ကံတော်ကုန်ခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်အတွက် ပြုလုပ်မယ့် ဈာပန အခမ်းအနား အဆင့်ဆင့်
Operation London Bridge ဆိုတာ စစ်ဆင်ရေးတခုနာမည်မဟုတ်ပါဘူး။ ဒါဟာ အဲလစ်ဇဘက်ဘုရင်မကြီး သေဆုံးရင် လုပ်ရမယ့် အကြောင်းအရာတွေကို ဘုရင်မကြီးကိုယ်တိုင် ခေါင်းဆောင်ပြီး ရေးဆွဲထားတဲ့အစီအစဉ်တခုပါပဲ။
အခုတော့ ဘုရင်မကြီး ကံကုန်သွားပြီဖြစ်လို့ Operation London Bridge ဟာ Activate ဖြစ်သွားပါပြီ။ ဒီအစီအစဉ်ကို ၁၉၆၀ ကျော် ကာလတွေထဲက စတင်ရေးဆွဲခဲ့ပြီး နှစ်အလိုက် ပြန်လည်ပြုပြင်ခဲ့တာပါ။ ဘုရင်မကြီး ကံကုန်ရင် ဘာတွေဆက်လုပ်ရမလဲ။
အရင်ဆုံး သူမ ကံကုန်ပြီဆိုတဲ့အကြောင်းကို သူမရဲ့ ကိုယ်ရေးအတွင်းရေးမှူးက ဗြိတိန်ဝန်ကြီးချုပ်ဆီကို ဖုန်းဆက်ပြီး ပြောရပါမယ်။ သူမ မိသားစုက မပြောရပါဘူး။ ပြောရမယ့်စကားက တခွန်းထဲပါ။ “ London Bridge is down” ပါတဲ့။ နောက်ပြီးရင် ထိုသတင်းကို အစိုးရအဖွဲ့ အတွင်းရေးမှူးဆီ ထပ်မံပေးပို့ရပါမယ်။ သူကနေတဆင့် ဝန်ကြီးတွေနဲ့ ဝန်ကြီးဌာနတွေကို အသိပေးရပါမယ်။
ဒါပြီးရင်တော့ ဘုရင်မကြီး အုပ်ချုပ်တဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံကို အကြောင်းကြားရပါမယ်။ ပြီးရင် ဗြိတိသျှဓနသဟာယနိုင်ငံပေါင်း ၅၀ ကို ထပ်မံအကြောင်းကြားရပါမယ်။ ဒါပြီးရင်တော့ အစိုးရ website တွေ၊ တော်ဝင်မိသားစု ဝက်ဘ်ဆိုက်တွေရဲ့ နောက်ခံကို အမဲရောင်ပြောင်းရပါမယ်။
မီဒီယာတွေမှာတော့ ဘီဘီစီက စတင်သိရှိရမှာပါ။ ဘီဘီစီ ရဲ့ အရေးပေါ် အချက်ပေး အသံမြည်လာပါမယ်တဲ့။ အဲဒီအသံက ဘယ်လိုဆိုတာ ဘယ်သူမှ မကြားဖူးပါဘူး။ ပြီးရင် မီဒီယာသမားတွေက အနက်ရောင်အကျီတွေ ဝင်ဆင်ထားရပါမယ်။ မနေ့ညက ဘုရင်မကြီး ကံကုန်ကြောင်း မကြေညာခင်ထဲက ဘီဘီစီက သတင်းသမားတွေက အကျီအနက်ရောင်ကို ဝတ်ဆင်ထားကြပါတယ်။ ဗြိတိသျှမီဒီယာတွေက ဘုရင်မကြီးရဲ့ အကြောင်းကို ၁၀ ရက်တာ ထုတ်လွှင့်ရမှာဖြစ်ပါတယ်။
ဗြိတိန်ပါလီမန်၊ စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်က လွှတ်တော်တွေ ရပ်နားမှာဖြစ်ပါတယ်။ ပြီးရင် နိုင်ငံတော်အလံကို တဝက်လျှော့ချမှာဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ရုပ်ကလပ်ကိုတော့ ကွယ်လွန်တဲ့ နေရာအလိုက် လန်ဒန်ကို ပြန်သယ်ဖို့ စီစဉ်ထားပါတယ်။ တော်ဝင်ရထား သို့မဟုတ် လေယာဉ်နဲ့ ပြန်လည်သယ်ဆောင်ရမှာဖြစ်ပြီး ၁၀ ရက်မြောက်နေ့မှာ နိုင်ငံတော်ဈာပနကို Westminster Hall မှာ ကျင်းပမှာဖြစ်ပါတယ်။ ပြီးရင်တော့ သူမရဲ့ အဖေနဲ့ ခင်ပွန်းတို့ရဲ့ အုတ်ဂူတွေဘေးနားမှာ မြေသွင်းမြုပ်နှံမှာဖြစ်ပါတယ်။
အဲလစ်ဇဘက်ဘုရင်မကြီးဟာ ဗြိတိန်တို့ရဲ့ သက်ရှိရာဇဝင်ပါပဲ။ သူမဟာ ဆယ်ကျော်သက်ဘဝမှာထဲက နာဇီဂျာမနီတွေ လန်ဒန်ကို -ုံးလာကျဲတာ ခံခဲ့ရပါတယ်။ ဒီနောက် အမျိုးသမီးဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုတိယကမ္ဘာစစ်မှာ ပါဝင်စစ်မှုထမ်းခဲ့ပါတယ်။
ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး အုပ်စိုးသူဖြစ်ခဲ့ပြီး သူမ လက်အောက်မှာ နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ ဓနသဟာယနိုင်ငံ ၅၀ ခန့်ရှိခဲ့ပါတယ်။ သူမဟာ သူမရဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ် တာဝန်ကျေခဲ့သူဖြစ်ပြီး ဗြိတိသျှတင်မက တကမ္ဘာလုံးကပါ လေးစားရတဲ့သူဖြစ်ပါတယ်။ သူမဟာ ဗြိတိန်တို့ရဲ့ ရွှေထီးဆောင်းခဲ့တဲ့သမိုင်းကို ပြန်လည်အမှတ်ရစေမယ့် တခုထဲသော သက်ရှိလူသားလဲဖြစ်ပါတယ်။ အခုတော့ သူမ ကံကုန်ခြင်းနှင့်အတူ ဗြိတိန်တို့ရဲ့ ရွှေရောင်သမိုင်း၊ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ဖူးတဲ့ သမိုင်းတွေဟာလဲ မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်၊ ကျူးဘားဒုံးပျံအရေးအခင်း၊ စစ်အေးတိုက်ပွဲအပါအဝင် ကမ္ဘာ့အရေးအခင်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့တဲ့ ဘုရင်မကြီးကတော့ ကံကုန်သွားပါပြီ။ လူတွေ ကွယ်လွန်တဲ့အခါ သူတို့လုပ်ခဲ့တဲ့ သမိုင်းကပဲ ရှင်သန်ကျန်ရစ်ကြတာပါ။ ကောင်းတာလုပ်ခဲ့သလား ဆိုးတာလုပ်ခဲ့သလားဆိုတာကို ကွယ်လွန်တဲ့အချိန် ကျန်သူတွေ ပြောကြတဲ့စကားတွေကပဲ ဆုံးဖြတ်ရပါတယ်။ ဘယ်လောက်ချမ်းသာသာ သြဇာအာဏာရှိရှိ လောကဓံကိုတော့ ကျော်လွန်လို့ မရနိုင်ပါဘူး။ ဗြိတိန်တို့ရဲ့ သက်ရှိသမိုင်းဝင်မြစ်တစင်းကတော့ ခြောက်ခမ်းသွားခဲ့ပါပြီ။ Rest In Peace. (Nay Thway)