မြန်မာ့စီးပွားရေး ပြိုလဲမှုကြောင့် အကြီးအကျယ်ထိခိုက်မယ့် ဖရဲ၊ သခွားဈေးကွက်

ငွေကြေးနှင့်ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲတွေကြောင့် လာမယ့်ဖရဲ၊ သခွားရာသီအစမှာ ကုန်သွယ်မှု အခက်အခဲ ကြုံတွေ့လာနိုင်တယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။ လက်ရှိမှာ မိုးဖရဲ အနည်းငယ်ထွက်ရှိလာနေပြီး လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာ ဒေသစုံက ဖရဲသီးတွေ လှိုင်လှိုင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

ဖရဲသီး၊ သခွားမွှေးတွေကို တရုတ်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး တန်ချိန် ၆ သိန်းကျော်အထိ တင်ပို့ရောင်းချမှုရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ ကုန်သွယ်ရေးလမ်းကြောင်း အဆင်မပြေမှုတွေကြောင့် တင်ပို့မှုပမာဏ ကျဆင်းခဲ့ပြီး ဒီနှစ်မှာလည်း လက်ရှိ ကြုံတွေ့နေရတဲ့ ကုန်သွယ်မှုအခြေအနေတွေကြောင့် တင်ပို့မှုပမာဏ ဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

ဖရဲ၊ သခွားရာသီချိန်ဟာ မကြာခင် ပြန်လည်စတင်တော့မှာဖြစ်ပေမယ့် ဖရဲသီး၊ သခွားမွှေးတွေ အဓိကတင်ပို့နေတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ ကြိုတင်ခန့်မှန်းလို့ မရဖြစ်နေပါတယ်။ လက်ရှိ တရုတ်ဘက်က ကိုဗစ်ရောဂါကာကွယ် တားဆီးမှုတွေကို အရှိန်မြှင့်တင်ဆောင်ရွက်နေပေမယ့် ကုန်သွယ်ရေးလုပ်ငန်းစဉ်အပေါ် ဖြေလျှော့မှုတွေ ပေးလာနေပါတယ်။

ဒါပေမယ့် မြန်မာဘက်က ပြောင်းလဲလိုက်တဲ့ငွေကြေးနဲ့ ကုန်သွယ်ရေးမူဝါဒတွေက မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိနေပြီး ကုန်သွယ်မှုတွေကလည်း အဆင်ပြေချောမွေ့ မှု မရှိဘူးလို့ သိရပါ တယ်။ ဒီအခြေအနေဟာ မကြာခင် စတင်တော့မယ့် ဖရဲ၊ သခွားရာသီချိန်အထိ ဖြစ်နေရင် သစ်သီးဝလံ ပို့ကုန်တွေအပေါ် ထိခိုက်လာနိုင်တယ်လို့ သုံးသပ်ထားကြတာပါ။

ဒေါ်လာဈေး မတည်ငြိမ်မှု၊ စိုက်ပျိုးရေး အထွေထွေစရိတ်များ အဆမတန် ကြီးမြင့်မှုတွေကြောင့် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကို အကြီးအကျယ် ထိခိုက်လျက် ရှိပြီး သီးနှံပေါ်ချိန်မှာ ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် တောင်သူများ အထိနာနိုင်ပြီး ပေါက်ဖော်တွေ အမြတ်ထွက်နိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page