ရုရှားနိုင်ငံသားတွေ အလုံးအရင်းနဲ့ မြန်မာပြည်လာတော့မယ့်လို့ စကစ ဝန်ကြီးပြော
ရုရှားနိုင်ငံသားတွေ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကို အလုံးအရင်းနဲ့ လာရောက်လည်ပတ်တော့မှာဖြစ်ပြီး မြန်မာပြည်ကို အထူးကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ရုရှားသံအမတ်ကြီးက ပြောလိုက်ပါတယ်။
စကစက ပြုလုပ်တဲ့ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း ဖွင့်ပွဲနဲ့ ရုရှားဘာသာစကားသင်တန်းဆင်းပွဲအခမ်းအနားမှာ ရုရှားသံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ရုရှားနိုင်ငံသားတွေလာရောက်လည်ပတ်တဲ့အခါ အဆင်ပြေစေဖို့ ခရီးသွားလုပ်ငန်းကဏ္ဍကဝန်ထမ်းတွေကို ရုရှားစကားတွေ သင်ကြားပေးနေတာလို့ သိရပါတယ်။
ရုရှားသံအမတ်ကြီးက ရုရှားနဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကိုတည်ဆောက်ထားတာဖြစ်ပြီး လာမယ့်နှစ်က ၇၅ နှစ်မြောက် စိန်ရတုနှစ်ဖြစ်သလို ရုရှားနိုင်ငံသားတွေဟာလည်း မကြာမီ မြန်မာရဲ့ အထင်ကရနေရာတွေကို လာရောက်လည်ပတ်မှာဖြစ်ကာ မြန်မာကို အထူးကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်သလို နှစ်နိုင်ငံခရီးသွားလုပ်ငန်းတွေ ဆတက်ထမ်းပိုးဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စကစ လက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကလည်း မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်မှုနဲ့အတူ ခရီးသွားလုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး လက်ရှိနိုင်ငံတော်က ရုရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင် ရှစ်နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့အတွက်ကြောင့် အခုပွင့်လင်းရာသီကစပြီး ခရီးသွားလုပ်ငန်းတွေ ပုံမှန်လည်ပတ်လာချိန် ဟိုတယ်နဲ့ ဆက်စပ်လုပ်ငန်းတွေပါ အကျိုးဖြစ်ထွန်းမှုတွေ ရှိလာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာလေကြောင်းလိုင်းတွေကို ဖွင့်လှစ်ပေးခဲ့ပြီး စီးပွားရေးနဲ့ အလည်အပတ် ဗီဇာတွေ ခွင့်ပြုပေးခဲ့တဲ့အတွက် နိုင်ငံပေါင်း ၇၉ နိုင်ငံမှ နိုင်ငံတကာခရီးသွားတွေ ဝင်ရောက်နေပြီဖြစ်တယ်လို့ စကစ လက်အောက်ခံ ဟိုတယ်/ခရီး ဝန်ကြီးက ပြောပြပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ပြည်ပခရီးသွားဝင်ရောက်မှုဟာ သိသိသာသာ ကျဆင်းနေပြီး မြန်မာနိုင်ငံဟာ ခရီးသွားတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံ စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။