မြန်မာ့သမိုင်းတွင် ကြက်ဥဈေး အမြင့်ဆုံးသို့ ရောက်ရှိ (ငွေတထောင်နဲ့ ကြက်ဥ ဘယ်နှလုံး ရမလဲ)

ကြက်အစာစျေးနှုန်းမြင့်မားလာမှုကြောင့်ဟု ဆိုကာ အခြေခံစားသောက်ကုန်တစ်ခုဖြစ်တဲ့ ကြက်ဥစျေးနှုန်းများမြင့်တက်လျက်ရှိနေပြီး စျေးကွက် အတွင်း ကြက်ဥတစ်လုံးလျှင် ကျပ် ၂၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။

“သူက ဒိုင်ကနေ ယူရတဲ့စျေးကိုက တက်တာပေါ့။ တစ်လုံးကို ဒိုင်စျေးတင် ၁၆၀ လောက်ယူရတယ်၊ အဲ့ဒီတော့ ကားခနဲ့ ဘာနဲ့ဆိုရင် ၂၀၀ လောက်နဲ့မှ ပြန် မရောင်းရင် မကိုက်ဘူးလေ။ အခုဆို တစ်ထောင်ဖိုးဆို ၅ လုံးပဲရတော့မယ့် သဘောပေါ့။ ဘဲဥ ဆိုရင် ၂၅၀ ၊ ၂၈၀လောက်ရောင်းမှ ကိုက်တယ်။ ကြက်အစာစျေး တက်တယ်လို့ သူတို့ကပြောတယ်။ ကြက်ဥတစ်လုံး ၂၀၀ ဆိုတော့လဲ စားသုံးသူ ဝယ်တဲ့သူတွေက ဝယ်ရမှာ နည်းနည်း တွန့်တာပေါ့နော်။”လို့ ရန်ကုန်မြို့ ရှိ ကြက်ဥ၊ ဘဲဥ လက်လီ/လက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။

ယခင်က ငွေကျပ် ၁၀၀၀ ဖိုး ဝယ်ယူပါက ကြက်ဥ ၇ လုံးအထိ ရရှိသော်လည်း ယခုအခါတွင် ငွေကျပ် ၁၀၀၀ ဖိုး ဝယ်ယူပါက ကြက်ဥ ၅ လုံးသာ ရရှိတော့ကြောင်း စားသုံးသူများက ပြောပါတယ်။

“ကြက်ဥစျေးက အသားစျေး နီးပါးလောက်ကို ဖြစ်နေတာပေါ့။ တစ်လုံး ၁၅၀ လောက်ဆို ဝယ်စားနိုင်သေးတယ်။ အခုက ကြက်ဥ တစ်လုံး ၂၀၀ ဆိုတော့ မိသားစုများရင် ကြက်ဥဝယ်စားရတာလဲ သိပ်မကိုက်တော့ဘူးလေ။”လို့ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းမှာ နေထိုင်သူ ပြည်သူတစ်ဦး ဆိုပါတယ်။

ကိုဗစ် တတိယလှိုင်းဖြစ်စဉ်ကာလအတွင်းမှာလည်း အခြေခံစားသောက်ကုန်တစ်ခုဖြစ်တဲ့ ကြက်ဥ၊ ဘဲဥ များစျေးကွက်တွင် ပြတ်လပ်သည်အထိ ဖြစ်ခဲ့ပြီး ဝယ်ယူလို့မရတာမျိုးတွေ ရှိခဲ့သလို စျေးနှုန်းအားဖြင့် မြင့်မားမှုတွေလဲ အဆိုပါကာလမှာရှိခဲ့တာပါ။

“တစ်ခါတစ်လေ လည်း ပစ္စည်းပြတ်သွားတာတွေရှိတယ်။ ရှေ့လတုန်းကဆို စျေးနှုန်းတွေ တအားတက်လို့ အရောင်းရပ်လိုက်ရတာတွေလည်းရှိခဲ့ပါတယ်။ ကျနော်တို့က ဒိုင်စျေးကျရင်တော့ ပြန်ချပြီးရောင်းပေးမှာပါ။ အခုကတော့ ၂၀၀ မှ မရောင်းရင် ဘယ်လိုမှ မကိုက်တဲ့ အနေအထားပါ။”လို့ ၄င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က ကြက်ဥတလုံး ၇၀ ကျပ် ခန့်သာ ရှိခဲ့ရာမှ ယခုအခါတွင် ကြက်ဥတစ်လုံး ကျပ် ၂၀၀ အထိ စျေးနှုန်းမြင့်တက်လာခဲ့ဖြစ်တယ်လို့ ကုန်စည်ဒိုင် စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

ထို့ပြင် မြန်မာနိုင်ငံသားတွေ မနက်တိုင်း စားနေကြတဲ့ မုန့်ဟင်းခါးလည်း အလွတ်တပွဲကို ငွေကျပ် တထောင်ဝန်းကျင် ဖြစ်နေကြောင်း သိရပါတယ်။ ဈေးထဲက လက်ရာမကောင်းတဲ့ ဆိုင်က မုန့်ဟင်းခါးတောင် ၇၀၀ ဖြစ်နေကြောင်း၊ လက်ဖက်ရည်ဆိုင်ကြီးတွေမှာတော့ တပွဲ ၁၀၀၀ ဖြစ်နေကြောင်း၊ အကြော်နဲ့ဆို တပွဲ ၁၂၀၀ ဖြစ်နေတယ်လို့ လက်ဖက်ရည်ဆိုင် ပုံမှန်ထိုင်သူ ပြည်သူတဦးက ပြောပါတယ်။

စားဆီဈေးတွေ တက်လာတာကြောင့် မုန့်ဟင်းခါးတပွဲကို ယခင်လို ၅၀၀ နီးပါးနဲ့ လုံးဝ မရောင်းနိုင်တော့ကြောင်း၊ ငါးဈေးအပါအဝင် အထွေထွေစရိတ်များ တက်လာတာကြောင့် အားလုံး ဈေးတက်ပြီး ရောင်းရတာ ဖြစ်တယ်လို့ မုန့်ဟင်းခါးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။ လက်ရှိအချိန်မှာ အထွေထွေ ကုန်ဈေးနှုန်းတွေ မြင့်တက်လာလျက်ရှိပြီး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ အသားငါး ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေလည်း တနေ့ထက် တနေ့ မြင့်တက်လာတယ်လို့ သိရပါတယ်။

အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေကျဆင်းမှုတွေကို ခံနေရတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ စားဝတ်နေရေး စရိတ် မြင့်မားလာမှုကြောင့် ခက်ခဲကျပ်တည်းမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page