နှစ်ရက် အကျပြထားတဲ့ စက်သုံးဆီ ဈေးနှုန်း စံချိန်တင် မြင့်တက် (မနက်ဖြန်လည်း ထပ်တက်ပါဦးမယ်)
စကစရဲ့ ထိန်းချုပ်ကန့်သတ်မှုများကြောင့် နှစ်ရက်ခန့် ဈေးနှုန်းအကျဘက် ပြခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာလျက် ရှိတယ်လို့ သိရပါတယ်။
ယနေ့ (ဩဂုတ် ၂၀ ရက်) တွင် ရန်ကုန်ဈေးကွက်၌ 92 တလီတာလျှင် ကျပ် ၂၄၀၀၊ ကျိုင်းတုံမြို့တွင် ကျပ် ၂၉၃၀ ထိ ရှိနေပြီး 95 တလီတာလျှင် ရန်ကုန်၌ ကျပ် ၂၄၉၀ နှင့် ကျိုင်းတုံ၌ ကျပ် ၂၉၉၅ ထိ မြင့်တက်လျက် ရှိပါတယ်။
ပြည်တွင်း စက်သုံးဆီ အဆမတန်ဈေးတက်ပြီး ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် စစ်ကောင်စီက စက်သုံးဆီဖြန့်ဖြူးရေးနှင့် လုပ်ငန်းရှင်များအပေါ် ဖိအားပေးထိန်းချုပ်မှုကြောင့် ဩဂုတ် ၁၇၊ ၁၈ ရက်များတွင် ဈေးအနည်းငယ် ပြန်ကျခဲ့သော်လည်း ယမန်နေ့မှစတင်ကာ ဈေးပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ဂါလံ ၁၃ သိန်းလောက် ဆီချနေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက မီဒီယာတွေကို အသိပေးပြောကြားခဲ့သလို ကမ္ဘာတစ်ဝန်းလုံး စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ကျွန်တော်တို့လည်း သွားပြီး ထိန်းချုပ်လို့ မရပါဘူး လို့ ဆိုခဲ့ပါတယ်။
ထိုသို့ ပြောကြားခဲ့ပေမယ့်လည်း မြေပြင်မှာတော့ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေရုံသာမက ပြတ်လပ်မှုပါ ဖြစ်ပေါ်နေသောကြောင့် စက်သုံးဆီ မှောင်ခိုဈေးကွက်ကြီးပါ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။