသည့်အဝေးပြေးယာဉ်လိုင်းများ၏ ယာဉ်စီးခများကို တိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ အဝေးပြေးလိုင်းများရဲ့ ယာဉ်စီးခကို ခရီးစဉ်အလိုက် ၃၀၀၀ ကျပ်ကနေ ၄၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။

လက်ရှိတွင် မြင့်တက်လာသည့် စက်သုံးဆီဈေးနှုန်းကြောင့် ယခုလို ယာဉ်စီးခ တိုးမြှင့်ကောက်ခံ​​ခြင်းဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းများမှ သိရပါတယ်။ ဩဂုတ်လ ၂၆ ရက်မှ စတင်ပြီး ရန်ကုန်မြို့မှ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် စတင်ပြီး တိုးမြှင့်ဈေးနှုန်းများနှင့်ရောင်းချနေပြီ ဖြစ်ပါတယ်။

“တက်တာကတော့ ယာဉ်လိုင်းအကုန်တက်မှာ၊ ခရီးစဉ်နဲ့ ယာဉ်လိုင်းနဲ့ ယာဉ်အမျိုးအစားပေါ်မူတည်ပြီးတော့ အနည်းငယ်ကွာမှာပေါ့။ ယာဉ်လိုင်းကြီးတွေက ၄၀၀၀ လောက်ထိတက်မယ်။ ဥပမာ ရန်ကုန် – နေပြည်တော်ဆို အရင်က ၁၇၀၀၀ ပေါ့၊ ဒါကရိုးရိုးကားပေါ့။ ၄၀၀၀ တက်မယ့်လိုင်းဆိုရင် ၂၁၀၀၀ ဖြစ်သွားမယ်။ တချို့လိုင်းအငယ်တွေကတော့ ၂၅၀၀ တက်တဲ့လိုင်း၊ ၃၀၀၀ တက်တဲ့လိုင်းရှိတယ် ၃၅၀၀ တက်မယ့်လိုင်းရှိမယ်။ ယာဉ်လိုင်းတွေ အကုန်တက်တာ” ဟု ယာဉ်လိုင်း တာဝန်ခံတဦးက ပြောပါတယ်။

လက်ရှိ ယနေ့ စက်သုံးဆီစျေးနှုန်းများသည် ပရီမီယံဒီဇယ် ၁ လီတာလျှင် ၃၃၀၀ ကျပ်နှင့်အထက်ကိုမြင့်တက်နေပြီး ဆက်လက်မြင့်တက်လာဖွယ်ရှိသဖြင့်ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်တယ်လို့ ယာဉ်လိုင်း တာဝန်ခံတဦးက ပြောကြားပါတယ်။

စက်သုံးဆီစျေးဆက်တိုက်မြင့် တက်နေသည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်များ ဆက်လက်မြင့်တက်လာမည်ဖြစ်ပြီး အခြေခံကုန်စျေးနှုန်းများလည်း ယခုထက်ပိုမိုမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က ခန့်မှန်းသုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page